မြစ်ကြီးနား – မန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့မိန်းကားလမ်းမကြီး စစ်ရေးအခြေနေကြောင့်ပိတ်လိုက်တဲ့နောက် ခရီးသွားပြည်သူတွေဟာ အဓိကအသုံးပြုနေတဲ့မြို့ပတ်လမ်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး ထပ်ပိတ်လိုက်တယ်လို့ အင်းတော်မြို့ဒေသခံတွေပြောပါတယ်။ “နိုဝင်ဘာ ၄ ရက်နေ့ ပြန်ပိတ်လိုက်တာ တပ်ဘက်ကပိတ်တာဗျ။ ဘာကြောင့်ဆိုဒီတိုင်းပဲရုတ်တရက်ပိတ်ချလိုက်တာ လောလောဆယ်နားစွင့်ရသလောက်အဲ့ဘက်မှာတိုက်ပွဲလည်းပြန်ဖြစ်လာတယ်”လို့ မြစ်ကြီးနား– မန္တလေးလမ်းပိုင်း ကားလိုင်းပြေးဆွဲနေတဲ့ အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လစပြီး စစ်တပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲပြင်းထန်လာတာကြောင့် အင်းတော်မြို့နယ်ထဲရှိ မိန်းကားလမ်းမကြီးကို နှစ်ဖက်လက်နက်ကိုင်တပ်တွေ အသွားအလာပိတ်လိုက်တဲ့နောက် မြို့ပတ်လမ်းကိုအသုံးပြုနေတာ ခုဆိုရင် ၄ လဝန်းကျင်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီလမ်းပိုင်းဟာ အညာဒေသဘက်ကနေ ကချင်ပြည်နယ်ဘက်ကို အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေကို အဓိက သယ်ယူနေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်က ကားလမ်းပိုင်းပိတ်လိုက်ရတဲ့အကြောင်းအရင်းအသေးစိတ်မသိရပေမယ့် မြို့ပတ်လမ်းပိုင်းကို နိုဝင်ဘာ ၄ ရက်နေ့ကနေ နိုဝင်ဘာ ၁၈ ရက်နေ့ထိ (၁၅)ကြာပိတ်ထားမယ်လို့ သိရပါတယ်။ မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း အင်းတော်မြို့ရှောင်လမ်းကို စစ်ရေးအရ တစ်ရက်(သို့မဟုတ်) နှစ်ရက်ကြာပိတ်ထားတာမျိုးတော့မကြာခနရှိပေမယ့် အခုလိုရက်ရှည်ပိတ်တာမျိုးတော့မရှိဘူးလို့ မြစ်ကြီးနားမြို့ မြစ်ဖျားဧရာအဝေးပြေးကားဂိတ်မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ပိတ်တာတော့ပိတ်တယ်ပိတ်ပေမယ့် ကားတော့ဒီမနက်ထိထွက်သွားကြတယ် ခါတိုင်းလို တစ်ရက် နှစ်ရက်လောက်ပဲပိတ်မယ်ထင်တာပေါ့ လမ်းရောက်မှ ကြာမယ်လို့သိရတော့အခုလမ်းမှာပိတ်မိနေကြတယ်။ စောင့်နိုင်တဲ့လူကလမ်းမှာစောင့်တချို့လှည့်ပြန်တဲ့လူလည်းရှိမှာပဲ”လို့ သူကပြောပါတယ်။ မြစ်ကြီးနား–မန္တလေးမိန်းလမ်းမကြီးပိတ်ထားတာကြောင့် လက်ရှိ ကချင်ပြည်နယ်ထဲကို ကုန်စည်အဝင်မရှိတဲ့အပြင် ကားလမ်းပိတ်ထားတာအချိန်ကြာမြင့်သွားရင် ကုန်စည်ပြတ်လပ်မှုတွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြတယ်လို့သိရပါတယ်။ မန္တလေး–မြစ်ကြီးနားကားလမ်းမကြီးကိုတော့ သြဂုတ်လကတည်းက အင်းတော်မြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် နှစ်ဖက်အဖွဲ့အစည်းတွေကပိတ်လိုက်တာဖြစ်ပြီး ဒီကနေ့အထိစစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့်ပြန်မဖွင့်နိုင်သေးတာဖြစ်ပါတယ်။ ခရိုင်လေးခု၊မြို့နယ် ၁၈ မြို့နယ်၊လူဦးရေး တစ်သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ဘက်ကို အညာဒေသနဲ့ တရုတ်နိုင်ငံဘက်ကနေ အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်အဓိက ဝင်ရောက်တာလည်းဖြစ်ပါတယ်။ သို့သော် လတ်တလော တရုတ်နယ်စပ်ဂိတ်အားလုံးကိုလည်း တရုတ်ဘက်က ပိတ်လိုက်တဲ့အပြင် မြစ်ကြီးနား– မန္တလေးကားလမ်းပိုင်း အင်းတော်မြို့နယ်ထဲက တစ်ခုတည်းသွာလာလို့ရနေတဲ့ မြို့ပတ်လမ်းကိုလည်းပိတ်လိုက်တာကြောင့် အဖက်ဖက်ကနေ ခက်ခဲကြပ်တည်းလာနေတယ်လို့ မြစ်ကြီးနား ဒေသခံတွေပြောပါတယ်။ By – Zaw Zaw The post အင်းတော်မြို့ပတ်လမ်း စစ်တပ်ကပြန်ပိတ် appeared first on Kachin News Group (KNG). Source link
မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာ ၅ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားပြည်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ ပုံမှန်အားဖြင့် မန္တလေး–မြစ်ကြီးနားကားလမ်းပိုင်းမှာ တစ်ရက်ကျော် နာရီပေါင်း ၃၀ ဝန်းကျင်မောင်းနှင်ရပေမယ့် လက်ရှိ စစ်ရေးအခြေနေကြောင့် လမ်းခရီးကြန့်ကြာနေတာဖြစ်တယ်လို့ မန္တလေးကနေ မြစ်ကြီးနားပြန်လာတဲ့အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကျွန်တော်တို့တက်လာတုန်းကတော့လမ်းမှာ သုံးညအိပ်ခဲ့ရတယ် လေးရက်ကြာတာပေါ့။ အရင်ဆိုရင်တစ်ညအိပ်နောက်မနက်ဆိုရောက်ပြီအခုက အိပ်တာကလည်းကြုံတဲ့နေရာအိမ်ရတာ။ မြို့တွေရွာတွေထဲအိပ်ရတာမဟုတ်ဘူးဗျ တောတောင်တွေထဲအိပ်ရတာအဆင်မပြေဘူး”လို့ အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ဇူလိုင်လကစပြီး စစ်ကိုင်းတိုင်းထဲမှာလည်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့် ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာတိုက်ပွဲအခြေအနေအရ အိပ်ရတာဖြစ်တယ်လို့ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ ခရီးသည်တင်ကားမောင်းနှင်နေတဲ့ကားသမားတစ်ဦးကပြောပါတယ်။ “ညအိပ်ရတာကဒီစစ်ကိုင်းတိုင်းထဲမှာပဲညအိပ်ရတာ ဘယ်နေရာမှာညအိပ်ရမယ်လို့သတ်မှတ်မထားဘူး အဖွဲ့အစည်း(KIA၊KPDFနှင့်စစ်ကောင်စီတပ်) တွေကလမ်းပိတ်ထားတဲ့နေရာအိပ်ရတာပဲ။ သူတို့သွားခိုင်းမှသွားရတာသူတို့ကလည်းစစ်ရေးအရပိတ်ချင်တဲ့နေရာမှာပိတ်လိုက်တာပဲ”လို့အသက် ၃၀ ကျော်အရွယ်ကားသမားတစ်ဦးကပြောပါတယ်။ KIA၊KPDF တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား မြစ်ကြီးနား–မန္တလေးလမ်းပိုင်းကို တိုက်ပွဲဖြစ်ပွားတဲ့အနေအခြေအပေါ်မူတည်ပြီး တစ်ချို့နေရာတွေမှာ နာရီပိုင်းနဲ့ပိတ်ထားတာမျိုးရှိသလို တချို့နေရာတွေကို တစ်ရက်(သို့မဟုတ်)တစ်ညအထိကြာပိတ်ထားတာမျိုးရှိတယ်လို့သိရပါတယ်။ အခုလိုမြစ်ကြီးနားမန္တလေးလမ်းပိုင်းမှာအရင်ကထက် သုံးရက်ခန့်ကြာအောင်သွားနေရတာကြောင့်အခက်အခဲအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရကြောင်း ခရီးသွားအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “လမ်းမှာကြာမယ်တော့သိထားတယ်။ဒါပေမယ့် နှစ်ည သုံးညကြာမယ်လို့တော့မထင်ထားဘူးလေ လေယာဥ်ခများလို့ကားနဲ့သွားရတာ ဒါပေမယ့်ကုန်ကျစရိတ်တွေကလမ်းမှာစားရတာနဲ့ဆိုအတူတူလောက်ပဲကုန်မှာဗျ တောထဲမှာ ခြင်ကိုက် ဖြုတ်ကိုက်နဲ့ပိုတောင်ဒုက္ခရောက်သေးတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနား –မန္တလေးလမ်းပိုင်း မော်တော်ယာဥ်စီးခဟာ လူတစ်ဦးကို ကျပ် ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) ကနေ ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) အထိရှိတယ်လို့ မြစ်ကြီးနားမြို့ High Class ကားဂိတ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အံစာတုံးလိုမျိုးကားသေးလေးတွေကတော့ တစ်သိန်းခွဲပါ နောက်ပြီးကျ မှန်ကားအကြီးတော့မဟုတ်ဘူးမှန်လုံကားအလတ်ပေါ့အဲ့တာကျတော့ နှစ်သိန်းဗျတစ်ယောက်ကိုလမ်းမှာ သုံးလေးရက်တော့ကြာနိုင်တယ်ဗျအာမခံလို့မရဘူးအခြေအနေပေါ်မူတည်တယ်”လို့ သူကပြောပါတယ်။ ခရီးသည်တင်ကားတွေနဲ့အလားတူ ကုန်တင်ကားတွေလည်းမန္တလေး– မြစ်ကြီးနားလမ်းပိုင်းမှာ အနည်းဆုံး ၈ရက်ကနေ ၁၃ရက်လောက်အထိကြန့်ကြာနေတာကြောင့် လက်ရှိကချင်ပြည်နယ်ထဲမှာ မန္တလေးဘက်က ကုန်စည်အဝင်နှေးတာကြောင့် ကုန်ပစ္စည်းအချို့ရှားပါးတာ၊ ကုန်စျေးနှုန်းအဆမတန်မြင့်တက်တာတွေဖြစ်နေတယ်လို့သိရပါတယ်။ အင်းတော်မြို့နယ်ထဲမှာတိုက်ပွဲတွေကြောင့်မန္တလေး–မြစ်ကြီးနားကုန်သွယ်ရေးလမ်းမကြီးကို အင်းတော်မြို့နယ်ထဲမှာသြဂုတ်လကတည်းကပိတ်ထားလိုက်တာဖြစ်ပြီး အင်းတော်မြို့နယ်ကိုပတ်တဲ့ဖြတ်လမ်းနဲ့ခက်ခက်ခဲခဲ သွားလာနေကြရကြောင်းကားသမားတွေဆီကနေသိရပါတယ်။ By – Zaw Zaw The post မြစ်ကြီးနား-မန္တလေးလမ်းခရီး ၄ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားများအခက်အခဲဖြစ်နေ appeared first on Kachin News Group (KNG). Source link