The Standard
အောက်တိုဘာလအတွင်း တရုတ်၏ စက်မှုကုန်ထုတ်လုပ်မှု ကျဆင်းခဲ့ပြီး အကျပ်အတည်းဆိုက်နေသော အိမ်၊ ခြံ၊ မြေကဏ္ဍတွင် ဝယ်ယူမှုမြင့်တက်လာသော်လည်း အလှည့်အပြောင်းအဖြစ် သတ်မှတ်ရန် စောလွန်းသေးသောကြောင့် တရုတ်အစိုးရအနေဖြင့် စီးပွားရေး ပြန်လည်နာလန်ထူရေး အစီအမံများချမှတ်ရန် ဖိအားများ ဆက်လက်ကြုံတွေ့နေရသည်။
တရုတ်ထုတ်ကုန်များကို အခွန်တိုးမြှင့်ကောက်ခံမည်ဟု ကတိပြုထားပြီး တရုတ်ဆန့်ကျင်ရေးသမားကို အစိုးရအဖွဲ့ဝင်အဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်းထားသည့် ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်သို့ ပြန်လာရန် ပြင်ဆင်နေသောကြောင့် တရုတ်မူဝါဒချမှတ်သူများမှာ ဖိအားသစ်များနှင့် ကြုံတွေ့နေရသည်။
တရုတ်နိုင်ငံတော်စာရင်းအင်းဗျူရို(NBS)၏ နိုဝင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်များအရ အောက်တိုဘာလအတွင်း စက်မှုကုန်ထုတ်လုပ်မှုသည် ယမန်နှစ်ကထက် ၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သော်လည်း စက်တင်ဘာတွင် ထုတ်လုပ်နိုင်ခဲ့သည့် ၅ ဒသမ ၄ ရာခိုင်နှုန်းအောက် လျော့ကျသွားခဲ့ကာ ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ရန် လျာထားချက် ပြည့်မီခဲ့ခြင်း မရှိကြောင်း Reuters စစ်တမ်းတခုတွင် ဖော်ပြထားသည်။
သို့သော် စားသုံးမှု ညွှန်းကိန်းတခုဖြစ်သည့် လက်လီရောင်းအားသည် စက်တင်ဘာလတွင် ၃ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ အောက်တိုဘာလတွင် ၄ ဒသမ ၈ ရာခိုင်နှုန်းအထိ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး ဖေဖော်ဝါရီလနောက်ပိုင်း တိုးတက်မှု အမြန်ဆုံး ဖြစ်ခဲ့သည်။
သီတင်းတပတ်ကြာ အားလပ်ရက်နှင့် အောက်တိုဘာ ၁၄ ရက်တွင် စတင်ခဲ့သည့် Singles’ Day ဈေးဝယ်ပွဲတော်တို့သည် လက်လီရောင်းအား တိုးတက်မှုကို အထောက်အကူ ဖြစ်ခဲ့သည်။ အဆိုပါ ပွဲတော်ကို ယမန်နှစ်ကထက်ရက် ၁၀ ရက်စော၍ ကျင်းပခဲ့သည်။ ၎င်းပွဲတော်အတွင်း အွန်လိုင်းမှတဆင့် ရောင်းအားသည် ၂၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၁ ဒသမ ၄၄ ထရီလီယံအထိ ရရှိခဲ့သည်။
ခန့်မှန်းထားသည်ထက် ဝယ်လိုအားပိုကောင်းခဲ့သောကြောင့် တရုတ်စီးပွားရေးသည် စတုတ္ထသုံးလပတ် အစတွင် တိုးတက်လာခဲ့ကြောင်း Capital Economists မှ တရုတ်စီးပွားရေးပညာရှင် စီချွမ်ဟွမ်က ပြောကြားခဲ့သည်။
“ငွေကြေးသုံးစွဲမှု ပိုမြန်မယ်ဆိုရင် လာမည့်လတွေမှာ တိုးတက်မှုသံသရာကို ဆက်ပြီး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ရှေ့အလားအလာဟာ ထရမ့် အနိုင်ရသွားတာရဲ့ လောင်းရိပ်မိနေပါတယ်” လို့ ၎င်းက ဆက်ပြောခဲ့သည်။
စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စီးပွားရေးလည်ပတ်မှု အပြောင်းအလဲများသည် ယခုနှစ်အတွင်း စီးပွားရေးတိုးတက်မှု ၅ ရာခိုင်နှုန်းနီးပါးရရှိရေး မျှော်မှန်းချက် ပြည့်မီရန် တရုတ်၏ ယုံကြည်မှုကို ပိုမိုခိုင်မာလာစေခဲ့သည်ဟု ၎င်းက ဆိုသည်။ သို့သော် စက်တင်ဘာလတွင် ဖော်ဆောင်ခဲ့သည့် မူဝါဒရေးရာပံ့ပိုးမှုများသည် စီးပွားရေးနာလန်ထမှုကို ခိုင်မာစေရန် လုံလုံလောက်လောက် အထောက်အကူပေးနိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် စောသေးကြောင်း စီးပွားရေးပညာရှင်အချို့က ပြောကြားခဲ့သည်။
ကုန်သွယ်မှုအစီအစဉ် ချမှတ်ထားသည်မှာ လအနည်းငယ်ကြာပြီဖြစ်သောကြောင့် ဝယ်ယူစားသုံးမှုအပေါ် တိုးတက်ရေးမြှင့်တင်မှု အစီအစဉ်များ၏အကျိုးဆက်များ အရာထင်သင့်ပြီဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အလွတ်တန်း စီးပွားရေးပညာရှင် ဒန်ဝမ်က ပြောကြားခဲ့သည်။
အိမ်ခြံမြေ အရောင်းမြှင့်တင်ရေးအပါအဝင် မကြာသေးမီက ဆောင်ရွက်ခဲ့သည့် အခြားသော မြှင့်တင်ရေး အစီအမံများသည် အရာမထင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
လူသုံးကုန်ပစ္စည်း အရောင်းမြှင့်တင်ရေး အစီအစဉ်ကြောင့် အောက်တိုဘာလတွင် အိမ်သုံးပစ္စည်း ရောင်းအား ၃၉ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း နိုင်ငံတော်စာရင်းအင်းဗျူရို(NBS)က ထုတ်ပြန်ထားသည်။
ထရမ့်နှင့် မပြေလည်မှုများကြောင့် ယွမ်ငွေတန်ဖိုး ကျဆင်းနေချိန် တရုတ်စတော့ရှယ်ယာများလည်း ကျဆင်းသွားခဲ့သည်။
“အိမ်၊ ခြံ၊ မြေ ကဏ္ဍသည် ဆက်လက်အားနည်းနေသေးကြောင်း ANZ မှ အကြီးတန်း တရုတ်မဟာဗျူဟာမှူး ရှင်းကျောက်ဖေးက ပြောကြားခဲ့သည်။ ထို့ပြင် အိမ်၊ ခြံ၊ မြေ ရင်းနှီးမြှုပ်နှံမှု၊ ရောင်းအားနှင့် ဈေးနှုန်းများ သိသိသာသာ တိုးတက်လာခြင်း မရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အိမ်၊ ခြံ၊ မြေ ရင်းနှီးမြှုပ်နှံမှု အနည်းငယ် ကျဆင်းခဲ့သည်။ သို့သော် ရောင်းအားသည် အဆိုပါ ကျဆင်းမှုကို ကျဉ်းမြောင်းစေခဲ့ပြီး စီးပွားရေး ပြန်လည်နာလန်ထမှု ခိုင်မာစေရန် အချိန်ယူရဦးမည် ဖြစ်သော်လည်း အကျပ်ရိုက်နေသည့် အိမ်၊ ခြံ၊ မြေ ကဏ္ဍ ပြန်လည်အသက်ဝင်စပြုလာပြီဖြစ်ကြောင်း ပြသနေသည်။
