ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အောက်တိုဘာလတစ်လအတွင်း မူးယစ်ဆေးဝါးရှော့ဖြစ်လို့သေဆုံးသူနှစ်ဦးထိရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းက KNGကို ပြောပါတယ်။ သေဆုံးသွားသူနှစ်ဦးက အသက်၃၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးဖြစ်ကြပြီး ဝိုင်းမော်မြို့ ရပ်ကွက်(၃) လယ်ကွင်းပြင်နဲ့ မြို့မဘောလုံးကွင်း စတိတ်စင်အောက်မှာ အောက်တိုဘာ ၁၉ ရက်နေ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူက ခုလိုပြောပါတယ်။ “သူကတော့ ညကတည်းကမူးယစ်ဆေးရှော့ဖြစ်ပုံရပါတယ် သူတို့က ညဖြစ်ကြတာဗျ ကျွန်တော်တို့ဘယ်သူမှ မသိလိုက်ကြဘူး သိရင်တော့ နှစ်နာရီအတွင်းဆိုကယ်လို့ရတယ် မနက်သွားယူတော့တောင့်နေပြီ”လို့ ဆိုပါတယ်။ သေဆုံးသူနှစ်ဦးစလုံး စစ်ရှောင်တွေဖြစ်ပြီး ရက်ကွက်(၅) သရက်တော စစ်ရှောင်စခန်းနဲ့ ရပ်ကွက်(၃)စစ်ရှောင်စခန်းကဖြစ်တယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေဟာ ဝိုင်းမော်မြို့ အထက(၁)စာသင်ကျောင်းဘေး အနီးပတ်ဝန်းကျင်နဲ့ ရပ်ကွက်(၃) ဟိုးတုံ ဆည်မြောင်းပတ်ဝန်းကျင်မှာ ရှိနေတတ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ရဲစခန်းဘက်တာဝန်ရှိသူတွေအနေနဲ့ အရေးယူထိန်းသိမ်းပေးခြင်းမရှိတဲ့အပြင် ပိုက်ဆံပေးပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခိုင်းတာမျိုးတွေကိုပါ ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဘဲ ဖြစ်ပါတယ်။ ခုလိုအခြေအနေတွေကြောင့် ဝိုင်းမော်မြို့ ဒေသခံတွေအနေနဲ့ လုံခြုံရေးအခြေအနေတွေကို စိုးရိမ်နေရတယ်လို့ ဝိုင်းမော်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ရပ်ရွာကလူတွေလည်း ဆေးရောင်းတဲ့လူတွေကို ခနခနမောင်းထုတ်ရင်လည်း သူတို့က မပြန်ဘူး ပြန်စုကြတော့ အဲနားက ကလေးတွေဖြတ်သွားဖြတ်လာလုပ်နေတာဆိုတော့ ကလေးတွေတော်တော်ပျက်စီးပြီး မူးယစ်ဆေးဝါးသုံးစွဲတတ်လာတယ် သူတို့ကအဲနားမှာကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေကြတော့”လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်လက်အောက် ရဲဌာနတွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေကို အခွန်သဘောမျိုးနဲ့ ငွေကောက်ခံတာမျိုးသာ ပြုလုပ်ပြီး ဝင်ရောက်ဖမ်းဆီးခြင်းလည်း မရှိဘူးလို့ သိရပါတယ်။ အာဏာမသိမ်းခင် ကချင်ပြည်နယ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းတိုက်ဖြတ်မှုတွေဟာ အတိုင်းအတာတစ်ခုထိ ထိရောက်မှုရှိခဲ့ပါတယ်။ သို့သော် အာဏာသိမ်းပြီးနောက်အဖက်ဖက်ကနေ ခက်ခဲလာတာကြောင့် လုပ်ကိုင်ဖို့အဆင်မပြေလာဘူးလို့အရပ်ဘက်အဖွဲ့စည်းတွေပြောပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ထုတ်မှုအများဆုံး ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးက စိုက်ပျိုးမှုနှုန်း ၈၈ ရာခိုင်နှုန်းက ရှမ်းပြည်နယ်က ဖြစ်တယ်လို့ UNODC မှာဖော်ပြထားပါတယ်။ အဲဒီထဲမှာတော့ ကချင်နဲ့ချင်းပြည်နယ်တို့က အများဆုံးစိုက်ပျိုးပြီး UNODC ရဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ By – Hope The post ဝိုင်းမော်မြို့မှာ တစ်လအတွင်းမှာဘဲ မူးယစ်ဆေးဝါးရှော့ဖြစ်ပြီး သေဆုံးသူနှစ်ဦးထိရှိလာ appeared first on Kachin News Group (KNG). Source link