နိုဝင်ဘာ ၈ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ၏ နည်းပညာမြို့ဖြစ်သော ချုံချင့်မြို့သို့ သွားရောက်ပြီး ဒရုန်းထုတ် လုပ်ရေးကုမ္ပဏီကို သွားရောက်ခဲ့ကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်ထားသည်။
Zhongyue Aviation UAV Firefighting-Drone Co.,Ltd. အမည်ရှိ ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီသို့ သွားရောက် ပြီး ဒရုန်းပစ္စည်းများ ကြည့်ရှုနေပုံကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။ လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် အဆင့်မြင့်ဒရုန်းများကို လေ့လာခဲ့သည်ဟု ဆိုထားသည်။
ယမန်နှစ် နှစ်ကုန်ပိုင်းက ဗုံးတပ်ဒရုန်း အများအပြား အသုံးပြုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်စခန်း ရာနှင့်ချီ စွန့်လွှတ်လိုက်ရသည်အထိ အကြီးအကျယ် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ယခုနှစ်ဆန်းမှစတင်၍ ဒရုန်းအသုံးပြုမှုကို သိသိသာသာ အားပြု လာခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်တွင် ဒရုန်းကုမ္ပဏီသို့ သွားရောက်နေသည်ကို တွေ့မြင်ရခြင်း ဖြစ်သည်။
စက်တင်ဘာနှင့်အောက်တိုဘာအတွင်း စစ်ကောင်စီတပ်၏ ဒရုန်း တိုက်ခိုက်မှုကို နိုင်ငံတောင်ဘက်ဆုံး ဒေသ တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်တစ်လျှောက် ကျေးရွာများတွင် အများဆုံး တွေ့ရသည်။
အလားတူ စစ်ကိုင်းတိုင်း ကလေး၊ ဘုတလင်၊ ကန့်ဘလူမြို့နယ်၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်များတွင် လူနေကျေးရွာများကို စစ်တပ်ဒရုန်းများက တိုက်ခိုက်ခဲ့ကြသေးသည်။
တနင်္သာရီတိုင်း၌ စက်တင်ဘာလအတွင်း ဒရုန်းတိုက်ခိုက်မှု ၁၉ ကြိမ် ရှိခဲ့ သည်ဟု ထိုဒေသအခြေစိုက် FE5 Tanintharyi အဖွဲ့က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုက ဆိုသည်။ ထိုအစီရင်ခံစာတွင် စစ်ကောင်စီဒရုန်းကြောင့် အရပ်သားများ သာမက တော်လှန်ရေးအဖွဲ့ဝင်များလည်း ထိခိုက်မှုရှိခဲ့သည်ဟု ဖော်ပြထားသည်။
ဒရုန်း ပျက်စီးလျှင် အပြစ်ပေးခံရနိုင်ခြင်း၊ အသုံးပြုနိုင်သူအရေအတွက် အကန့်အသတ်သာ ရှိခြင်း စသည့် အားနည်းချက်များကြောင့် စစ်ရေးအသုံးစရိတ်များပြားသည့် စစ်ကောင်စီတွင် ဒရုန်း အသုံးပြုမှု များစွာ ကျယ်ပြန့်လာခြင်း မရှိသေးဟု ယူဆရသော်လည်း လေကြောင်းပစ်ကူထက် အားသာချက်များစွာ ရှိနေသည်။
၂၀၂၁ ဒီဇင်ဘာလက ချင်းဒေသတော်လှန်ရေးအင်အားစုထံတွင် သွားရောက်ပူးပေါင်းခဲ့သော ဗိုလ်ကြီး ကောင်းသူဝင်းက ဒရုန်းကို လွယ်ကူစွာ သုံးနိုင်ကြောင်း အောက်တိုဘာ တတိယပတ်က Myanmar Now ကို ပြောထားသည်။
“ လေတပ်က ဗုံးကြဲမယ်ဆိုရင် ဒီအမိန့် ဖြတ်သန်းရတဲ့အနေအထားမျိုးတွေက အဆင့်ဆင့် များတယ်၊ အမိန့်ကို တာဝန်ယူရတဲ့ သူတွေကလည်း ရာထူးကြီးကြီးတွေပေါ့ ဒီလိုမျိုးဟာတွေနဲ့ လုပ်ရတယ်။ ဒါပေမယ့် (ဒရုန်း) ဗုံးကတော့ အဲသလိုမဟုတ်ဘူး။ ကိုယ့်ဘာသာ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်နဲ့ အမိန့်တွေအများကြီး စောင့်စရာမလိုဘဲ ကိုယ့်တပ်မှာရှိတဲ့ တပ်ရင်းမှူး နီးစပ်ရာ ဗျူဟာမှူး ဒီလိုဟာတွေနဲ့ အမိန့် လျင်လျင်မြန်မြန် တန်ပြန်ပြီး လုပ်နိုင်တဲ့အနေအထားဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ “ လေတပ်က လေယာဉ်တစ်စီးထွက်လာဖို့ထက် စောင့်ရတဲ့အချိန်လောက်လည်း မကြာဘူး၊ အမိန့်ဖြတ်သန်းစီးဆင်းပုံလည်း အဲသလောက်မကြာတဲ့အနေအထားမျိုးတွေဖြစ်တယ်။ စစ်တပ်က နောက်ပိုင်း ဒရုန်းနဲ့အသုံးပြုလာတဲ့အနေအထားက တော်လှန်ရေးထဲမှာ အဓိက အခံလိုက်ရဆုံးဖြစ်တဲ့ ဒရုန်းကို တန်ပြန်အသုံးပြုလာတဲ့အနေအထားမျိုးဖြစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်များနှင့် စာမျက်နှာများကလည်း ဒရုန်းအသုံးပြုတိုက်ခိုက်မှုများနှင့် အကြီးစား ဒရုန်းများကို ဖော်ပြနေကြပြီး စစ်ကောင်စီတပ်က တိုက်ခိုက်နေကြောင်း ဝေဝေဆာဆာ ဖော်ပြနေသည်။
အထူးသဖြင့် ရခိုင်ပြည်နယ် အမ်းမြို့သိမ်းတိုက်ပွဲတွင် ဒရုန်းကြောင့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် များ ထိခိုက်နေကြောင်း ရေးသားနေကြသလို ရုပ်သံဖိုင်များလည်း ထုတ်ပြန်ထားကြသည်။
စစ်ခေါင်းဆောင်သည် နိုဝင်ဘာ ၅ ရက်ကတည်းက တရုတ်နိုင်ငံ ကူမင်းမြို့သို့ မဲခေါင်နိုင်ငံများ ထိပ်သီး အစည်းအဝေးများ တက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်ပြီး တရုတ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ သလို ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို ဝန်ကြီးချုပ်များနှင့် သီးသန့် တွေ့ဆုံခဲ့သည်။
ထိုအတောအတွင်း ကူမင်းမြို့ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင်လည်း ဒရုန်းများ လေ့လာခဲ့သည်ကို တွေ့ရသည်။
နိုဝင်ဘာ ၈ တွင် SERES မော်တော်ကားကုမ္ပဏီ၊ Chongqing International Logistics Hub Park, Weima လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီတို့ကို သွားရောက်ခဲ့သေးသည်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က လေတပ် ဖွဲ့စည်းပြီးဖြစ်ကြောင်း ၂၀၂၁ စက်တင်ဘာလတွင် ကြေညာရာ ထိုစဉ်က လှောင်ပြောင်စရာတစ်ခုဖြစ်ခဲ့သည်။ ထိုကြေညာချက် တစ်နှစ်ပြည့်လာချိန်တွင်မူ NUG ၏ လေတပ်မှာ ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်းဖြစ်ကြောင်း အများက နားလည်လာကြသလို ဗုံးတပ် ဒရုန်းသည် ခုခံစစ်ဆင်သူတို့ အားကိုးရသည့်လက်နက် ဖြစ်လာသည်။
စစ်ရေးတွင် ဒရုန်းအသုံးပြုမှု ခြေတစ်လှမ်းနောက်ကျနေသော ဗိုလ်ချုပ်ကြီးများက အားနည်းချက်ကို ပြုပြင်ရန် ကြိုးပမ်းလာပြီး သေဆုံးသူအများစုမှာ အရပ်သားများ ဖြစ်နေကာ တော်လှန်ရေးအဖွဲ့ဝင်များ လည်း ထိခိုက်သေဆုံးမှုများရှိလာသည်။