ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်နိုင်ငံအပေါ် အစ္စရေးဆက်လက်စစ်ဆင်နေချိန်မှာပဲ ဂါဇာမှာ အစ္စရေးစစ်တပ်က စစ်ရာဇဝတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့အမှုတွေ ချိုးဖောက်နေတယ်လို့ Human Rights Watch အဖွဲ့ကြီးက စွပ်စွဲလိုက်ပါတယ်။ ဂါဇာဒေသမှာ ပါလက်စတိုင်းပြည်သူတွေ ဘေးလွတ်ရာ မဖြစ်မနေပြောင်းရအောင် အကြိမ်ကြိမ် လုပ်နေတာဟာ အတင်းအကြပ်ပြောင်းရွှေ့စေတဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ HRW အဖွဲ့က ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။ ထားခဲ့ရတဲ့နေရာတွေမှာလည်း ပြန်နေလို့မရတဲ့ အခြေအနေမျိုး ဖျက်ဆီးပစ်တာဟာ လူမျိုးပြုတ်အောင်ရှင်းလင်းမှုဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီနေပုံရတယ်လို့လည်း ဖော်ပြထားပါတယ်။ လူတွေမဖြစ်မနေ ပြောင်းရွှေ့ကြရအောင် တွန်းအားပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာကို HRW ကစုံစမ်းတွေ့ရှိကြောင်းနဲ့ ဒီလိုဆောင်ရွက်မှုတွေဟာ အစ္စရေးအစိုးရ စနစ်တကျလုပ်နေတဲ့မူဝါဒ တစိတ်တပိုင်းဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ ပြသနေတယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။ HRW ရဲ့ အစီရင်ခံနဲ့ပတ်သက်လို့ အစ္စရေးဘက်က တစုံတရာ […]