ကချင်ပြည်နယ်အရှေ့ဘက်၊ တရုတ်နယ်စပ်ရှိ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ KIO အစိုးရအနေဖြင့် အုပ်ချုပ်စနစ်ကို စတင်ထူထောင်တဲ့အခါ ဗဟိုအမိန့်နဲ့ တိုက်ရိုက်အုပ်ချုပ်တဲ့စနစ် မဟုတ်ဘဲ ဒေသခံအသံကို အခြေခံတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့ လိုအပ်ကြောင်း ဒေသခံတချို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ နဲ့ အောက်တိုဘာလအတွင်း ကချင်အထူးဒေသ(၁) ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ် နှင့် ဆော့လော်မြို့ရှိ နယ်စပ် မြို့၊ ကျေးရွာတွေကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။
ချီဖွေမြို့၊ ဆော့လော်မြို့၊ ပန်ဝါ မြို့ အပြင် နယ်ခြားစောင့်တပ် ဌာနချုပ် ၁၀၀၂ အခြေစိုက်ခဲ့တဲ့ လုပီ၊ ၁၀၀၃ အခြေစိုက် စစ်ကြိုင် ကျေးရွာတွေဟာ KIO ထိန်းချုပ်နယ်မြေ ဖြစ်လာခဲ့ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ စတင်နေချိန် ဒေသခံတချို့ အကြုံပြု ပြောဆိုလာတာဖြစ်ပါတယ်။
အဲဒီဒေသတွေဟာ နှစ်ပေါင်း ၅၀ ခန့်အကြာ KIO အုပ်ချုပ်ရေးစနစ်နဲ့ သီးခြားဆိုသလို ဝေးကွာခဲ့တဲ့အတွက် နေရာလည်းဖြစ်ပါတယ်။ လာချိဒ်၊ လော်ဝေါ်၊ ရဝမ် နဲ့ လီဆူ မျိုးနွယ်တွေ အများဆုံးနေထိုင်ကြတဲ့ နယ်မြေဒေသလည်း ဖြစ်ပြီး ကချင်အထူးဒေသ(၁) တစ်ခုလုံးက KIO/KIA ရဲ့ ထိန်းချုပ်မှုနယ်မြေထဲရောက်သွားတဲ့နောက်ပိုင်း ဒေသအတွင်းပြည်သူလူထုတစ်ချို့က KIO/KIA ထိန်းချုပ်လာတဲ့အပေါ်မှာ ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။
ဒါက နယ်ခြားစောင့်တပ် ဌာနချုပ်ဖြစ်ခဲ့တဲ့ ပန်ဝါမြို့သိမ်းပိုက်ပြီး ဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် အရပ်သားနေအိမ်တစ်ချို့ ဖောက်ထွင်းခံရတာ၊ KIA ယူနီဖောင်းဝတ်ထားပြီး ပြည်သူတွေကို ခြိမ်းခြောက်ကြိမ်းမောင်းတာရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး KIA နဲ့ နီးစပ်သူတွေပြောတာက KIA ကိုအလိုမရှိတဲ့သူတစ်ချို့ ပြည်သူနဲ့ KIA တပ်အကြား အထင်မြင်လွှဲမှားပြီး ယုံကြည်မှုမရှိအောင် KIA တပ်ဖွဲ့ပုံစံ အသွင်ယူပြီး လှုပ်ရှားနေတာရှိတယ်လို့ ပြောပါတယ်။
မည်သို့ပင်ဆိုစေ ခုလိုဖြစ်စဥ်တွေကြောင့် KIO/KIA အစိုးရရဲ့ ထိန်းချုပ်မှုအောက်ရောက်လာကြမယ့် ကချင်အထူးဒေသ ၁ ပြည်သူလူထုတစ်ချို့ KIO/KIA ရဲ့ အုပ်ချုပ်မှုစနစ်ကို စိုးရိမ်မှုတွေရှိနေပါတယ်။
“ဖြစ်နိုင်ရင်တော့ ပြည်သူလူထုအားလုံးသဘောတူတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ သွားရင်အကောင်းဆုံးဖြစ်မယ်လို့ ထင်တယ်။ ကျမတို့ကိုယ်တိုင်လည်း ငယ်ကတည်းက ဒီမှာကြီးပြင်းလာကြတယ်ဆိုတော့ လက်နက်ကိုင်တွေကအရမ်းများတယ်။ ပြည်သူ့စစ်၊ စစ်တပ် ဆိုပြီး အာဏာရှင်စနစ်နဲ့ပဲ မြင်တွေ့လာရတယ်။ အဓိကတော့ ပြည်သူတွေ ကြောက်လန့်ပြီး နေရတာမျိုးမလိုချင်ဘူး။ ဒေသငြိမ်းချမ်းဖို့နဲ့ ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ် တိုက်ပွဲ မဖြစ်ဖို့ အသက်လုံခြုံရေးက အရေးကြီးဆုံး ပါပဲ” လို့ ကံပိုင်တည်မြို့ခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။
အဲဒီဒေသမှာ ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ဖူးတဲ့ လက်နက်ကိုင်ပေါင်းစုံ ပြည်သူလူထုကို ခြိမ်းခြောက် အုပ်ချုပ်တဲ့ ပုံစံမျိုးနဲ့ မဟုတ်ဘဲ ပြည်သူလူထုရဲ့ အသက်အိုးအိမ် ၊ အသက်လုံခြုံရေးကို အာမခံ ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ သွားနိုင်ဖို့ မျှော်လင့်တယ်လို့ နယ်စပ်ဒေသက အမျိုးသမီးက ဆက်ဆိုပါတယ်။
လက်ရှိ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မြို့နယ်၊ ကျေးရွာတွေမှာ အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေတဲ့ KIO/KIA အနေနဲ့ အုပ်ချုပ်ရေးစနစ်ဖော်ဆောင်တဲ့အခါမှာ ဒေသကိုအခြေခံပြီး လူမျိုးအားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ သွားဖို့လိုအပ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကလည်း ပြောပါတယ်။
“သိမ်းပိုက်ရရှိထားပြီဖြစ်တဲ့ နေရာဒေသအားလုံးမှာ ကချင်လူမျိုးအားလုံးနေထိုင်ကြတဲ့ ဒေသရှိသလို တခြားဒေသမှာက မတူညီတဲ့ မျိုးနွယ်တွေနဲ့ ပူးပေါင်းနေထိုင်ကြတဲ့ ဒေသတွေရှိကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နေရာဒေသတွေကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်တဲ့အတွက် KIO/KIA အနေနဲ့ စစ်အာဏာတစ်ခုထဲနဲ့ အုပ်ချုပ်ထားတာမျိုးမဟုတ်ဘဲ ပိုပြီးတော့ ဒေသကိုအခြေခံပြီး ဒေသမှာရှိနေကြတဲ့ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်တယ်”လို့ပြောပါတယ်။
KIO/KIA အစိုးရကနေ ပုံမှန်ကျင့်သုံးနေတဲ့ ဗဟိုစနစ်နဲ့ ရွေးချယ်ပြီး အုပ်ချုပ်ရေးစေလွှတ်တာမျိုး မဟုတ်ဘဲ သက်ဆိုင်ရာဒေသ အသီးသီးမှာ ကော်မတီဖွဲ့ပြီး ရွေးချယ်တဲ့အုပ်ချုပ်ရေးစနစ်နဲ့ သွားဖို့လိုအပ်တယ်လို့ ပြောဆိုတာဖြစ်ပါတယ်။
သိမ်းပိုက်ထားတဲ့ နေရာဒေသတွေကို အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်ဖို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။
“ပန်ဝါ၊ ချီဖွေ၊ ဆော့လော်၊ အုပ်ချုပ်ရေးယန္တရားတွေ စတင်လည်ပတ်နိုင်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်။ တာဝန်ခံတွေကို အမိန့်ချ တာဝန်ပေးတာတွေတော့ မရှိသေးဘူး။ အုပ်ချုပ်သွားမယ့် စနစ်တွေကို သေချာပြင်ဆင်နေသေးတယ်။ အဲဒီအဆင့်မှာပဲ ရှိနေသေးတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ပြည်သူလူထုတွေရဲ့ လုံခြုံရေးတွေကအစ တာဝန်ယူဆောင်ရွက်နေပြီဖြစ်ပါတယ်”လို့ပြောပါတယ်။
ကချင် အထူးဒေသ(၁) လို့ ခေါ်ဝေါ်တဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော် ဒေသရှိ စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်စခန်း အားလုံးကို တိုက်ခိုက် ရှင်းလင်းလိုက်ပြီးနောက် ကန်ပိုင်တီမြို့ တစ်ခုတည်းသာ သိမ်းပိုက်ရန် ကျန်ရှိနေတာဖြစ်ပါတယ်။
ကန်ပိုင်တည်မြို့သိမ်း တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားလာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပြောဆိုနေကြသလို ဒေသခံပြည်သူတွေကလည်း တိမ်းရှောင်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။
KIA သိမ်းပိုက်လိုက်တဲ့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော် မြို့နယ်တွေဟာ ၁၉၇၀ ဝန်းကျင်ခန့်အထိ KIO/KIA လှုပ်ရှားနယ်မြေဖြစ်ခဲ့သော်လည်း အဲဒီနောက်ပိုင်းမှာတော့ ဗကပအုပ်ချုပ်မှုနစ်၊ NDAK အုပ်ချုပ်မှုနှင့် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တို့ တစ်ခုခုပြီးတစ်ခု အသွင်ပြောင်း အုပ်ချုပ်ခဲ့တဲ့ နယ်မြေဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ ဒေသလည်းဖြစ်တဲ့ ပန်ဝါ၊ ဆော့လော်ဒေသတွေကို KIA ပူးပေါင်းတပ်တွေက ၂၀၂၄ စက်တင်ဘာလ နဲ့ အောက်တိုဘာလအတွင်း သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
KIA အနေနဲ့ ကချင်ပြည်နယ်မှာ မြို့ ၅ မြို့ကို သိမ်းပိုက်ရရှိထားပြီး နောက်ထပ် မြို့သိမ်းတိုက်ပွဲ အရှိန်မြင့်လာတာနဲ့အမျှ အုပ်ချုပ်ရေးနယ်မြေ ပိုမိုကျယ်ပြန့်လာနေချိန် အုပ်ချုပ်ရေးစနစ်နှင့် ပတ်သက်ပြီး ဒေသခံတွေက တောင်းဆိုမှု ရှိလာတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)
Related