မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းတွင် လနှင့်ချီ ဖမ်းဆီးခံထားရသည့် တော်လှန်ရေးတပ်သား ငါးဦးသည် ယမန်နေ့ (နိုဝင်ဘာ ၂၅) နံနက်ပိုင်းက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ပေါက်မြို့နယ်အရှေ့ဘက် ၁၃ မိုင်အကွာရှိ အဆိုပါရဲစခန်းမှ ထွက်ပြေးလွတ်မြောက်လာသူများထဲတွင် ၎င်းတို့တပ်ဖွဲ့ဝင် အမျိုးသားသုံးဦး ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ တပ်ဖွဲ့ဝင်သုံးဦးသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က လုပ်ငန်းတာဝန်ဖြင့် ခရီးသွားစဉ် လမ်းမှားကာ ရေပြာရဲစခန်းရှေ့ ရောက်သွားခဲ့ပြီးနောက် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ကျန်နှစ်ဦးသည် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး လအတန်ကြာကပင် ထိုရဲစခန်းတွင် ချုပ်နှောင်ခံထားရသူများဖြစ်ကြောင်း ၎င်းက ပြောသည်။ […]