ylliX - Online Advertising Network
တရုတ်သွင်းလိုသည့်ကြံနှင့်ပြောင်း သယ်ယူရန် မူဆယ်ရှိဂိတ်တစ်ခုပြန်ဖွင့် - Myanmar Now

တရုတ်သွင်းလိုသည့်ကြံနှင့်ပြောင်း သယ်ယူရန် မူဆယ်ရှိဂိတ်တစ်ခုပြန်ဖွင့် – Myanmar Now


ရှမ်းပြည်မြောက်ပိုင်းတွင် တရုတ်လုပ်ငန်းရှင်တို့ ရင်းနှီးစိုက်ပျိုးထားသော ကြံနှင့်ပြောင်း သယ်ယူနိုင်ရန် ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားသည့် မူဆယ်နယ်စပ်ရှိ ဂိတ်တစ်ခုကို  တရုတ်အစိုးရက နိုဝင်ဘာ ၂၁ တွင်  ပြန်ဖွင့်ပေးလိုက်သည်ဟု သိရသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက MNDAA ထိန်းချုပ်လိုက်သည့် ကျင်စန်းကျော့ဂိတ်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်းဆိုင်)နှင့် တအာင်းတပ်(TNLA) ထိန်းချုပ်ထားသည့် နမ့်ခမ်း စသည့် မြို့များရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို  ၂၀၂၄ ဇူလိုင် ၉ တွင် တရုတ်ဘက်က တစ်ဖက်သတ် ပိတ်ပင်ထားခြင်း ဖြစ်သည်။

ယင်းနောက် ကြံနှင့်ပြောင်းသီးနှံ ရိတ်သိမ်းရာသီ ရောက်လာချိန်တွင်  ကျင်စန်းကျော့ဂိတ်ကို ပြန်ဖွင့်ခဲ့ခြင်းဖြစ်သည်၊ ကုန်ပစ္စည်း သယ်ယူမှုကိုလည်း ကန့်သတ်ထားသည်ဟု အမည်မဖော်လိုသည့် တရုတ်နယ်စပ်ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

“တရုတ်ကဖွင့်တာက ကြံနဲ့ပြောင်းလိုချင်လို့ပါ။ သူတို့ဘက်က ဘာမှသယ်လို့မရဘူး။ စက်ဆီပါမှာစိုးလို့ ဆီတိုင်ကီတောင် ဆီအမှတ်စစ်တာ” ဟု ၎င်းက ပြောသည်။ 

“ကြံနဲ့ပြောင်းက လယ်သမားကို အရင်းအနှီးက သူတို့(တရုတ်လုပ်ငန်းရှင်က) ထုတ်ပေးထားရတာများတယ်၊ သူတို့ပစ္စည်းများတာပေါ့”

ကြံနှင့် ပြောင်းရာသီကုန်လျှင် ထိုနယ်စပ်ဂိတ်ပြန်ပိတ်နိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောသည်။

တရုတ်က စစ်ကောင်စီကိုတိုက်နေသော အဖွဲ့များကို ဖိအားပေးသည့် အနေဖြင့် စက်သုံးဆီ အပါအဝင် နယ်စပ် ကုန်စည် စီးဆင်းမှုကို အကြီးအကျယ် ပိတ်ဆို့ထားသည်။

စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုများရပ်တန့်ရန် ဖိအားပေးသည့်အနေဖြင့် မိုင်ပေါင်း ၁,၃၀၀ ကျော် နယ်နိမိတ်ထိစပ်နေသည့် မြန်မာနှင့် တရုတ်နယ်စပ်ရှိ တိုင်းရင်းသား တော်လှန်ရေးတပ်များထိန်းချုပ်သော နယ်စပ်ဂိတ်များမှ ကုန်စည်များ ကန့်သတ်ပိတ်ပင်ထားသော်လည်း တရုတ်အစိုးရက ၎င်းတို့အလိုရှိသည့် ကုန်ပစ္စည်းများကို  တင်သွင်းနေသည်။ 

နယ်စပ်ကုန်သွယ်ရေးအကြောင်း သိနားလည်သည့် မန္တလေးမြို့မှ စီးပွားရေးသမားတစ်ဦးကလည်း တရုတ်လုပ်ငန်းရှင်တို့အကျိုးအတွက်  နယ်စပ်ဂိတ်  အချိန်ကိုက် ပြန်ဖွင့်ခြင်းဖြစ်ကြောင်း သုံးသပ်သည်။

