ylliX - Online Advertising Network
မကွေးတိုင်းတွင် စစ်ရေး အရှိန်မြင့်၊ စစ်ဘေးရှောင်များ တိုးလာ - Myanmar Now

မကွေးတိုင်းတွင် စစ်ရေး အရှိန်မြင့်၊ စစ်ဘေးရှောင်များ တိုးလာ – Myanmar Now


 မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ပုသိမ် – မုံရွာလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုတို့ကြောင့် ဒေသခံ နှစ်ထောင် နီးပါး တိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

ပွင့်ဖြူမြို့အနောက်ဘက်ခြမ်း ၁၈ မိုင်ခန့်အကွာ ပုသိမ် – မုံရွာလမ်း မဲဇလီစခန်းတွင် နေရာယူထားသည့် စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာ ၉ ရက်ကတည်းက မြို့အနီးဝန်းကျင် ကျေးရွာများဖြစ်သော ကျွဲခြံနှင့် လယ်မကျေးရွာတို့ကို လက်နက်ကြီးပစ်ခတ်ခြင်း ဒရုန်းဖြင့်ဗုံးသီးချခြင်းတို့ ပြုလုပ်နေသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၂)  နေ့လယ်က မြေပြင်တိုက်ပွဲမရှိဘဲ ကျွဲခြံနှင့်လယ်မရွာ ဝန်းကျင်သို့ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

အဆိုပါတိုက်ခိုက်မှုများကြောင့် ကျေးရွာ ၂ ရွာမှ ဒေသခံတို့မှာ နေရပ် မပြန်ရဲသေးဘဲ ဘေးလွတ်ရာများ တွင် ခိုလှုံနေရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျွဲခြံဒေသခံစစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ 

ထို ပုသိမ် – မုံရွာလမ်းပိုင်းပေါ်ရှိ မဲဇလီ စစ်ကောင်စီဂိတ်ကလည်း အများပြည်သူသွားလာခွင့်နှင် ကုန်စည် သယ်ယူမှုကို တင်းကျပ်စွာစစ်ဆေးလေ့ရှိသည်။ ထို့ကြောင့် သွားလာရေးခက်ခဲပြီး အမိုးအကာနှင့် စားနပ် ရိက္ခာများ လိုအပ်နေသည်ဟု စစ်ရှောင်ဒေသခံများက ဆိုကြသည်။

“တောထဲမှာလေ မိုးကာအိတ်နဲ့နေကြရတယ်။ အနီးအနားရွာ သွားတဲ့သူက သွားကြတယ်။ စားရေး သောက်ရေးကြတော့ အိမ်က နည်းနည်းပါလာတာလေးတွေပဲ စားရတာ”ဟု အထက်ပါစစ်ရှောင် အမျိုးသမီးက ပြောသည်။

 မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျွဲခြံနှင့်လယ်မရွာမှ စစ်ဘေးရှောင်သူတချို့။  (ဓာတ်ပုံ – ပေးပို့)

အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ရှိရာ ပွင့်ဖြူမြို့နယ်အတွင်း ပုသိမ် – မုံရွာလမ်းပိုင်းတွင် တော်လှန်‌ရေးအင်အားစုများက နယ်မြေစိုးမိုးမှုပိုမိုချဲ့ထွင်လာပြီးနောက် စစ်တပ်က စစ်ရေးလှုပ်ရှားမှုများ

သိသိသာသာလုပ်လာခြင်းဖြစ်သည်ဟု ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုများက ဆိုသည်။ 

“နဂိုမူလက သူတို့ထိန်းချုပ်ထားတဲ့ကျေးရွာတွေဖြစ်လို့ ပြန်လိုချင်လို့ ထိုးစစ်ဆင်လာတဲ့အခြေအနေပါ။ စစ်ကြောင်းချီပြီး ထိုးစစ်ဆင်လာတာမျိုးမဟုတ်ဘူး။ မယ်ဇလီစခန်းမှာ အထိုင်ချပြီးတော့မှ ၈၁ တွေ၊ ၆၀ မမ တွေနဲ့ လူနေရပ်ကွက်တွေ၊ အရပ်သားပြည်သူတွေ နေတဲ့ကျေးရွာတွေကို ပစ်ခတ်တိုက်ခိုက်တာ” ဟု မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုအညာသားက ပြောသည်။ 

စစ်ကိုင်း၊ မန္တလေး၊ ရခိုင်နှင့်ချင်းပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်းတွင် ယခုနှစ် အတွင်း လက်နက်ကိုင်လှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်လာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်တိုင် စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ရှိနေသည်။ 

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံချောင်းရွာနှင့်အနီးဝန်းကျင်ကိုလည်း ယမန်နေ့ (နိုဝင်ဘာ ၁၂) နေ့လယ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ 

ဆော – ကျောက်ထု လမ်းပိုင်းအနီး ကံချောင်းရွာကို ချင်းပြည်နယ်သို့ ဆက်သွယ်သည့် ထောက်ပို့လမ်း ကြောင်းဟု ယူဆပြီး ပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟု ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။ 



ဆောမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် နိုဝင်ဘာ ၉ ရက်ကတည်း က စစ်ကောင်စီတပ်စခန်းများကို ချင်းတော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ် သည်။

“လေယာဉ်ကတော့နေ့တိုင်းနီးပါးဝဲတာ ဆိုတော့ တချို့ရွာတွေကတောထဲတွေမှာ ရှောင်နေရတယ်။ စာရင်း အတိအကျတော့ ကောက်လို့မရဘူး။ ရွာနဲ့တောနဲ့သွားလိုက်ပြန်လိုက်လုပ်နေရတယ်။ အခြေအနေ မကောင်းဘူး လေကြောင်း တအားဝဲတယ်ဆိုရင် တောထဲမှာကိုယ့်တဲနဲ့ကိုယ်၊ ကိုယ့်တောနဲ့ကိုယ် ပုန်းနေတာ တွေရှိတယ်” ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။

ပြီးခဲ့သည့် လကုန်ပိုင်းကစပြီး တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ပခုက္ကူ၊ ပေါက်နှင့် စစ်တပ်၏ မီးရှို့ မှုကြောင့် နေအိမ် ၅၀ ကျော် ဆုံးရှုံးခဲ့ရသည့် ချောက်မြို့နယ်မှ ရာနှင့်ချီသော စစ်ရှောင်များမှာလည်း ကူညီ ထောက်ပံ့များ လိုအပ်နေသည်ဟု သိရသည်။

“မီးရှို့ခံလိုက်ရတာက ဘာမှသယ်ချိန်မရလိုက်တော့ အားလုံးဆုံးရှုံးသွားကြတယ်။ လတ်တလောက စားနပ်ရိက္ခာပိုင်းလိုပါမယ်။ နောက်တစ်ခုက ဆောင်းဝင်လာပြီဆိုတော့ အနွေးထည်နဲ့ စောင်ကလည်း လိုလာပြီ”ဟု ချောက်မြို့နယ်မှ စစ်ရှောင်အရေးကူညီပေးနေသည့် မကွေးနည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

စစ်တပ် အာဏာသိမ်းပြီးနောက် ကျယ်ပြန့်လာသည့် ပဋိပက္ခများနှင့် ရေဘေးအန္တရာယ်တို့ ကြောင့် နိုင်ငံတဝန်းမှ လူဦးရေ ၃ သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည်။

ထိုအထဲတွင် နိုင်ငံအနောက်မြောက်ပိုင်း ချင်း၊ မကွေး၊ မန္တလေး နှင့် စစ်ကိုင်းတိုင်းမှ လူဦးရေ ၁.၇ သန်း နီးပါး ပါဝင်ပြီး လူသားချင်းစာနာမှုဆိုင်ရာအကူညီများ အရေးပေါ်လိုအပ်လျှက်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာကူညီရေးရုံး (UNOCHA) အောက်တိုဘာလထုတ် အစီရင်ခံစာ တွင် ဖော်ပြထား သည်။ 





Source link

Leave a Reply

Your email address will not be published. Required fields are marked *