အရှေ့အလယ်ပိုင်းဒေသ၌ ပြဿနာထွေပြားနေသည့် အစ္စရေး၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် ပါလက်စတိုင်းတို့ကို အပေါ်ယံလေ့လာလျှင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်မြေလုနေကြသည်ဟု ထင်ရသော်လည်း ပို၍ နက်ရှိုင်းစွာ စိစစ်လျှင် ဒေသတွင်း ရေအရင်းအမြစ်များကို အထူးသဖြင့် ဂျော်ဒန်မြစ်ရေကို သူပိုရသင့် ငါပိုရသင့် စကားဆိုနေကြကြောင်းကိုလည်း တွေ့ရသည်။ ခြောက်ရက်စစ်ပွဲဟု လူသိများသော ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲ ဖြစ်ခဲ့ခြင်းအကြောင်းများထဲတွင် ဂျော်ဒန်မြစ်ရေကလည်း တစ်ခုအနေနှင့် ပါဝင်ခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးရှာရွန်က ပြောခဲ့သည်။ ”၁၉၆၇ ခုနှစ်မှာ ခြောက်ရက်စစ်ပွဲ ဖြစ်ခဲ့တယ် ဆိုပေမယ့် အဲဒီအချိန်မတိုင်မီ နှစ်နှစ်ကျော်ကတည်းက စစ်ပွဲစခဲ့တယ်လို့ ဆိုနိုင်ပါတယ်”ဟု သူက ပြောခဲ့သည်။ ဆီးရီးယားနှင့် ဂျော်ဒန်တို့က ဂျော်ဒန်မြစ်ရေကို ပိုမိုလွှဲပြောင်းရယူရန် လုပ်ဆောင်ခဲ့ခြင်းအား ရှာရွန်က ညွှန်းခြင်းဖြစ်သည်။ ဆီးရီးယားနှင့်လက်ဘနွန်နယ်စပ်ဒေသမှ မြစ်ဖျားခံသည့် ဂျော်ဒန်မြစ်သည် […]