ylliX - Online Advertising Network
သိမ်းပိုက်ထိန်းချုပ်မြို့ ၈၇ မြို့၊ နယ်မြေအလိုက် ထုတ်ထားတဲ့ စစ်မိန့်တွေ

သိမ်းပိုက်ထိန်းချုပ်မြို့ ၈၇ မြို့၊ နယ်မြေအလိုက် ထုတ်ထားတဲ့ စစ်မိန့်တွေ


(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၄⁨⁨⁨⁨⁨⁨

သိမ်းပိုက်ထိန်းချုပ်မြို့ ၈၇ မြို့၊ နယ်မြေအလိုက် ထုတ်ထားတဲ့ စစ်မိန့်တွေ

တော်လှန် ရေးတပ် တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ ၈၇ မြို့ရှိပြီလို့ သတင်းများက ဆိုကြပါတယ်။  People’s Spring က ယနေ့သတင်းမှာ  အာရက္ခတပ်တော်(AA)က ရခိုင်ပြည်နယ်က ကျိန္တလီမြို့ကို သိမ်းပိုက်ထားတယ်လို့ နိုဝင်ဘာ ၁၄ ရက် မနက်အ စောပိုင်းက ထုတ်ပြန်တဲ့ “အာရက္ခ နှင့် ပလက်ဝဒေသစစ်ဆင်ရေး (၁) နှစ်ပြည့် သတင်းထုတ်ပြန်ချက်”မှာ ဖော်ပြထားပါတယ်လို့ ရေးပါတယ်။  လတ်တ လော ကချင်ပြည်နယ်ဘက်မှာ နောက်ဆုံးမြို့ဆိုရင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြန်မာ-တရုတ်နယ်စပ်က မြို့ငယ် လေးဖြစ်တဲ့ ဖီမော်မြို့ကို နိုဝင်ဘာ ၂ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် AAက အမ်း၊ မောင် တော၊ ဂွ၊ တောင်ကုတ်မြို့ တွေက စစ်တပ်လက်ကျန်စခန်းတွေ၊ တပ်ရင်း ဌာနချုပ် တွေကို  ဦးတည်တိုက်ခိုက်နေတဲ့ သတင်းတွေ ဖတ်ရပါတယ်။ PDF တွေက အင်းတော်မြို့၊ ချင်းညီနောင်ပူးပေါင်းတပ်တွေနဲ့ မင်းတပ် CDF တို့က မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲ တွေဆင်နွှဲ နေပါတယ်။ ယခင်အပတ်ကတော့ ပုလဲမြို့သိမ်းစစ်ဆင်ရေးကို BNRA က ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဆင်နွှဲခဲ့ပေမယ့် ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တောင်ပိုင်းမှာလည်း KNU ၏ တပ်မဟာအလိုက် စစ်စခန်းတွေ မြို့ရွာတွေကို ဝိုင်းပတ် တိုက်ခိုက်နေတာကိုလည်း သတင်းတွေမှာ ဖတ်နေရတာ ဖြစ်ပါတယ်။

နယ်မြေအမြောက်အမြား လက်လွှတ်ထားရတဲ့ ကရင်နီဒေသမှာ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ဖို့ အင်အားအမြောက်အမြား ဖြည့်တင်းနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။ ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် လမ်းကြောင်းပေါ်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို အဓိက အင်အားဖြည့်နေပြီး နောက်ထပ်လမ်းကြောင်းတစ်ခုဖြစ်တဲ့ လွိုင်ကော်ကနေ ဘောလခဲ – ဖားဆောင်းလမ်းကြောင်းကနေ ပြန်လည်စစ်ကြောင်းထိုး အင်အားဖြည့်မယ့်သဘောကို တွေ့ရှိရကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဆိုပါတယ်။

အဲသည်ထဲမှာ စစ်ရေးအပြင် တော်လှန်ရေးတပ်များ အဖွဲ့များအတွင်း ထိန်းချုပ်ရေး စိုးမိုးရေးအတွက် ဒေသအလိုက် တသမတ်တည်းမဟုတ်တဲ့ လုံခြုံရေဆိုင်ရာ နည်းနာများ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ထားတာကိုလည်း ဆိုရှယ်မီဒီယာများကနေ ဖတ်ရှုရပါတယ်။ အထူးသဖြင် အညာဒေသကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေ၊ NUG လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ ပသုံးလုံးအဖွဲ့တွေ လှုပ်ရှားနေကြတာ ထိန်းချုပ်နေကြတာအပြင် အခြားစစ်ဒေသတွေကနေ BPLA လို တော်လှန်ရေးအဖွဲ့အစည်းတွေ လာရောက် အခြေစိုက်မယ်ဆိုတဲ့ ပြောကြားချက်တွေအပြီးမှာ တုံ့ပြန်မှုမျိုးစုံကို တွေ့ရတာ ဖြစ်ပါတယ်။

အတည်မပြုနိုင်သေးတဲ့ ထုတ်ပြန်ချက် ၂ ခုမှာ – တခုက မကွေးတိုင်း၊ ပေါက်မြို့နယ် ပကဖတာဝန်ခံ၏ ထုတ်ပြန်ချက်မှာ – NUG ၏ လက်အောက်တွင် မရှိသော သီးခြားလက်နက်ကိုင်အဖွဲ့အစည်းများ ၎င်းတို့နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေကြောင်း၊ သို့သော် ဒေသ၏ အုပ်ချုပ်ရေးနဲ့ အထွေထွေကိစ္စရပ်များကို ဝင်ရောက် မစွက်ဖက်စေလိုကြောင်း၊ ပြုလုပ်ပါက မည်သည့်မိတ်ဖက်အဖွဲ့ကိုမဆို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ သတိပေးစာ ထုတ်ပြန်ထားတာ တခုကို တွေ့ရပါတယ်။

