ylliX - Online Advertising Network
ဧရာဝတီမြစ် မြေနုကျွန်းများပေါ် ခိုလှုံနေရသော မတ္တရာစစ်ရှောင်များ - Myanmar Now

ဧရာဝတီမြစ် မြေနုကျွန်းများပေါ် ခိုလှုံနေရသော မတ္တရာစစ်ရှောင်များ – Myanmar Now


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံအများစုသည် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေနုကျွန်းများပေါ်တွင် ခိုလှုံနေသူတချို့ကို ယခုရက်ပိုင်းက ရိုက်ကူးထားသော ဓာတ်ပုံများ ဖြစ်သည်။



စက်တင်ဘာအတွင်းက စစ်ကောင်စီတပ်သည် မန္တလေးတိုင်းနှင့် ထိစပ်နေသော ဧရာဝတီမြစ် အနောက်ဘက်ကမ်းတစ်လျှောက် ကျေးရွာများကို နယ်မြေရှင်းလင်း၍ တော်လှန်ရေးတပ်ဖွဲ့များ မဝင်ရောက်လာနိုင်စေရန် စစ်ကြောင်းထိုးခဲ့သည်။

ထို့ကြောင့် မတ္တရာနယ်၊ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများဖြစ်သည့် ဥဒိန်၊ မြွေထိန်ပင်၊ ငယ်တိုး၊ သဖန်းဒေါင့်၊ သုံးဆယ်ပေး၊ ကုန်းတန်းကြီး စသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၃၀ ခန့်မှ ဒေသခံတို့သည် ဧရာဝတီမြစ်အတွင်းရှိ နေရာကျယ်ဝန်းသည့် ကျွန်းများပေါ်သို့ ရွာလုံးကျွတ် တိမ်းရှောင်နေကြရသည်။

စစ်စခန်းများ၊ တိုက်ပွဲများနှင့် ဝေးသည့် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းများပေါ်တွင် အိမ်ထောင်စုအနည်းငယ်မှ ရာချီအထိရှိသည့် မတ္တရာဒေသခံတို့ ဟိုတစ်စုသည်တစ်စု ခိုလှုံနေပြီး တံငါလုပ်ခြင်း ၊ သက်ကယ်ပစ်ခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရသည်။



မတ္တရာတစ်မြို့နယ်လုံးတွင် စစ်ရှောင်စခန်း ၃၈ ခု ရှိပြီး၊ အိမ်ထောင်စု ၁၆၈၈ စု၊ လူဦးရေ ၅၆၅၀ ခန့် နေရပ်စွန့်ခွာနေရကြောင်း မြို့နယ် ပြည်သူ့အုပ်ချုပ်အဖွဲ့၏ စာရင်းများအရ သိရသည်။

မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) နှင့် ဒေသတွင်းတော်လှန်းတပ်များ ပူးပေါင်းထိုးစစ်ဆင်နေပြီး နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားကာ သပိတ်ကျင်းနယ်တွင်လည်း တိုက်ပွဲများရှိနေသည်။


မန္တလေးမြို့မြောက်ဘက် မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များအတွင်းကိုလည်း MDY-PDF နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ စဉ့်ကူးမြို့နှင့် ဒေသတစ်ခုလုံး၊ သိမ်းပိုက်နိုင်ခဲ့ကာ သပိတ်ကျင်းမြို့နယ်တွင်မူ မြို့ပေါ်ကို သိမ်းနိုင်သော်လည်း ၇ မိုင်ကျေးရွာ စစ်စခန်း၊ အမှတ် ၁၃ လေ့ကျင့်ရေးတပ်၊ လျှပ်စစ်အင်ဂျင်နီယာတပ် ၃ ခု ကျန်ရှိနေသည်။
မတ္တရာနယ်အတွင်း မြို့အနီးဝန်းကျင်အပါအဝင် စစ်စခန်းအများအပြား သိမ်းပိုက်နိုင်ခဲ့သည်။

လက်လွှတ်လိုက်ရသည့် စစ်စခန်းများပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက မတ္တရာနယ်အတွင်း အောက်တိုဘာလကုန်မှ စကာ ထိုးစစ်ဆင်ခဲ့သည့်အတွက် တိုက်ပွဲများ ပြင်းထန်နေသည်။ နိုဝင်ဘာ ၁၂ ရက်ညပိုင်းတွင်လည်း ဧရာဝတီမြစ်ကမ်းအနီး တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ မိနစ်အနညးငယ်ခန့်ကြာအောင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။







Source link

Leave a Reply

Your email address will not be published. Required fields are marked *