အလွှာအလိုက် အိမ်၊ ခြံ၊ မြေ ရောင်းအားသည် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း တနှစ်ထက်တနှစ် ၁၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ၁၇ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းမှုထက် နှေးကွေးခဲ့သည်။ တရုတ်အာဏာပိုင်များသည် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ခွန်ဆိုင်ရာ မက်လုံးပေး ဆွဲဆောင်မှု အစီအစဉ်များကို နိုဝင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါလုပ်ရပ်သည် အိမ်၊ ခြံ၊ မြေ ဈေးကွက် ပိုမိုတည်ငြိမ်စေလိုသည့် တရုတ်အစိုးရ၏ သန္နိဋ္ဌာန်ကို ဖော်ပြနေသည်။
ပြီးခဲ့သည့်သတင်းပတ်က ရွေးကောက်ပွဲ၌ ထရမ့်အနိုင်ရခဲ့သောကြောင့် တရုတ်နိုင်ငံတွင် စိုးရိမ်မှုများ ပေါ်ပေါက်လာခဲ့သည်။ ရွေးကောက်ခံသမ္မတ ထရမ့်သည် တရုတ်သွင်းကုန်များကို အခွန် ၆၀ ရာခိုင်နှုန်းနှင့်အထက် ကောက်ယူမည်ဟု ခြိမ်းခြောက်ထားသောကြောင့် စီးပွားရေး မရေရာမှုများ ကာလရှည် ဖြစ်ပေါ်လာနိုင်ပြီး အချိန်ကြာမြင့်စွာ စောင့်စားခဲ့ရသည့် စီးပွားရေး ပြန်လည်နာလန်ထရေးကို ထပ်မံ နှောင့်နှေးစေနိုင်သည်။
ဒေါ်နယ်ထရမ့်အစိုးရသည် စီးပွားရေးပြန်လည်ထူထောင်မှုကို ခြိမ်းခြောက်မည့် အန္တရာယ် ရှိနေသောကြောင့် တရုတ်မူဝါဒချမှတ်သူများအနေဖြင့် အတိုးနှုန်းကို သုည ဒသမ ၄ ရာခိုင်နှုန်းအထိ သိသိသာသာ လျှော့ချပြီး ၂၀၂၅ ခုနှစ်တွင် ဘဏ္ဍရေးလိုငွေပြမှုကို ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး (GDP) ၏ ၁ ဒသမ ၈၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် မျှော်လင့်ကြောင်း Goldman Sachs မှ စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။
တရုတ်ဗဟိုဘဏ်သည် ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း အကြီးဆုံး စီးပွားရေး မြှင့်တင်မှုအစီအစဉ်ကို စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် တရုတ်ထိပ်တန်းဥပဒေပြုအဖွဲ့သည် ဒေသန္တရအစိုးရ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် ယွမ် ၁၀ ထရီလီယံ (ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံ) ထောက်ပံ့ရေး အစီစဉ်ကို အတည်ပြုခဲ့သည်။
အစီအမံများ အလုံးအရင်းနှင့် ဆောင်ရွက်ခြင်းသည် မကြာမီလုပ်ဆောင်မည့် စီပွားရေးလုပ်ရှားမှုများအပေါ် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိမည်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
လာမည့်နှစ် ဒုတိယနှစ်ဝက်ခန့်တွင် စီးပွားရေး ပြန်လည်နှေးကွေးလာနိုင်ကြောင်း Capital Economics မှ ဟွမ်က ပြောကြားခဲ့သည်။ တရုတ်ကုန်ထုတ်လုပ်ငန်းရှင်များသည် ထရမ့်နှင့် ဒုတိယအကြိမ် ကုန်သွယ်ရေး စစ်ပွဲ၏ စိန်ခေါ်မှုများကို ထပ်မံကြုံတွေ့ရလိမ့်ဦးမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။