ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် သတ္တိရဲ့ ယနေ့ကျရောက်တဲ့ အသက် ၄၈ နှစ်ပြည့်မွေးနေ့ မုန့်ဟင်းခါး စတုဒိသာအလှူ လူအယောက် ၁၀၀ စာကို နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားလမ်းနဲ့ သီရိခေမာ လမ်းထောင့်လမ်းပေါ်မှာ ပြုလုပ်ခဲ့ပါတယ်။
“ကျွန်တော်က အသက် ၄၈ နှစ်ပြည့် မွေးနေ့လေးပါ။ ဒီနှစ်မွေးနေ့လေးမှာ ထူးထူးခြားခြားလေး ဖြစ်အောင် စတုဒိသာ ကျွေးခဲ့တာပါ။ အလှူအတန်းလေး လုပ်ရလို့လည်း ပီတိဖြစ်ရပါတယ်။ ကိုယ့်တစ်နိုင်လေးပဲပေါ့။ လာရောက်သုံးဆောင် ကြသူတွေ တွေ့ရတော့ ပီတိဖြစ်ရပါတယ်။ အမက နေလို့သိပ်မကောင်းတော့ ညကအစောအိပ်သွားတော့ မွေးနေ့ လက်ဆောင်က ဘာမှမရတော့ဘူးလို့ တွေးထားတာ ည၁၂ နာရီ ထပြီး မွေးနေ့လက်ဆောင်ပေးလို့ပျော်ရပါတယ်” လို့ သရုပ်ဆောင် သတ္တိက ပြောပါတယ်။
သရုပ်ဆောင် သတ္တိကတော့ အနုပညာသက်တမ်း နှစ် ၃၀ နီးပါးလုပ်ကိုင်ခဲ့သူလည်းဖြစ်ပြီး ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးထားလျှက်ရှိသူလည်းဖြစ်ပါတယ်။ “မြတ်နိုးက နေသိပ်မကောင်းတော့ သိပ်မစီစဉ်ဖြစ်ဘူး။ကိုယ်တွေက နှစ်ယောက်ပဲဆိုတော့ စီစဉ်ရတာ မလွယ်ဘူး။ မွေးနေ့လက်ဆောင်ကိုတော့ အကို့အတွက် ဝယ်ချင်တာ ဝယ်လို့ရအောင် ပိုက်ဆံလေးပေးခဲ့ပါတယ်။ နှစ်တိုင်းကတော့ မွေးနေ့လက်ဆောင်ပဲပေးကြမို့ မထင်ထားတာပေးလိုက်တာပါ။ ပစ္စည်းမဟုတ်ဘဲ ပိုက်ဆံပေးတော့ အံ့ဩသွားတာပေါ့။ ရည်းစားလည်း မဟုတ်တော့ လိုအပ်မယ် ထင်တာကိုပဲ ဖြည့်ဆည်းပေးဖြစ်တယ်။ မိန်းမကို ပိုချစ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ဇနီးဖြစ်သူ မြတ်နိုးက ပြောပါတယ်။