ylliX - Online Advertising Network
ငြိမ်းချမ်းရေးကို ရေဖြင့် ရယူခြင်း

ငြိမ်းချမ်းရေးကို ရေဖြင့် ရယူခြင်း


အရှေ့အလယ်ပိုင်းဒေသ၌ ပြဿနာထွေပြားနေသည့် အစ္စရေး၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် ပါလက်စတိုင်းတို့ကို အပေါ်ယံလေ့လာလျှင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်မြေလုနေကြသည်ဟု ထင်ရသော်လည်း ပို၍ နက်ရှိုင်းစွာ စိစစ်လျှင် ဒေသတွင်း ရေအရင်းအမြစ်များကို အထူးသဖြင့် ဂျော်ဒန်မြစ်ရေကို သူပိုရသင့် ငါပိုရသင့် စကားဆိုနေကြကြောင်းကိုလည်း တွေ့ရသည်။ ခြောက်ရက်စစ်ပွဲဟု လူသိများသော ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲ ဖြစ်ခဲ့ခြင်းအကြောင်းများထဲတွင် ဂျော်ဒန်မြစ်ရေကလည်း တစ်ခုအနေနှင့် ပါဝင်ခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးရှာရွန်က ပြောခဲ့သည်။ ”၁၉၆၇ ခုနှစ်မှာ ခြောက်ရက်စစ်ပွဲ ဖြစ်ခဲ့တယ် ဆိုပေမယ့် အဲဒီအချိန်မတိုင်မီ နှစ်နှစ်ကျော်ကတည်းက စစ်ပွဲစခဲ့တယ်လို့ ဆိုနိုင်ပါတယ်”ဟု သူက ပြောခဲ့သည်။ ဆီးရီးယားနှင့် ဂျော်ဒန်တို့က ဂျော်ဒန်မြစ်ရေကို ပိုမိုလွှဲပြောင်းရယူရန် လုပ်ဆောင်ခဲ့ခြင်းအား ရှာရွန်က ညွှန်းခြင်းဖြစ်သည်။

ဆီးရီးယားနှင့်လက်ဘနွန်နယ်စပ်ဒေသမှ မြစ်ဖျားခံသည့် ဂျော်ဒန်မြစ်သည် မြောက်ဘက်မှ တောင်ဘက်သို့ ဦးတည်စီးဆင်းရင်း လမ်းခုလတ်တွင် ဂါးလာလီရေအိုင်ထဲသို့ ဝင်ရောက်သည်။ တဖန် ယင်းမြစ်သည် ဂါးလာလီရေအိုင်ထဲမှ စီးထွက်လာကာ ပင်လယ်သေတွင်းသို့ စီးဝင်သည်။ ထို့ကြောင့် ဂါးလာလီရေအိုင်သည် ဂျော်ဒန်မြစ်၏ အစိတ်အပိုင်းတစ်ခုဟု ဆိုနိုင်သည်။

ဂါးလာလီရေအိုင်

မြစ်ကြောင်း ၂၂၃ ကီလိုမီတာ ရှည်လျားပြီး ရေဝေဒေသ စတုရန်းကီလိုမီတာ ၁၈၀ဝ၀ ကျော်ကျယ်သည့် ဂျော်ဒန်မြစ်ထဲသို့ ဝင်ရောက်သည့် အဓိက ရေအရင်းအမြစ်များမှာ ဂါးလာလီရေအိုင်အပြင် မြစ်လက်တက်များ၊ မြစ်အနောက်ဘက်ကမ်းရှိ တောင်အောက်ရေကြောတို့ ဖြစ်ကြသည်။ အဓိကလက်တက်ဖြစ်သော ယာမု(ခ်)မြစ်မှ ဂျော်ဒန်မြစ်တွင်းသို့ တစ်နှစ် ရေကုဗမီတာသန်း ၄၀ဝ ခန့် စီးဝင်သည်။ လွန်ခဲ့သည့် ၂၅ နှစ် ခန့်က ဂျော်ဒန်မြစ်၏ ပျမ်းမျှရေစီးသည် တစ်နှစ်လျှင် ကုဗမီတာသန်း ၁၃၀ဝ ခန့် ဖြစ်သည်။