“သူတို့က ဒီဘက်ကိုလာပြီး ရင်းနှီးမြှုပ်နှံထားတာပေါ့။ မျိုးတို့၊ မြေဩဇာတို့နဲ့ ဒီဘက်တောင်သူတွေကို ကြိုတင်ငွေတွေနဲ့ စိုက်ထုတ်ပေးထားတဲ့သဘောရှိပါတယ်။ အဲ့ဒါကြောင့်မို့လို သူတို့တင်သွင်းလို့ရအောင် ဖွင့်ထားတဲ့သဘောပါ” ဟု သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင် အမျိုးသားက ပြောသည်။ 

ရှမ်းမြောက်နှင့် ကချင်ပြည်နယ် ဗန်းမော်၊ လွယ်ဂျယ်အထိ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် စိုက်ပျိုးထားသည့် ကြံစိုက်ခင်းများရှိနေပြီး ယူနန်ပြည်နယ်အတွင်း သကြားထုတ်လုပ်ရာတွင် မြန်မာနိုင်ငံထွက်ကြံ ၃၀ ရာခိုင်နှုန်းထိ အသုံးပြုနေကြောင်း ၎င်းက ပြောသည်။

ရှမ်းမြောက်ဒေသတွင် ကြံနှင့်ပြောင်းစိိုက်ပျိုးမှုသည် ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့သည့် တရုတ်အစိုးရ၏ ဒေသတွင်း ဘိန်းစိုက်ပျိုးမှုလျှော့ချရေးအစီစဉ်၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ပြီး ထိုကုန်စည်များကို တရုတ်အစိုးရက အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။ 



တရုတ်−မြန်မာနယ်စပ်တွင် ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့ရှိ  မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးစခန်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေရှိ  ချင်းရွှေဟော်မြို့ကုန်သွယ်ရေးစခန်း၊ ကချင်ပြည်နယ်မြို့များရှိ လွယ်ဂျယ်၊ ကန်ပိုင်တည် ကုန်သွယ်ရေးစခန်းများနှင့် ရှမ်းပြည်နယ်အရှေ့ဘက်စွန်းစွန်းတွင်တည်ရှိသော ကျိုင်းတုံ-မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို သုံးပြီး   နှစ်နိုင်ငံ ကုန်သွယ်နေသည်။ 

ထိုနယ်စပ်ဂိတ်အားလုံးကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားသည်။ ရှမ်းမြောက်ဒေသရှိ မူဆယ်မြို့ကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်၍ ထိုမြို့ပေါ်ရှိ နယ်စပ်ဂိတ် ၃ ခုမှ လူအဝင်ထွက်နှင့် ကုန်သွယ်မှုရှိနေသေးကြောင်း၊ ထိုဂိတ်များကို တရုတ်က ယခုနှစ် အောက်တိုဘာ ၂၂ တွင် ပိတ်ထားရာမှာ ယခုအခါ ပြန်လည်ဖွင့်ပေးလာကြောင်း သိရသည်။

တရုတ်နယ်စပ်ဒေသအခြေစိုက် တိုင်းရင်းသားတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မြို့များကို ဆက်လက်ပိတ်ဆို့ပေးသွားမည်ဟု တရုတ်ထံမှ ကတိကဝတ်ရခဲ့ကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၂၁ရက်နေ့တွင် သတင်းထုတ်ထားသည်။

MNDAA ထိန်းချုပ် ချင်းရွှေဟော်နယ်စပ်ဂိတ်အပါအဝင် စစ်ကောင်စီစွန့်လွှတ်ခဲ့ရသည့် နယ်စပ်ဂိတ်များ၏ အဝင်အထွက်ကို ပိတ်ပင်ထားကြောင်း၊ စစ်ကောင်စီနှင့်တရုတ်အစိုးရတို့အကြား ညှိနှိုင်းပြီးမှ ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း   ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှုး၊ ရွှေလီလူဝင်မှုစစ်ဆေးရေးဌာနမှူး ကျန်းပင်းက ကတိပေးခဲ့သည်ဟု စစ်ကောင်စီကကြေညာချက်က ဆိုသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် ယခုလဆန်းအတွင်းက တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ သွားရောက်ခဲ့စဉ် ၎င်းတို့ လက်လွှတ်လိုက်ရသည့် နယ်စပ်ဂိတ်များကို ပိတ်ပေးရန် တရုတ်အစိုးရထံ တောင်းဆိုခဲ့သေးသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *