စစ်ကောင်စီသည်ပြည်ပရောက်အလုပ်သမားများကို မြန်မာနိုင်ငံသို့ပြန်ခေါ်ပြီး စစ်မှုထမ်းခိုင်းရန် ပြင်ဆင်နေပြီး ထိုလုပ်သားများ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပါက စေလွှတ်သည့် အလုပ်အကိုင်အေဂျင်စီများက ပြန်လည်ခေါ်ယူပေးရမည်ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ယခုနိုဝင်ဘာလဆန်းပိုင်းတွင် ညွှန်ကြားလိုက်သည်။
အလုပ်ရှင်၊ အလုပ်သမား၊ အေဂျင်စီ သုံးပွင့်ဆိုင် ချုပ်ဆိုသည့်စာချုပ်တွင် အလုပ်လုပ်ခွင့် နှစ်နှစ်ပြည့်ချိန် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရပါက နိုင်ငံသို့ပြန်လာ၍ စစ်မှုထမ်းရမည်၊ ထိုအလုပ်သမားများကို စေလွှတ်ခဲ့သည့် အလုပ်သမားအေဂျင်စီက ထိုသူများကို ပြန်ခေါ်ပေးရမည်ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသည်ဟု သိရသည်။
“စာချုပ်အသစ်ထပ်ထုတ်တာ၊ အရင်သွားတဲ့သူတွေလည်းပါတယ်။ ဒါပေမယ့်၊ အိမ်ကို ဆင့်ခေါ်စာရောက်မှပါ၊ စစ်မှုထမ်းဖို့ စာရောက်လာတယ်၊ လူမရှိရင် စာချုပ်ပြည့်တာနဲ့ အေဂျင်စီက ပြန်ခေါ်ပေးရမယ် ”ဟု အလုပ်သမားပို့ဆောင်ရေး အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန၏ ညွှန်ကြားချက်တွင် ပြည်ပရောက်အလုပ်သမားများဟု ဆိုသော်လည်း အမျိုးသမီး၊ အမျိုးသားဟူ၍ တိကျသည့် ဖော်ပြချက် မပါရှိပေ။
ယခုကိစ္စနှင့်ပက်သက်ပြီး အသေးစိတ်မေးမြန်းရန် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းကို Myanmar Now က တက်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
စစ်ကောင်စီသည် ပြည်ပရောက် အလုပ်သမားများထံမှ ဝင်ငွေခွန်ကောက်ခံခြင်း၊ လစာ၏ ၂၅ ရာခိုင်နှုန်းကို ယင်းထိန်းချုပ်ထားသည့် ဘဏ်များမှပြန်လွှဲရန် ဖိအားပေးခြင်းများလည်းရှိနေသည်။ စစ်မှုထမ်းဥပဒေအကြောင်းပြ စစ်သားစုဆောင်းမှုများ ပေါ်ပေါက်လာပြီးနောက် ပြည်ပသို့တိမ်းရှောင်သည့် လူငယ်လူရွယ်များလည်း များပြားလာခဲ့သည်။
စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းပြီးနောက် လူငယ်များသည် ပြည်ပနိုင်ငံများသို့ တိမ်းရှောင်ခြင်း၊တော်လှန်ရေး တပ်ဖွဲ့များနှင့် လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးခြင်း နည်းအမျိုးမျိုးဖြင့် တိမ်းရှောင်နေကြရသည်။
ထို့ပြင် ပြည်တွင်းတွင်လည်း လူငယ်များစစ်မှုထမ်းရန် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအရာရှိများက ခြိမ်းခြောက်ဖိအားပေးမှုများ ပေါ်ပေါက်နေသည်။ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူ ပြည်ပရောက်နေကြောင်း Video callဖြင့် ခေါ်ခိုင်း၍ သက်သေပြခိုင်းသည့် အခြေနေမျိုးကြုံတွေ့နေရကြောင်း နေပြည်တော် ဒေသခံတစ်ဦးက ပြောသည်။
“စစ်မှုထမ်းဥပဒေမထွက်ခင်ကတည်းက နိုင်ငံခြားထွက်တာလို့ပြောတော့၊ သက်သေပြပြီး ဗီဒီယိုကောခေါ်ခိုင်းတယ်၊ ပြီးတော့ လိုအပ်ရင် ပြန်လာခိုင်းမှာဆိုပြီး ခေါ်ခိုင်းမယ်ဆိုပြီး ပြောသွားသေးတယ်”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ပြည်တွင်းရှိ လူငယ်များကို စစ်သားအဖြစ်စုဆောင်းခြင်းအပြင်၊ ထိုင်းနိုင်ငံသို့ တရားဝင်ဝင်ရောက်ခြင်းကြောင့် ဖမ်းဆီးခံရပြီး၊ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူများကိုလည်း စစ်သားအဖြစ် စုဆောင်းနေသည်။
အလားတူ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး လူငယ်အများအပြား ဖမ်းဆီးခံရမှုများ ရှိနေပြီး စစ်သားစုဆောင်းရန် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ယုံကြည်နေကြသည်။
စစ်မှုထမ်းရန် စုဆောင်းခံရပြီး သင်တန်း တက်ရောက်နေသူများသည်လည်း သင်တန်းမှ ထွက်ပေးတိမ်းရှောင်သည့် ဖြစ်ရပ်များလည်း ပေါ်ပေါက်နေသည်ဟု စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက ဝန်ခံထားသည်။
စစ်မှုထမ်းရန် စာရင်းသွင်းပြီး စစ်ထဲမဝင်သူများ၊ ဆေးအောင်ထားပြီး စစ်ထဲမဝင်သူများနှင့် သင်တန်းကျောင်းရောက်ရှိပြီးမှ တိမ်းရှောင်သွားသူများကိုလည်း အရေးယူမည်ဟု ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက ခြိမ်းခြောက်ထားသည်။
ပြည်ပရောက်အလုပ်သမားများကို စစ်မှုထမ်းရန်ဖိအားပေးခြင်း၊ လူငယ်များကို ဖမ်းဆီးကာ စစ်သားအဖြစ် စုဆောင်းခြင်းတို့ရှိနေသော်လည်း စစ်တပ်နှင့်နီးသော လုပ်ငန်းများမှ ဝန်ထမ်းများသည် စစ်မှုထမ်း ဆိုင်းငံ့ခွင့်ရရှိထားသည်။
နိုင်ငံ့စီးပွားရေး မပြိုလဲစေရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ပုဂ္ဂလိကဘဏ်၊ ခရိုနီကုမ္မဏီနှင့် စစ်တပ်စီးပွားရေး လုပ်ငန်းများမှ ဝန်ထမ်းများကို စစ်ထဲမသွင်းရန် စစ်ကောင်စီနှင့် ခရီုနီများအကြား သဘောတူညီမှု ရရှိထားကြောင်းကို Myanmar Now က စုံစမ်းသိရှိထားသည်။
စစ်ခေါင်းဆောင် အတည်ပြုထားသည့် စစ်မှုထမ်းဥပဒေတွင် အရပ်သားများအတွက် စစ်မှုထမ်းကာလသည် အများဆုံး နှစ်နှစ်ဖြစ်သည်။ အရေးပေါ်အခြေနေဟု သတ်မှတ်ပါက အမြင့်ဆုံး ငါးနှစ်အထိ တိုးနိုင်သည်ဟု ပြဌာန်းထားသည်။
စစ်မှုထမ်းရန် အသက် ၁၈နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များ အကျုံးဝင်ပြီး ငြင်းဆိုပါက ထောင်ဒဏ် ၃ နှစ်အထိ ချနိုင်သည်ဟု အာဏာရှင်ဟောင်း ဦးသန်းရွှေ အတည်ပြုထားသည့် ထိုဥပဒေက ဆိုသည်။စစ်ကောင်စီသည် ယခုလအတွင်း စစ်မှုထမ်းအပတ်စဉ် ၇ ကို ဖွင့်လှစ်ရန် ကြံရွယ်နေပြီး သင်တန်းအပတ်စဉ် တစ်ခုလျှင်သင်တန်းသားဦးရေ ၅,၀၀၀ စုဆောင်းရန် စစ်ကောင်စီ၏ စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ညွှန်ကြားထားသည်။ ထိုအရေအတွက် ရရန်လည်း လက်အောက်ခံ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့အသီးသီးကို ဖိအားပေးထားသည်။