ကျွန်းနိုင်ငံကျွန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့အကြီးဆုံးကျွန်းနိုင်ငံဖြစ်သလို ကမ္ဘာပေါ်မှာ ကျွန်းအများဆုံးရှိတဲ့နိုင်ငံလည်း ဖြစ်လို့နေပါတယ်။ ကျွန်းတွေများလွန်းလို့ ကျွန်းပေါင်းဘယ်လောက်ရှိလဲ အတိအကျ မရေတွက်နိုင်ကြပါဘူး။ ခန့်မှန်းချေအနေနဲ့ကတော့ ကျွန်းပေါင်း ၁၇၀၀၀ ကျော်ရှိမယ်လို့ သိရပါတယ်။ ဒီကျွန်းတွေအနက် ကျွန်းပေါင်း ၈၈၀၀ ကျော်မှာသာ အမည်ရှိပြီး လူနေထိုင်တဲ့ ကျွန်းတွေကလည်း ၉၀၀ကျော်လောက်သာရှိပါတယ်။ ကျွန်းပေါင်းများစွာရှိတဲ့အနက် ဂျာဗား၊ ဆူမားတြားနဲ့ ဘာလီကျွန်းတွေက အထင်ရှားဆုံးကျွန်းတွေပါ။ ကမ္ဘာ့ဒုတိယ၊ တတိယနဲ့ ဆဌမ အကြီးဆုံးကျွန်းတွေကလည်း အင်ဒိုနီးရှားမှာ ရှိနေပါတယ်။ ကျွန်းတွေများတော့ ကမ်းရိုးတန်းတွေကလည်း များတာကြောင့် ကမ်းရိုးတန်းတွေ အားလုံးပေါင်းလိုက်ရင် ကီလိုမီတာပေါင်း ၅၄၇၁၆ရှိလို့ ကမ္ဘာပေါ်မှာ ဒုတိယကမ်းရိုးတန်းအရှည်ဆုံးနိုင်ငံလည်း ဖြစ်လို့နေပါတယ်။ အာဆီယံနိုင်ငံတွေထဲ အကြီးဆုံးနိုင်ငံဖြစ်သလို နိုင်ငံအရှေ့ဘက်အစွန်းကနေ အနောက်ဘက်အစွန်းထိအရှည်က ကီလိုမီတာပေါင်း ၅၁၂၀ရှိပါတယ်။ နိုင်ငံကကျယ်တော့ တစ်နိုင်ငံထဲ စံတော်ချိန် ၃မျိုးရှိလို့နေပါတယ်။ […]