မာလကာရွက်က ပုံမှန် စားလေ့စားထ မရှိကြပေမယ့် အရွက်ပြုတ်ရည်ကို ဆံပင်သန်ဖို့ သုံးတာမျိုး အရွက်ရဲ့ သတ္တုရည်ကို အနာကျက်စေဖို့ သုံးတာမျိုး၊ အရွက်ကို ကြိတ်ခြေပြီး အနာတွေပေါ်မှာ အုံတာမျိုးနဲ့ အသားအရေ အလှအပအတွက် သုံးကြတာမျိုးတွေကတော့ တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါကြောင့် အခုတစ်ခေါက် ပြောပြပေးချင်တာလေးက မာလကာရွက်ကို စားလို့ရလား! စားလို့ရတယ်ဆိုရင်ရော ကောင်းကျိုးလေးတွေ ရနိုင်မလားဆိုတာကို မျှဝေပေးချင်တာပါ။
မာလကာရွက် စားလို့ ရလား!
အရင်ဆုံး မာလကာရွက်ကို စားလို့ရလား! ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ မာလကာရွက်က နေ့စဉ် စားသုံးမှုမှာ ထည့်သွင်းစားလေ့ရှိတဲ့ အရွက်တစ်မျိုး မဟုတ်ပေမယ့် မာလကာရွက် နုနုလေးတွေကိုတော့ နည်းနည်းကျဉ်းကျဉ်း စားလို့ရပါတယ်။
ပြောချင်တာကတော့ မာလကာရွက်ကို ဆေးဖြစ်ဝါးဖြစ်လေးလောက်တော့ စားလို့ ရတယ်လို့ပါ။ အထူးသဖြင့်ကတော့ အရွက်ရင့်တွေမဟုတ်ဘဲ အရွက်နုနုလေးတွေပါ။
မာလကာရွက် နုနုလေးကို စားလို့ရတယ်ဆိုတဲ့နေရာမှာလည်း ဆားရည်နဲ့ သေချာလေး ဆေးကြောသန့်စင်ပြီးမှ ထိုက်သင့်တဲ့ ပမာဏလောက်ပဲ စားဖို့ပါ။
မာလကာရွက် ကျန်းမာရေး ကောင်းကျိုးများလား!
မာလကာရွက် ကျန်းမာရေး ကောင်းကျိုး များလားဆိုတော့ မာလကာရွက်လေးတွေကို ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခုနဲ့ နည်းစနစ်မှန်မှန် စားပေးမယ်ဆိုရင် –
- အစာအိမ်အူလမ်းကြောင်း ကျန်းမာစေမယ်
မာလကာရွက်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးသလို အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- ကိုယ်ခံအား ကောင်းစေမယ်
မာလကာရွက်မှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ဖျားနာမှု ကင်းစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ်
အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစားစားပြီးချိန်မှာ ရုတ်တရက်သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရှိသူတွေမှာရော ဆီးချိုကို ကာကွယ်ချင်သူတွေအတွက်ပါ ကောင်းကျိုး ရှိစေမှာပါ။
- နှလုံးကျန်းမာစေမယ်
မာလကာရွက်က အမျှင်ဓာတ်ကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေပြီး ကောင်းကျိုးပြု ကိုလက်စထရောကို မြင့်တက်စေနိုင်တာကြောင့် သွေးစီးဆင်းမှု ကောင်းစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ်
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ မာလကာရွက်က ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာ ပုံမှန်မဟုတ်ဘဲ ကြီးထွားတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးသလို ကင်ဆာဖြစ်နိုင်ခြေကို လည်း အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်မှာပါ။
မာလကာရွက်က စားလေ့စားထရှိတဲ့ အရွက်တစ်မျိုး မဟုတ်ပေမယ့် ရှေးယခင်ကာလတွေကတည်းက ဆေးဖက်ဝင်အဖြစ် အသုံးပြုခဲ့ကြတာပါ။ အပေါ်မှာ ပြောခဲ့သလို ဆေးဝါးတစ်ရပ်အနေနဲ့ အတန်အသင့် စားပေးတာမျိုး လုပ်ပေးမယ်ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ ကောင်းကျိုးလေးတွေကို ရရှိစေနိုင်မှာပါ။
The post မာလကာရွက် စားလို့ ရလား! ကောင်းကျိုးများလား! appeared first on LOTOSHINN.