ylliX - Online Advertising Network
ကမ္ဘာ့အကြီးဆုံး ကျွန်းနိုင်ငံ အင်ဒိုနီးရှား (Indonesia)

ကမ္ဘာ့အကြီးဆုံး ကျွန်းနိုင်ငံ အင်ဒိုနီးရှား (Indonesia)


ကျွန်းနိုင်ငံ
ကျွန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့အကြီးဆုံးကျွန်းနိုင်ငံဖြစ်သလို ကမ္ဘာပေါ်မှာ ကျွန်းအများဆုံးရှိတဲ့နိုင်ငံလည်း ဖြစ်လို့နေပါတယ်။ ကျွန်းတွေများလွန်းလို့ ကျွန်းပေါင်းဘယ်လောက်ရှိလဲ အတိအကျ မရေတွက်နိုင်ကြပါဘူး။ ခန့်မှန်းချေအနေနဲ့ကတော့ ကျွန်းပေါင်း ၁၇၀၀၀ ကျော်ရှိမယ်လို့ သိရပါတယ်။ ဒီကျွန်းတွေအနက် ကျွန်းပေါင်း ၈၈၀၀ ကျော်မှာသာ အမည်ရှိပြီး လူနေထိုင်တဲ့ ကျွန်းတွေကလည်း ၉၀၀ကျော်လောက်သာရှိပါတယ်။ ကျွန်းပေါင်းများစွာရှိတဲ့အနက် ဂျာဗား၊ ဆူမားတြားနဲ့ ဘာလီကျွန်းတွေက အထင်ရှားဆုံးကျွန်းတွေပါ။ ကမ္ဘာ့ဒုတိယ၊ တတိယနဲ့ ဆဌမ အကြီးဆုံးကျွန်းတွေကလည်း အင်ဒိုနီးရှားမှာ ရှိနေပါတယ်။ ကျွန်းတွေများတော့ ကမ်းရိုးတန်းတွေကလည်း များတာကြောင့် ကမ်းရိုးတန်းတွေ အားလုံးပေါင်းလိုက်ရင် ကီလိုမီတာပေါင်း ၅၄၇၁၆ရှိလို့ ကမ္ဘာပေါ်မှာ ဒုတိယကမ်းရိုးတန်းအရှည်ဆုံးနိုင်ငံလည်း ဖြစ်လို့နေပါတယ်။ အာဆီယံနိုင်ငံတွေထဲ အကြီးဆုံးနိုင်ငံဖြစ်သလို နိုင်ငံအရှေ့ဘက်အစွန်းကနေ အနောက်ဘက်အစွန်းထိအရှည်က ကီလိုမီတာပေါင်း ၅၁၂၀ရှိပါတယ်။ နိုင်ငံကကျယ်တော့ တစ်နိုင်ငံထဲ စံတော်ချိန် ၃မျိုးရှိလို့နေပါတယ်။

လူမျိုး
နိုင်ငံကကြီးသလို လူဦးရေလည်းများပါတယ်။ လူပေါင်းသန်း၂၆၀ နေထိုင်လို့ ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံး နေထိုင်တဲ့နိုင်ငံဖြစ်လို့နေပါတယ်။ ဂျာဗားကျွန်းကတော့ ကမ္ဘာ့လူဦးရေအထူထပ်ဆုံးကျွန်းပါ။ မူဆလင်အများဆုံးနေထိုင်လို့ ကမ္ဘာ့မူဆလင် အများဆုံးနေထိုင်တဲ့ နိုင်ငံလည်းပဲဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုပေါင်း ၃၀၀ကျော်ရှိပြီး ဘာသာစကားပေါင်း ၇၀၀ လောက်ကိုလည်း သုံးကြတယ်လို့သိရပါတယ်။

မီးတောင်နိုင်ငံ
ကျွန်းနိုင်ငံဖြစ်တဲ့အလျောက် မီးတောင်တွေလည်း ပေါများပါတယ်။ မီးတောင်ပေါင်း ၁၃၉တောင်ရှိလို့ ကမ္ဘာ့တတိယမီးတောင်အများဆုံးနိုင်ငံလည်းပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးမီးတောင်ရေကန်နဲ့ ကမ္ဘာ့အကြီးဆုံးရွှေတွင်းလည်း ရှိလို့နေပါတယ်။ မီးတောင်ရှင်တွေလည်း ရှိသေးသလို တချို့မီးတောင်ပေါ်ကို လူတွေတက်ရောက်နိုင်ပါတယ်။ မီးတောင်တွေအနက် Mount Bromo မီးတောင်က ရှုခင်းလှလို့ ကျော်ကြားပါတယ်။ Kelimata မီးတောင်ပေါ်က ရေကန်၃ခုကလည်း စိမ်းပြာ၊ အနီ၊ အနက်အရောင် ၃ရောင်ပြောင်းလေ့ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာ့အကြီးဆုံးပန်းနဲ့ ကိုမိုဒိုနဂါး
ကျွန်းတွေ မီးတောင်တွေ တောတောင်တွေနဲ့ဆိုတော့ သတ္တဝါနဲ့အပင်တွေကို စုံလင်စွာတွေ့ရတတ်တာကြောင့် Megadiverse နိုင်ငံ ၁၇နိုင်ငံထဲမှာ တစ်ခုအပါအဝင်ဖြစ်လို့နေပါတယ်။ ကမ္ဘာ့အကြီးဆုံးပုတ်သင်ညိုဖြစ်တဲ့ ကိုမိုဒိုနဂါးနဲ့ ၂မီတာအမြင့်ထိကြီးထွားနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးပန်း Coarpse Flower တို့ကိုလည်း အင်ဒိုနီးရှားမှာပဲ တွေ့နိုင်တာပါ။ ကိုမိုဒိုနဂါးတွေက ပေါင်၁၅၀အထိ အလေးချိန်ရှိတတ်ပြီး အဆိပ်ရှိအသားစားသတ္တဝါတွေပဲ ဖြစ်ပါတယ်။ သူတို့တွေကို တွေ့ရလေ့ရှိတဲ့ ကိုမိုဒိုကျွန်းကို နိုင်ငံခြားသားဧည့်သည်တွေ တကူးတကသွားရောက်လေ့ရှိကြပါတယ်။

dav

ကမ္ဘာ့အမွေအနှစ်နေရာ
ဆန်းကြယ်တဲ့ သဘာဝတရားတွေ၊ အလှအပတွေရှိသလို သမိုင်းနဲ့ ယဉ်ကျေးမှုလည်း ထွန်းကားပါတယ်။ ယူနက်စကိုကနေအသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အမွေအနှစ်နေရာပေါင်း ၈ခုရှိတဲ့အနက် ဂျာဗားကျွန်းပေါ်ရှိ ဘောရောဗုဒ္ဓေါကျောင်းဆောင်ကြီးက ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓဘာသာကျောင်းဆောင်ကြီးဖြစ်ပြီး ၉ရာစုကတည်းကတည်ထားခဲ့တဲ့ ရှေးဟောင်းလက်ရာမွန်တစ်ခုပဲဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ ကမ္ဘာ့ခရီးသွားအများဆုံးနေရာက ဘာလီကျွန်းဖြစ်ပြီး မြို့တော်ဂျာကာတာနဲ့ ဂျော့ဂျာကာတာမြို့တွေဆီလည်း လည်ပတ်လေ့ရှိကြပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂီဦး



Source link

Leave a Reply

Your email address will not be published. Required fields are marked *