မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာ ၅ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားပြည်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ ပုံမှန်အားဖြင့် မန္တလေး–မြစ်ကြီးနားကားလမ်းပိုင်းမှာ တစ်ရက်ကျော် နာရီပေါင်း ၃၀ ဝန်းကျင်မောင်းနှင်ရပေမယ့် လက်ရှိ စစ်ရေးအခြေနေကြောင့် လမ်းခရီးကြန့်ကြာနေတာဖြစ်တယ်လို့ မန္တလေးကနေ မြစ်ကြီးနားပြန်လာတဲ့အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကျွန်တော်တို့တက်လာတုန်းကတော့လမ်းမှာ သုံးညအိပ်ခဲ့ရတယ် လေးရက်ကြာတာပေါ့။ အရင်ဆိုရင်တစ်ညအိပ်နောက်မနက်ဆိုရောက်ပြီအခုက အိပ်တာကလည်းကြုံတဲ့နေရာအိမ်ရတာ။ မြို့တွေရွာတွေထဲအိပ်ရတာမဟုတ်ဘူးဗျ တောတောင်တွေထဲအိပ်ရတာအဆင်မပြေဘူး”လို့ အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ဇူလိုင်လကစပြီး စစ်ကိုင်းတိုင်းထဲမှာလည်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့် ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာတိုက်ပွဲအခြေအနေအရ အိပ်ရတာဖြစ်တယ်လို့ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ ခရီးသည်တင်ကားမောင်းနှင်နေတဲ့ကားသမားတစ်ဦးကပြောပါတယ်။ “ညအိပ်ရတာကဒီစစ်ကိုင်းတိုင်းထဲမှာပဲညအိပ်ရတာ ဘယ်နေရာမှာညအိပ်ရမယ်လို့သတ်မှတ်မထားဘူး အဖွဲ့အစည်း(KIA၊KPDFနှင့်စစ်ကောင်စီတပ်) တွေကလမ်းပိတ်ထားတဲ့နေရာအိပ်ရတာပဲ။ သူတို့သွားခိုင်းမှသွားရတာသူတို့ကလည်းစစ်ရေးအရပိတ်ချင်တဲ့နေရာမှာပိတ်လိုက်တာပဲ”လို့အသက် ၃၀ ကျော်အရွယ်ကားသမားတစ်ဦးကပြောပါတယ်။ KIA၊KPDF တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား မြစ်ကြီးနား–မန္တလေးလမ်းပိုင်းကို တိုက်ပွဲဖြစ်ပွားတဲ့အနေအခြေအပေါ်မူတည်ပြီး တစ်ချို့နေရာတွေမှာ နာရီပိုင်းနဲ့ပိတ်ထားတာမျိုးရှိသလို တချို့နေရာတွေကို တစ်ရက်(သို့မဟုတ်)တစ်ညအထိကြာပိတ်ထားတာမျိုးရှိတယ်လို့သိရပါတယ်။ အခုလိုမြစ်ကြီးနားမန္တလေးလမ်းပိုင်းမှာအရင်ကထက် သုံးရက်ခန့်ကြာအောင်သွားနေရတာကြောင့်အခက်အခဲအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရကြောင်း ခရီးသွားအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “လမ်းမှာကြာမယ်တော့သိထားတယ်။ဒါပေမယ့် နှစ်ည သုံးညကြာမယ်လို့တော့မထင်ထားဘူးလေ လေယာဥ်ခများလို့ကားနဲ့သွားရတာ ဒါပေမယ့်ကုန်ကျစရိတ်တွေကလမ်းမှာစားရတာနဲ့ဆိုအတူတူလောက်ပဲကုန်မှာဗျ တောထဲမှာ ခြင်ကိုက် ဖြုတ်ကိုက်နဲ့ပိုတောင်ဒုက္ခရောက်သေးတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနား –မန္တလေးလမ်းပိုင်း မော်တော်ယာဥ်စီးခဟာ လူတစ်ဦးကို ကျပ် ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) ကနေ ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) အထိရှိတယ်လို့ မြစ်ကြီးနားမြို့ High Class ကားဂိတ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အံစာတုံးလိုမျိုးကားသေးလေးတွေကတော့ တစ်သိန်းခွဲပါ နောက်ပြီးကျ မှန်ကားအကြီးတော့မဟုတ်ဘူးမှန်လုံကားအလတ်ပေါ့အဲ့တာကျတော့ နှစ်သိန်းဗျတစ်ယောက်ကိုလမ်းမှာ သုံးလေးရက်တော့ကြာနိုင်တယ်ဗျအာမခံလို့မရဘူးအခြေအနေပေါ်မူတည်တယ်”လို့ သူကပြောပါတယ်။ ခရီးသည်တင်ကားတွေနဲ့အလားတူ ကုန်တင်ကားတွေလည်းမန္တလေး– မြစ်ကြီးနားလမ်းပိုင်းမှာ အနည်းဆုံး ၈ရက်ကနေ ၁၃ရက်လောက်အထိကြန့်ကြာနေတာကြောင့် လက်ရှိကချင်ပြည်နယ်ထဲမှာ မန္တလေးဘက်က ကုန်စည်အဝင်နှေးတာကြောင့် ကုန်ပစ္စည်းအချို့ရှားပါးတာ၊ ကုန်စျေးနှုန်းအဆမတန်မြင့်တက်တာတွေဖြစ်နေတယ်လို့သိရပါတယ်။ အင်းတော်မြို့နယ်ထဲမှာတိုက်ပွဲတွေကြောင့်မန္တလေး–မြစ်ကြီးနားကုန်သွယ်ရေးလမ်းမကြီးကို အင်းတော်မြို့နယ်ထဲမှာသြဂုတ်လကတည်းကပိတ်ထားလိုက်တာဖြစ်ပြီး အင်းတော်မြို့နယ်ကိုပတ်တဲ့ဖြတ်လမ်းနဲ့ခက်ခက်ခဲခဲ သွားလာနေကြရကြောင်းကားသမားတွေဆီကနေသိရပါတယ်။ By – Zaw Zaw The post မြစ်ကြီးနား-မန္တလေးလမ်းခရီး ၄ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားများအခက်အခဲဖြစ်နေ appeared first on Kachin News Group (KNG). Source link