ဂျော်ဒန်မြစ်တစ်နေရာ

ဂျော်ဒန်မြစ်ဝှမ်းဒေသတွင် မြေပေါ်ရေ ၃၅ ရာခိုင်နှုန်း၊ မြေအောက်ရေ ၅၆ ရာခိုင်နှုန်းနှင့် ပြန်လည်သန့်စင် ထားသော စွန့်ပစ်ရေ ၉ ရာခိုင်နှုန်းတို့ကိုသုံးစွဲသည်။ မြေအောက်ရေကို ပိုအသုံးများသော်လည်း ဂျော်ဒန်မြစ်ရေကိုလည်း ရနိုင်သလောက် ယူသုံးကြသည်။ အဆိုပါမြစ်ဝှမ်းဒေသအတွင်း မူရင်း နေထိုင်သူ ခုနစ်သန်းကျော်ခန့်အပြင် ဂျော်ဒန်သည် ပါလက်စတိုင်းဒုက္ခသည် နှစ်သန်းကျော်ကို လက်ခံထားရသဖြင့် သူတို့အတွက်ပါ သောက်သုံးရေ လိုအပ်သည်။ သောက်သုံးရေထက် ပမာဏပို၍ လိုအပ်သည်မှာ ဧရိယာဟက်တာ ၁၀ဝဝဝ၀ မှ ၁၅၀ဝဝဝ ကြား ရှိသည့် စိုက်ခင်းများအတွက် စိုက်ပျိုးရေ ဖြစ်သည်။ စိုက်ခင်းများ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အစ္စရေး၊ ဂျော်ဒန်နှင့် ဆီးရီးယားတို့ထဲ၌ ရှိသည်။ ကျန် ၁၀ ရာခိုင်နှုန်းနီးပါးခန့်သည် လက်ဘနွန်နှင့် ပါလက်စတိုင်း စိုက်ခင်းများ ဖြစ်ပြီး စိုက်ပျိုးရေကဏ္ဍ ရေသုံးစွဲမှုသည် တစ်နှစ်လျှင် ကုဗမီတာ သန်း ၁၂၀ဝ ခန့် ဖြစ်သည်။

ဒေသတွင်း ရေလိုအပ်ချက် များသော်လည်း ဂျော်ဒန်မြစ်ဝှမ်းဒေသသည် မိုးနည်းသောဒေသ ဖြစ်သည်။ မြစ်ဝှမ်းဒေသမြောက်ဘက်တွင် တစ်နှစ်လျှင် မိုးရေချိန် ၁၂၀ဝ မီလီမီတာ ရွာကျသော်လည်း တောင်ဘက်ပိုင်း၌ မိုးနည်းသည်။ အချို့နေရာများတွင် တစ်နှစ်လျှင် မီလီမီတာ ၁၀ဝ မျှသာ ရွာသည်။ ထို့ပြင် နွေအခါတွင် ဂျော်ဒန်မြစ်နှင့် မြစ်လက်တက်များ ရေသိသာစွာ လျော့နည်းသွားတတ်ရာ တစ်နှစ်ပတ်လုံး သုံးနိုင်ရန် ဆောင်းအခါ စီးသောရေများကို တားဆီးသိုလှောင်ရသည်။ ၁၉၆၄ ခုနှစ်၌ အစ္စရေးသည် ဂါးလာလီရေအိုင်မှအထွက် ဂျော်ဒန်မြစ်ပေါ်တွင် ရေလှောင်တမံ ဆောက်၍ လည်းကောင်း၊ ဂျော်ဒန်သည် ယာမု(ခ်)မြစ်လက်တက်ပေါ်၌ ရေလွှဲအဆောက်အအုံ ဆောက်၍ လည်းကောင်း၊ ဆီးရီးယားက ယာမု(ခ်)မြစ်ပေါ်တွင် ရေလှောင်တမံများ ဆောက်လုပ်၍ လည်းကောင်း ရေလွှဲယူသည်။ ဂျော်ဒန်မြစ်ဝှမ်း ဒေသ၌ ရေလှောင်တမံ ၄၅ ခု ရှိပြီး ရေကုဗမီတာသန်း ၃၉၀ ခန့် သိုလှောင်နိုင်သည်။ အဆိုပါ ရေသိုလှောင်လွှဲယူမှုများသည် ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲ ဖြစ်ပေါ်လာရန် သန္ဓေတည်ပေးလိုက်သကဲ့သို့ ရှိသည်။

စစ်ပွဲပြီးသော်လည်း ရေပြဿနာက မပြီးဘဲ ဂျော်ဒန်ဖြစ်ရေကို အများအပြားဆက်လက်ထုတ်ယူကြသဖြင့် မြစ်နောက်ဆုံးစီးဝင်ရာ ပင်လယ်သေတွင်းသို့ ရောက်သောအခါ ရေစီး သိသာစွာ နည်းသွားသည်။ မူလကပင် ရေစီးနည်းသော ဂျော်ဒန်မြစ်ရေ ပင်လယ်သေတွင်းသို့ စီးဝင်ပမာဏမှာ အများဆုံးအချိန်က တစ်နှစ်လျှင် ကုဗမီတာသန်း ၁၂၀ဝ ခန့်ရှိခဲ့ရာမှ ယခုအခါ ကုဗမီတာသန်း ၂၀ မှ ၂၀ဝ ကြားသာ စီးဝင်တော့သည်။ ပင်လယ်သေသည်လည်း တဖြည်းဖြည်း ခန်းခြောက်လာနေသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ခန့်အတွင်း ပင်လယ်သေရေပြင်သည် ၄၅ မီတာမျှ နိမ့်ကျခဲ့ပြီး လက်ရှိတွင် တစ်နှစ်လျှင် တစ်မီတာခန့် ဆက်လက် ကျဆင်းနေသည်။

ပင်လယ်သေထဲသို့ စီးဝင်နေသော ဂျော်ဒန်မြစ်

ဆီးရီးယား၊ ဂျော်ဒန်၊ အစ္စရေးနှင့် ပါလက်စတိုင်းတို့သည် ဂျော်ဒန်မြစ်ရေအတွက် အချင်းချင်း ဆွေးနွေး ညှိနှိုင်းပြီး စာချုပ်ချုပ်ဆို၍ ခွဲဝေသုံးစွဲခဲ့ကြသည်မှာ ၁၉၁၃ ခုနှစ်ကတည်းက ဖြစ်သော်လည်း မြစ်ရေနှင့် ပတ်သက်လာလျှင် ယင်းနိုင်ငံတို့အကြား အမြဲအငြင်းပွားနေခဲ့ကြသည်။ အထူးသဖြင့် မိုးအရနည်းသော ဂျော်ဒန်မြစ်အောက်ပိုင်းရှိ အစ္စရေးနှင့် ဂျော်ဒန်တို့အကြား ရေအငြင်းပွားမှုသည် ပို၍ ပြင်းထန်သည်။

ထိုသို့အငြင်းပွားနေမှုကို ပြေလျော့စေရန် ပင်လယ်နီမှ ရေငန်များကို ပင်လယ်သေသို့ လွှဲပြောင်းသုံးစွဲရန် ၂၀ဝ၅ ခုနှစ်က အစ္စရေး၊ ဂျော်ဒန်နှင့် ပါလက်စတိုင်းတို့ သဘောတူခဲ့ကြသည်။ ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံမျှ ရှိမည့် ယင်းစီမံကိန်းအရ ပင်လယ်နီရေ တစ်နှစ်လျှင် ကုဗမီတာသန်း ၁၀ဝ၀ ကို ကီလိုမီတာ ၁၈၀ ရှည်သည့် ပိုက်လိုင်းဖြင့် ပင်လယ်သေသို့ ပို့မည်။ ပိုက်လိုင်းလမ်းကြောင်း တလျှောက်တွင် ရေချိုချက်စက်ရုံများဖြင့် ရေငန်ကို ရေချိုအဖြစ် ပြောင်းလဲမည်။ ပင်လယ်သေသည် ပင်လယ်နီထက် မီတာ ၄၀ဝ ကျော်နိမ့်သဖြင့် မြေဆွဲအားကြောင့် အရှိန်အဟုန်ဖြင့် ဆင်းလာသော ရေအားကို အသုံးချ၍ လျှပ်စစ်ထုတ်ယူမည်။ သို့သော် နိုင်ငံရေးအခြေအနေများကြောင့် ယင်းစီမံကိန်းသည် ယနေ့အထိ အကောင်အထည်မပေါ်သေးချေ။

ဂါးလာလီရေအိုင်ကို ရေချိုချက်ထားသော မြေထဲပင်လယ်ရေများဖြင့် ဖြည့်နေပုံ

ပင်လယ်သေကို ရေပြန်ဖြည့်ရန် မဖြစ်နိုင်သေးသော်လည်း ဂျော်ဒန်မြစ်၏ အစိတ်အပိုင်းတစ်ခုဟု ပြောနိုင်သည့် ဂါးလာလီရေအိုင်ကိုမူ အောင်မြင်စွာ ရေပြန်ဖြည့်နိုင်ပြီ ဖြစ်သည်။ ထုတ်ယူမှုများလွန်းသဖြင့် ၁၉၆၄ ခုနှစ်ခန့်မှစ၍ ရေပြင်နိမ့်ဆင်းလာနေသော ဂါးလာလီရေအိုင်ထဲသို့ အစ္စရေးသည် မြေထဲပင်လယ် ရေငန်များမှ ချက်လုပ်ထားသော ရေချိုများကို ၂၀၂၃ ခုနှစ်မှစကာ ပို့ပေးနေသည်။ မကြာသေးမီအချိန်အထိ အစ္စရေးသည် ဂါးလာလီရေအိုင်မှ ရေများကို ပိုက်လိုင်းများဖြင့် နိုင်ငံတွင်းသို့ ပေးပို့သုံးစွဲနေခဲ့သော်လည်း အမေရိကန်ဒေါ်လာသန်း ၂၅၀ မျှ ကုန်ကျသည့် ယင်းစီမံကိန်းဖြင့် ရေကို ပြောင်းပြန်စီးစေကာ ဂါးလာလီရေအိုင်ကို ရေပြန်ဖြည့်ပေးခြင်း ဖြစ်သည်။ ဂါးလာလီရေအိုင်ကို ဖြည့်ခြင်းသည် ဂျော်ဒန်မြစ်ကို ရေဖြည့်ပေးခြင်းပင် ဖြစ်သည်။ ယင်းနည်းဖြင့် ဖြည့်သွင်းနေသော ရေပမာဏသည် တစ်နှစ်လျှင် ကုဗမီတာသန်း ၁၂၀ ခန့်မျှ ဖြစ်သည်။ ထိုသို့ဖြည့်သွင်းနေသည့်အပြင် လွန်ခဲ့သောနှစ်က မိုးပုံမှန်ထက် ပိုခဲ့သဖြင့် ဂါးလာလီရေအိုင် ရေပြည့်မှတ်သို့ ရောက်ရန် ၅၄ စင်တီမီတာသာ လိုတော့သည်။ ဂါးလာလီရေအိုင်ကို ပြန်ဖြည့်ခြင်း အပါအဝင် ရေဖူလုံရေးစီမံချက်များကြောင့် အစ္စရေးသည် ပြည်တွင်းရေလိုအပ်ချက် ပြည့်မီရုံမျှမက ပိုလျှံသည့်အခြေအနေသို့ ရောက်သွားပြီ ဖြစ်သည်။ အစ္စရေးသည် တချိန်က ဂျော်ဒန်နိုင်ငံနှင့် ဂျော်ဒန်မြစ်ရေ ခွဲဝေသုံးစွဲရေးအတွက် အချင်းများနေခဲ့ရာမှ ယခုအခါ ဂျော်ဒန်သို့ တစ်နှစ်လျှင် ရေကုဗမီတာသန်း ၁၀ဝ အထိ တင်ပို့ရောင်းချလျက် ရှိသည်။ နှစ်အနည်းငယ်အတွင်း နှစ်ဆတိုး၍ ပို့နိုင်ရန် အစ္စရေးက လုပ်ဆောင်နေသည်။

အစ္စရေးနှင့် ဂျော်ဒန်တို့သည် မြစ်ရေနှင့် ပတ်သက်ကာ ရန်ဘက်များဖြစ်ခဲ့ရာမှ ဆွေးနွေးညှိနှိုင်းမှု၊ ကောင်းမွန်သော ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် နည်းပညာတို့ဖြင့် ဒေသတွင်း ရေပြဿနာကို ဖြေရှင်းနိုင်ခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေး ရရှိရန် နမူနာကောင်းတစ်ခုဟု ယူဆနေကြသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *