ylliX - Online Advertising Network
မိုးမြင့် - ပေါ်တာ

မိုးမြင့် – ပေါ်တာ


(မိုးမခ) နိုဝင်ဘာ ၁၇ ၊ ၂၀၂၄

“တောင်ဘက် ကားလမ်းမထွက်ကြနဲ့နော်။ ဒီနေ့ ပေါ်တာဆွဲမှာ မထွက်နဲ့ သုံးဘီးဆရာ” 

တွေ့တဲ့သူတိုင်း ပြောနေတာ။ မနက်စောပိုင်း ၆ နာရီပဲ ရှိသေးတယ်။ တောရွာ တောဓလေ့ဆိုတော့ လယ်ထဲ ယာထဲ သွားမယ့်သူတွေနဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်း မြေပဲပေါ်တဲ့ရာသီ ဆိုတော့ ပဲဆွတ်သွားမယ့်အဖွဲ့၊ စပါးတွေ ပေါ်ခါနီးပြီဆိုတော့ လယ်ထဲသွားမယ့်သူတွေ မြို့တက်ပြီး ဈေးဝယ်ထွက်မယ့် အဖွဲ့တွေနဲ့ အားလုံးက မိန်းမတွေကြီးပဲဆိုတော့ ပြောကြ ဆိုကြ ပွက်လောရိုက်နေတာပဲ။

ကျနော် လယ်ထဲသွားဖို့ ရွာအလယ် ထွက်လာခဲ့လိုက်တယ်။ သုံးဘီးဆရာရဲ့အသံ ကြားတာနဲ့ လှမ်းမေးလိုက်တယ်။

“ဘာဖြစ်လို့လဲဗျ သုံးဘီးဆရာ။ ဒီနေ့ ပေါ်တာဆွဲမှာတဲ့ ညကတည်းက မြို့ပေါ်က ဖုန်းဆက်တယ်။ ဒါနဲ့ သုံးဘီးဆရာကော သုံးဘီးမထွက်ဘူးလား။ အစကမထွက်ဘူး နေမလို့။ စပါးတွေ စက်ခွဲဖို့ပို့ထားတာကြာပြီ။ အဲဒါသွားယူရမှာ မဖြစ်မနေမို့ လမ်းအခြေအနေ ကြည့်ပြီးမောင်းရမှာပဲ”

သုံးဘီးဆရာက အကျိုးကြောင်းပြောပြနေပြီး သုံးဘီးပေါ်  လူစုံပြီဆိုတော့ နှုတ်ဆက်ပြီး ကျနော်လည်း လယ်ထဲ သွားစရာရှိတာဆိုတော့ တောင်ဘက်ကားလမ်းက မဖြစ်မနေဖြတ်ရမှာ၊ ကားလမ်းရောက်ခါနီး လမ်းထိပ်မှာ ခဏဆိုင်ကယ်ရပ်ပြီး အခြေအနေ အကဲခတ်ကြည့်ပြီး ထွက်လာခဲ့လိုက်တယ်။ 

ကျနော်လည်း လယ်ထဲ ရောက်ပြီး ၁၅ မိနစ်လောက် ကြာတော့ ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ ကျနော့်အိမ်က ခေါ်တာဖြစ်နေတယ်၊ ဖုန်းကိုင်လိုက်တယ်။

“ပြန်မလာသေးနဲ့ဦးနော် ပေါ်တာဆွဲနေတယ်။ ရွာထဲက ဝက်သားရောင်းတဲ့ကောင်လေး ပါသွားပြီ ကြားတယ်။ ပြန်လာရင်လည်း လမ်းကို အကဲခတ်ဦး”ပြောပြီး ဖုန်းချသွားတယ်။

ကျနော်လည်း လယ်ထဲလုပ်စရာရှိတာ ဆက်လုပ်နေရင်း စိတ်ထဲ တွေးနေမိတယ်။

ဝက်သားရောင်းတဲ့ ကောင်လေး ပေါ်တာဆွဲခံရပြီဆိုတော့ သူ့အဖေ ကိုအေးဝင်းတော့ စိတ်သောကရောက်နေမှာပဲ။ ကိုအေးဝင်းက ပြီးခဲ့တဲ့နှစ်ကမှ ဝက်သားလိုင်စင် ယူထားတာ။ ရှိလို့တော့ မဟုတ်ပါဘူး။ နိုင်ငံခြားကနေ သူ့သားအကြီးကောင် ငွေပို့ပေးတာနဲ့ ဝက်သားလိုင်စင်ယူထားတာ။ သူ့သားအငယ်ကောင်လေးက ဝက်သားရောင်းရတယ်။ အသက် ၂၀ ကျော်လောက်ပဲ ရှိဦးမယ်။ အခုတစ်ယောက်နဲ့ပါဆိုရင် ပေါ်တာဆွဲခံရတာ ဆယ်ယောက်မကရှိနေပြီး ကျနော့်ရွာကလည်း နေပြည်တော် ကားလမ်းနံဘေး ဆိုတော့ ခဏခဏ ပေါ်တာဆွဲခံနေရတာ အသက်အရွယ်ကောင်း ယောက်ျားသား မရှိသလောက်ပါပဲ။

နိုင်ငံခြားကို အောက်လမ်း အပေါ်လမ်း နည်းလမ်းမျိုးစုံထွက်ကြတဲ့ သူတွေနဲ့ ကျန်ရှိနေတာဆိုလို့ ကျောင်းသားအရွယ် ၄၀ ကျော် ၅၀ အရွယ်တွေပဲ ရှိတော့တယ်။ ပြီးခဲ့တဲ့လက အိမ်ထောင်သည် ကောင်လေးတစ်ယောက် ပေါ်တာဆွဲခံရတာ။ သူ့နာမည်က သန်းဇော်ဝင်း။ မိန်းမဖြစ်သူက ကျန်းမာရေး မကောင်း၊ ဆေးရုံ ဆေးခန်း မပြတ်ပြနေရတာ။

သန်းဇော်ဝင်း အလုပ်က နွားအငှားကျောင်းရတာ။ နွားအကောင်ရေ ၃၀ လောက်ကို ကျောင်းရတာ။ မနက် ၆ နာရီဆို နွားလွှတ်။ ညနေ ၃ နာရီ နွားတွေ ပြန်သွင်း။ အိမ်ပြန်ရောက် ထမင်း ဟင်းချက် မိန်းမဖြစ်သူနဲ့ ကလေးနှစ်ယောက်ကို ထမင်းကျွေး။ သူကိုယ်တိုင်က မစားသေးဘဲ အရက်နည်းနည်းပါးပါး သောက်ပြီးမှ ထမင်းစားလေ့ရှိတယ်။ 

သန်းဇော်ဝင်း နွားကျောင်းတဲ့အလုပ်က နွားအကောင်ရေ များမှ ပိုပြီးအဆင်ပြေမှာ သူ့မိန်းမ ဆေးဖိုးက တစ်ခါ တစ်ခါ ပေးရပြီဆို ၄/၅ သောင်း ပေးရတာ။ ကလေးနှစ်ယောက် စရိတ်နဲ့ မိသားစုဘဝ    အဆင်ပြေအောင် မနည်းရုန်းကန်နေရတာ။ တစ်နေ့မှာ သန်းဇော်ဝင်း နွားကျောင်းအပြန် ပေါ်တာဆွဲခံရတာ တရွာလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်ကုန်တော့တာပဲ နေမကောင်းတဲ့ မိန်းမနဲ့ ကလေးတွေ သနားစရာ၊ ဘယ်သူလုပ်ကျွေးမှာလဲ စသည့် တစ်ယောက်တစ်မျိုး ပြောဆိုကြသည်။ ပေါ်တာဆွဲပြီး နောက်တစ်ရက် သန်းဇော်ဝင်း အဖေက ရွာက တတ်သိ နားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး သန်းဇော်ဝင်းနောက် လိုက်သွားကြသည်။

မြို့ပေါ် ရောက်တော့ ပေါ်တာဆွဲခံရသူတွေ ထားတဲ့နေရာ စုံစမ်းတော့ ထွေအုပ်ရုံးမှာ လိုက်သွားကြ။ ခင်ဗျားတို့ အချိန်မီသေးတယ်။ မနက်ဖြန်ဆို လေ့ကျင့်ရေးစခန်းပို့တော့မှာ သတင်းကြားတယ်”

သန်းဇော်ဝင်း အဖေ ခပ်မြန်မြန်ပဲ ထွေအုပ်ရုံး ရောက်လာခဲ့ကြတယ်။ 

ရုံးပေါက်ဝမှာ ရပ်စောင့်နေတဲ့ ရဲကို မေးလိုက်တော့ “ကျနော် သန်းဇော်ဝင်း အဖေပါ။ သန်းဇော်ဝင်းနဲ့ တွေ့ချင်လို့ပါ” 

“ခင်ဗျားတို့ တွေ့လို့မရဘူး။ ခင်ဗျားတို့သား ပြန်ခေါ်ချင်ရင် လူစားလဲမှ ရမယ်”

“ဆရာ ကျနော်တို့ လူစား ဘယ်လိုလဲရမလဲ လူဘယ်လို ရှာရမလဲ”

“ခင်ဗျားတို့ လူရှာမရဘူးဆိုရင် ငွေသိန်း ၈ဝ ယူလာခဲ့။ ကျုပ်တို့ရှာပေးမယ်။ အခု ပိုက်ဆံမပါရင် ပြန်တော့”

တောသူတောင်သား တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝ၊ ဘယ်လိုလုပ်။ ငွေ သိန်း ၈၀ ရှိမှာလဲ၊ရွာပြန်ရောက်တော့ ပိုက်ဆံရဖို့ ရှာကြဖွေကြ ချေးငှား ဘယ်ကမှ မရပါဘူး။

သန်းဇော်ဝင်း မိန်းမလည်း ဘယ်ကမှ အဆင်မပြေတော့ စိတ်သောကရောက်ပြီး အဲဒီစိတ်နဲ့ပဲ ဆုံးပါးသွားတယ်။ ကျန်ခဲ့တဲ့ ကလေးနှစ်ယောက်ကတော့ အားကိုးရာမဲ့ပြီး မိခင်တစ်ယောက်လုံး သေတာတောင် ငိုရကောင်းမှန်းမသိ သူတို့မှာ အဖေ အမေ ခေါ်စရာမရှိတော့ဘူး ဆိုတာတောင် သိပါ့မလား။ သနားစရာ ကလေးလေးတွေရဲ့ဘဝ သူ့တို့မှာ ဘာအပြစ်ရှိလို့လဲ။ ခင်ဗျားတို့ ပေါ်တာဆွဲတဲ့ကောင်တွေ ကိုယ်ချင်စာတရားမရှိကြဘူးလား။ အခု ခင်ဗျားတို့ကြောင့် ဒီကလေးနှစ်ယောက် ခေါ်စရာ မိဘမဲ့ကုန်ပြီ။

အခုလည်း ဝက်သားရောင်းတဲ့ ကောင်လေး ငွေသိန်း ၁၂၀ နဲ့ ပြန်ရွေးလာခဲ့ရတယ်။ ရှိသမျှ လယ်ယာမြေ၊ ဝက်သားလိုင်စင်ပါမကျန် အကုန်ရောင်းပြီး ပေးရတာ ကျနော်တို့ရွာမှာ ဝက်သားရောင်းတဲ့အသံ မကြားရတော့ပါဘူး၊ ပြည်သူတွေရဲ့ ဘဝတွေ ဘယ်လိုခံစားနေရလဲ၊ ဘယ်လိုတွေ ဖြစ်ပျက်နေလဲ ဆိုတာ၊ လာပြီးကြည့်ကြစမ်းပါ၊ စစ်တပ် နှိပ်စက်သမျှ ခံနေရတာ ဘယ်သူ့ကို ပြောပြီး ဘယ်သူ့ကို တိုင်ကြားရမလဲ၊ အားကိုးစရာမရှိ၊ ပြေးစရာ မြေမရှိ၊ ချမ်းသာခြင်း၊ပျော်ရွှင်ခြင်း ဆိုတာ၊ ဘယ်လို အရသာလဲ ဆိုတာတောင် မသိတော့ပါဘူး။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *