ရှမ်းပြည်မြောက်ပိုင်းတွင် တရုတ်လုပ်ငန်းရှင်တို့ ရင်းနှီးစိုက်ပျိုးထားသော ကြံနှင့်ပြောင်း သယ်ယူနိုင်ရန် ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားသည့် မူဆယ်နယ်စပ်ရှိ ဂိတ်တစ်ခုကို တရုတ်အစိုးရက နိုဝင်ဘာ ၂၁ တွင် ပြန်ဖွင့်ပေးလိုက်သည်ဟု သိရသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက MNDAA ထိန်းချုပ်လိုက်သည့် ကျင်စန်းကျော့ဂိတ်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်းဆိုင်)နှင့် တအာင်းတပ်(TNLA) ထိန်းချုပ်ထားသည့် နမ့်ခမ်း စသည့် မြို့များရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ၂၀၂၄ ဇူလိုင် ၉ တွင် တရုတ်ဘက်က တစ်ဖက်သတ် ပိတ်ပင်ထားခြင်း ဖြစ်သည်။ ယင်းနောက် ကြံနှင့်ပြောင်းသီးနှံ ရိတ်သိမ်းရာသီ ရောက်လာချိန်တွင် ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်ခဲ့ခြင်းဖြစ်သည်၊ ကုန်ပစ္စည်း သယ်ယူမှုကိုလည်း ကန့်သတ်ထားသည်ဟု အမည်မဖော်လိုသည့် တရုတ်နယ်စပ်ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။ “တရုတ်ကဖွင့်တာက ကြံနဲ့ပြောင်းလိုချင်လို့ပါ။ သူတို့ဘက်က ဘာမှသယ်လို့မရဘူး။ […]