ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် ပူချယ်ရွာမှ အရပ်သား ၂၀၀ နီးပါး ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ ရက်တွင် ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့သူများ၏ ပြောကြားချက်ကို ကိုးကား၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောသည်။
ပူချယ်ရွာသည် ဖယ်ခုံမြို့မြောက်ဘက် နှစ်မိုင်အကွာတွင်တည်ရှိပြီး ဖယ်ခုံ – ပင်လောင်း ကားလမ်းဘေးတွင်ရှိသည်။
ပင်လောင်းမြို့နယ်ဘက်မှ အင်အား ၅၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် ကောက်ရိတ်သိမ်းရာမှ ပြန်လာသော ဒေသခံ ၂၀၀ ကို ဖမ်းဆီးပြီး ပင်လောင်းမြို့နယ်ဘက်သို့ ကားဖြင့် ဖမ်းသွားခြင်းဖြစ်ကြောင်း KNDF ဗဟို ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက Myanmar Now ကို ပြောသည်။
KNDF သည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင်ပေါ်ပေါက်လာသော အာဏာသိမ်းမှု ဆန့်ကျင်သည့် ကရင်နီ (ကယား) ပြည်နယ်တွင် အင်အားကောင်းကောင် လက်နက်ကိုင် တပ်ဖြစ်သည်။
တာအယ်စိုးက “ရှေ့တန်းမြေပြင်ကနေ တွေ့ရတဲ့သူတွေရဲ့ ပြောပြချက်အရ သိရတာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကို စစ်ကောင်စီက မှန်လုံကားတွေနဲ့တင်သွားတယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့အချိန်မှာတော့ ရိုက်နှက်နှိပ်စက်တာမရှိဘဲ ဒီအတိုင်းခေါ်ဆောင်သွားတယ်လို့ပြောပါတယ်” ဟု ဆိုသည်။
ပူချယ်ရွာမှ ဒေသခံ ၂၀၀ ကို စစ်ကောင်စီတပ်က ၎င်းတို့ ထိန်းချုပ်ထားသည့်ပင်လောင်းမြို့ပေါ်ရှိ အားကစားရုံတွင် ဖမ်းဆီးထားသည်ဟု သိရကြောင်း တာအယ်စိုးက ဆိုသည်။
ဖယ်ခုံသို့ ဦးတည်လာသော စစ်ကောင်စီစစ်ကြောင်းတွင် စစ်ကောင်စီတပ် လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်များလည်း ပါဝင်ကြောင်း KNDF ဘက်ကပြောသည်။
ပူချယ်ရွာမှ ဒေသခံ ၂၀၀ ကို ဖမ်းဆီးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် အရပ်သားများကို ဖမ်းဆီးပြီးနောက် ဖယ်ခုံမြို့သို့ ဆက်လက်ချီတက်လာပြီး ဖယ်ခုံမြို့ရှိ စစ်ကောင်စီအထိုင်တပ်စခန်းများအတွင်း ဝင်ရောက်ပူးပေါင်းသွားကြောင်းသိရသည်။
ဖယ်ခုံမြို့တွင် စစ်ကောင်စီ၏ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) နှင့် လက်အောက်ခံတပ်ရင်း ၂ ရင်း ရှိပြီး မြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။
KNDF ဗဟိုပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက “စစ်ကောင်စီစစ်ကြောင်းအင်အားက ၅၀၀ ကနေ ၁၀၀၀ လောက်တော့ရှိပါတယ်။ PNO အပါအဝင် ပေါ့။ ဖယ်ခုံမြို့အတွင်းမှာလည်း စစ်ကောင်စီရဲ့ အခြေစိုက်တပ်စခန်းထဲမှာလည်း စစ်ကောင်စီအင်အားက ၅၀၀ ကနေ ၇၀၀ လောက်ရှိနိုင်ပါတယ်” ဟုဆိုသည်။
PNO နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကမူ ဖယ်ခုံမြို့နယ်မှ အရပ်သားများကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ပင်လောင်းမြို့တွင် ထိန်းသိမ်းထားသည့် သတင်းကို သူ့အနေနှင့် မသိကြောင်းဆိုသည်။
သို့သော်လည်း ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်အကြားတွင် စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းစစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ကရင်နီပြည်နယ်ဘက်မှ တော်လှန်ရေးတပ်များကို တိုက်စစ်ဆင်နေမှုရှိနေကြောင်း PNO နှင့်နီးစပ်သည့် သတင်းရင်းမြစ်က Myanmar Now ကိုပြောသည်။
PNO နှင့်နီးစပ်သည့် သတင်းရင်းမြစ်က “တိုက်ပွဲကတော့ နေ့ရောညပါ အကြီးအကျယ်တောက်လျှောက်ဖြစ်တယ်ပေါ့။ လောလောဆယ်တော့ PNO ဘက်ကတော့ ပင်လောင်း PNO ဧရိယာကို ရအောင်ပြန်တိုက်ယူမယ့် သဘောရှိပါတယ်။ ဖယ်ခုံမြို့နယ်မှာတော့ တပ်ဘက်က ရှိပြီး တပ်ကတော့ တိုက်နေတယ်ပေါ့။ ကျနော်ထင်တာမမှားရင် ပင်လောင်း နန်းဖာမူရွာဘက်က PNO ဧရိယာဖြစ်ပြီး ဟိုဘက်(ကရင်နီတော်လှန်ရေးတပ်) က လည်း ရှိနေတဲ့အတွက် တိုက်ပွဲတောက်လျှောက်ဖြစ်နေပါတယ်” ဟု ဆိုသည်။
PNO ခေါင်းဆောင်ပိုင်းသည် မြေပြင်တွင် ပအိုဝ်းနှင့် အခြားတိုင်းရင်းသားလူမျိုးစုများအကြား လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခမဖြစ်ရန် ထိန်းကြောင်းမှုရှိသော်လည်း အောက်ခြေတပ်ဖွဲ့ဝင်များအား အပြည့်အဝ ထိန်းကြောင်းရန် အခက်အခဲများရှိကြောင်း PNO နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
ဆက်လက်၍ ၎င်းက “ပင်လောင်းဘက်မှာ တိုက်နေတဲ့ PNO တပ်ဖွဲ့ဝင်တွေဆိုရင် ဒေသခံတွေများတယ်။ ကိုယ့်ရွာကိုယ်ကာကွယ်ဖို့ဆိုတာနဲ့ စစ်သားစုဆောင်းခံရတာကိုး။ အဲဒီတော့ သူတို့ရွာတွေ ပျက်ဆီးနေတာမြင်တဲ့အခါမှာ သူတို့မှာလည်း ခံစားချက်ရှိတယ်။ သက်ဆိုင်ရာဘက်ကတော့ ပြဿနာမဖြစ်အောင်ထိန်းတယ်ပေါ့။ သို့သော်အောက်ခြေမှာ ထိန်းရခက်တဲ့ပြဿနာရှိပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် PNO ဘက်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သည့် ပင်လောင်းမြို့နယ်၌ ကရင်နီတော်လှန်ရေး အင်အားစုများ လှုပ်ရှားရာ နယ်မြေများကို အပြည့်အဝ ပြန်ထိန်းချုပ်နိုင်ရန် ပိုင်းဖြတ်ထားပြီး ဆက်လက်ထိုးစစ်ဆင်နေကြောင်း သိရသည်။
စစ်ကောင်စီတပ်ကလည်း ၎င်းတို့၏ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ရှိရာ ဖယ်ခုံမြို့နှင့် ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ရာ မိုးဗြဲကို အပြည့်အဝ ထိန်းချုပ်ရန် ထိုးစစ်ဆင်မည့် အခြေအနေရှိနေကြောင်း PNO နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
KNDF ဘက်ကမူ PNO နှင့် စစ်ကောင်စီပူးပေါင်းစစ်ကြောင်း ဖြတ်သန်းရာ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်ကြားက ရွာများဖြစ်သော နန့်ဖာမူ ၊ ပင်စုံ ၊ လွိုင်ကြိုင်း ၊ ကုန်းပေါ နှင့် ဗန်းမောက် စသည့် ကျေးရွာများမှ နေအိမ်များ မီးရှို့ခံထားရကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ရေးသားသည်။
အရပ်သားနေအိမ်များ မီးရှို့ခံရသည့် အခြေအနေနှင့် ပတ်သက်၍မူ Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
နိုဝင်ဘာလ ၁ ရက်မှ ၈ ရက်အထိ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်း (မောင်းသူမဲ့လေယာဉ်) ဖြင့် တိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံးထားကြောင်း KNDF ဘက်က ဆိုသည်။
ဆက်စပ်သတင်းလင့်ခ်https://www.facebook.com/share/p/18bWmeLZdP/