နောက် ထုတ်ပြန်ချက်တခုကတော့ – မကွေးတိုင်း၊ မြိုင်မြို့နယ် ပကဖတာဝန်ခံ၏ အလားတူ ထုတ်ပြန်ချက် ဖြစ်ပါတယ်။ မြို့နယ်အတွင်း မည်သည့်အဖွဲ့အစည်းမဆို လက်နက်ကိုင်သွားလာခြင်းကို ကန့်သတ်ခြင်း၊ စစ်ဆေးခြင်း မခံယူပါက ပစ်ခတ်တိုက်ခိုက်ခြင်း ပြုရန် နဲ့ ဖြတ်သန်းရာ လမ်းပိုင်းများကို မိုင်းခွဲဖျက်ဆီးပစ်ရန် ဆိုတဲ့ ထုတ်ပြန်ချက်ကို ဖတ်ရှုရတာ ဖြစ်ပါတယ်။

အညာဒေသက ဒေသခံ အဖွဲ့အစည်းအလိုက် ထုတ်ပြန်တာမို့ ထူးခြားတယ်လို့ ဆိုနိုင်ပေမယ့် အခြားတိုင်းရင်းသားဒေသတွေမှာ ချင်း၊ ကရင်နီ နဲ့ ကရင်တပ်မဟာဒေသတွေမှာလည်း ဒေသခံအဖွဲ့အလိုက်တွေအပြင်၊  အဖွဲ့စုံ တာဝန်ခံထားတဲ့ ဗဟိုအဖွဲ့အစည်းအလိုက် နားလည်မှုတွေ ဆက်ဆံရေးတွေ တည်ဆောက်ခဲ့ရတဲ့ အတွေ့အကြုံတွေကို PDF တွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ လိုကယ်အဖွဲ့တွေကိုယ်တိုင် ရှိထားပြီး ဖြစ်တယ်လို့ စစ်အကဲခတ်အချို့က မှတ်ချက်ပေးပါတယ်။ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားသွားလာနေတဲ့ တိုင်းရင်းသားနယ်မြေတွေက ဒါတွေကို ကျင့်သားရနေပြီးဖြစ်ပေမယ့် ဗမာတွေ အများစု နေထိုင်ကြတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးဒေသတွေမှာ သည်လို စုဖွဲ့မှုမျိုးစုံနဲ့ လှုပ်ရှားသွားလာပုံတွေကို တဖြည်းဖြည်း ပိုပြီး မြင်ကြရလိမ့်မယ်လို့လဲ ဆိုပါတယ်။ အဲသည်ကနေ ထွက်ပေါ်လာတဲ့ ပဋိပက္ခတွေအပြင် ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်လည်ထိန်းညှိမှုတွေလည်း တွေ့ရမယ်လို့ ခန့်မှန်းကြပါတယ်။

သည်ကနေ့မှာ အခြားမှတ်သားစရာ သတင်းတခုအနေနဲ့ကတော့ – စစ်ကောင်စီဟာ စစ်လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေအပြင် လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ တပ်ဆင်လာလိမ့်မယ်လို့ သတင်းတွေကနေ ဆိုလာကြတာ ဖြစ်ပါတယ်။ 

သတင်းတွေက ရေးတဲ့ဆီမှာ – စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ပြည်က ဒရုန်းထုတ်လုပ်ရေးစက်ရုံတွေကို သွားတဲ့အကြောင်း၊ စိုက်ပျိုးရေးနဲ့ လူမှုကယ်ဆယ်ရေးအတွက် ဒရုန်းများကို ဝယ်ယူမယ့်အကြောင်း ဆိုထားပေမယ့် စစ်ကောင်စီ၏ ကပစ ဆိုတဲ့ စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံတွေကနေ ပြုပြင်ပြီးတော့ တိုက်ခိုက်ရေးဒရုန်းတွေအထိ သုံးစွဲဖို့ ရည်ရွယ်ချက် ရှိတယ်လို့လည်း ခန့်မှန်းပြောဆိုချက်တွေ ရှိတာ ဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်အစိုးရ၏ နွေဦးတော်လှန်ရေးအပေါ်  ထားရှိတဲ့ သဘောထားနဲ့ ပတ်သက်မှုတွေ၊ စစ်ကောင်စီနဲ့ ဆက်ဆံရေးထူထောင်ပြီး စွက်ဖက်လာမှုတွေကို ထင်ထင်ရှားရှား တွေ့လာနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ မြန်မာနွေဦးတော်လှန်ရေးမှာ စစ်ရေးက ရှေ့ကနေပြီး အဆုံးအဖြတ်ပေးမယ်လို့ ခံယူချက်တွေ၊ သဘောထားတွေ ရှိကြပေမယ့် အခုလို အိမ်နီးချင်းနိုင်ငံကြီးတနိုင်ငံက စစ်ကောင်စီဘက်က မဲတင်းပေးနေတာမျိုးကိုတော့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းတွေက နိုင်ငံရေးနည်းလမ်းများနဲ့ တုံ့ပြန်ကြဖို့သာ စဉ်းစားရွေးချယ်ကြရလိမ့်မယ်လို့ ထင်မြင်မိပါတယ်။ အညာနဲ့ အခြားဒေသတွေက ဒေသတွင်း ပဋိပက္ခတွေကို မိမိတို့အချင်းချင်း ဆွေးနွေးအဖြေရှာနိုင်ကြသလိုမျိုး အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကိုလည်း ဆွေးနွေးမှုကနေ မိမိတို့အမြင်သဘောထားကို ထိရောက်အောင် ထုတ်ဖော်ပြသဖို့ လိုလိမ့်မယ်လို့ ဆိုချင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *