ylliX - Online Advertising Network

မြေစာပုံပြိုကျတဲ့နေရာ  ၅ ရက်ကြာလာတဲ့အထိ ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရ – Kachin News Group (KNG)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာ မြေစာပုံပြိုကျခဲ့တဲ့နေရာကို  ၅ ရက်ကြာတဲ့အထိ ဝင်ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရဘူးလို့  ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ မှော်စီစာရွာမှာရှိတဲ့ တင်အောင်ကြိုင် လုပ်ကွက်ဟောင်းမြေနေရာပြိုကျခဲ့တာဖြစ်ပြီး ဒေသခံတွေကတော့ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ မြေပြိုကျတဲ့အဲ့ဒီကုမ္ပဏီလုပ်ကွက်ဟောင်းထဲကို ဘယ်သူ့ကိုမှဝင်ခွင့်မပေးတဲ့အတွက် သေဆုံးမှုစာရင်း မသိရဘူးလို့ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လက်ရှိအနေ အထားက မြေပြိုတဲ့နေရာကို ဘယ်သူမှဝင်လို့မရဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ဝင်လို့မရဘူး ဖြစ်နေတယ်။ အဓိကပြောချင်တာက မြေပြိုတဲ့နေရာကိုဘယ်သူမှသတင်းယူပိုင်ခွင့်မရှိသလို ဘယ်လောက်သေဆုံးတယ်ဆိုတာလည်းမသိရဘူး။”လို့ပြောပါတယ်။ လက်ရှိ မြေပြိုကျမှုဖြစ်ပွားခဲ့တာဟာ မှောစီစာကျေးရွာထဲက (ဒေသအခေါ် ) တင်အောင်ကြိုင်လုပ်ကွက်ဟောင်းနေရာဖြစ်ပြီး မြေစာကားနှစ်စီးမြေစာသွန်ချရာကနေ မြေစာပြတ်ကျပြီးရေကန်ထဲလျောကျကုန်တာ လို့ ဒေသခံတွေကဆိုပါတယ်။ အဆိုပါ မြေစာပြတ်ကျရာမှာ ပျောက်ဆုံးနေတဲ့ မြေစာကားမောင်းသူ၊ မြေစာကားနောက်လိုက်သူတွေ အပါအဝင် ရေမဆေးသမားများပျောက်ဆုံးနေပြီး အခင်းဖြစ်နေရာကို မည်သည့်အဖွဲ့ကမ ဝင်ခွင့်ပိတ်ဆို့ထား တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးကဆက်ပြောပါတယ်။ “တာဝန်ရှိတဲ့သူလား၊ ကုမ္ပဏီကအဖွဲ့ဝင်တွေလားတော့မသိရဘူး။ ကန့်သတ်ချက်ပဲမဟုတ်ဘူး။ အမှောင်ချ တာ။ ကုမ္ပဏီအနေနဲ့လည်းဒီသတင်းကိုမပေါက်ကြားစေချင်တဲ့သဘောပေါ့။ တာဝန်ရှိတဲ့သူတွေ ကလည်း ဒီသတင်းကိုအပြင်မထွက်စေချင်တဲ့သဘောပေါ့။”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ဖားကန့်မြို့နယ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကစတင်လို့ အင်တာနက်ရော၊ ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရတဲ့အပြင် ဆိုင်းတောင်တိုက်ပွဲနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထိန်းချုပ်မှုတွေလည်းရှိနေတဲ့အတွက် သတင်းအတိအကျရရှိဖို့ခက်ခဲတဲ့ဒေသလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း မတ်လအတွင်းစတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAရဲ့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာထိုးစစ်ဆင်တိုက်ပွဲအတွင်း ဖားကန့်မြို့နယ်အတွင်းမှာလည်း နှစ်ဖက်တပ်တွေတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိတော့ ဖားကန့်မြို့နယ်တစ်ခုလုံးနီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နယ်မြေစိုးမိုးထားပြီး စစ်ကောင်စီရဲ့ဖားကန့်ဗျူဟာကုန်းတစ်ခုသာကျန်ရှိတော့သလို အဲ့ဒီဗျူဟာကုန်းကစစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာလည်း စစ်ရေးလှုပ်ရှားတာတွေမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်မြို့နယ်မှာ နှစ်စဥ်ဆိုသလို ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားတွေနှစ်စဥ်သေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ ဝှေခါရွာ မြေပြိုမှုမှာ အရပ်သား ၂၀၀ အထိသေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ By – အမိုး The post မြေစာပုံပြိုကျတဲ့နေရာ  ၅ ရက်ကြာလာတဲ့အထိ ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရ appeared first on Kachin News Group (KNG). Source link