ylliX - Online Advertising Network
မိတ္တီလာ ရှမ်းတဲလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရဟု သတင်းထွက်နေ - Myanmar Now

မိတ္တီလာ ရှမ်းတဲလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရဟု သတင်းထွက်နေ – Myanmar Now


မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်ရှိ  ရှမ်းတဲလေတပ်စခန်း   ယနေ့ (နိုဝင်ဘာ ၁၁)  တွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရသည်ဟု သတင်းထွက်နေသည်။ 

နံနက် ၃ နာရီကျော်ခန့်တွင် ပေါက်ကွဲသံများကြားရကြောင်း၊ မြို့အရှေ့မြောက်ဖက်  ၇ မိုင်ခန့်အကွာမှ  ရှမ်းတဲလေတပ်နှင့် စစ်စခန်းများဘက်မှ ဖြစ်နိုင်ကြောင်း မိတ္တီလာဒေသခံများက ဆိုသည်။  

“လေတပ်က တပ်မ ၉၉ နဲ့နီးတယ်၊ လေတပ်က မြို့ပြင်မှာ သီးခြားရှိတယ်၊ ဒါပေမယ့် အနီးအနားမှာ ရှမ်းတဲရွာနဲ့ ရွာသေးသေးတွေတော့ရှိတယ်၊ ခုထိတော့ ရွာတွေ ထိခိုက်တယ်တော့ မကြားရသေးဘူး” ဟု လေတပ်အနီး နေထိုင်သည့် အမျိုးသားတစ်ဦးက ယနေ့ မွန်းတည့်ချိန်က ပြောသည်။

အဆိုပါလေတပ်စခန်းအနီး စစ်ကောင်စီ၏ အမြောက်တပ်၊ ခြေမြန်တပ်မ ၉၉၊ စစ်လက်နက်ပစ္စည်းစက်ရုံ (ကပစ)နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်တို့ ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ရှမ်းတဲလေတပ်စခန်းသည် နိုင်ငံအလယ်ပိုင်းတွင် တည်ရှိသောကြောင့် ရခိုင်၊ စစ်ကိုင်း၊ ရှမ်း စသည့် ဒေသများသို့ သွားရောက်ဗုံးကြဲသော စစ်လေယာဉ်များ အသုံးပြုသည့်နေရာဖြစ်သည်ဟု ယူဆနေသည်။ 

တော်လှန်ရေးတပ်ဖွဲ့များသည် လုံခြုံရေးကောင်းသော လေယာဉ်ကွင်းများအနီးသို့ ချဉ်းကပ်နိုင်ခြင်း မရှိသော်လည်း ကွင်းအတွင်းရှိ လေယာဉ်၊ ပြေးလမ်း၊ အဆောက်အအုံတို့ ထိခိုက်စေရန် မကြာခဏဆိုသလို အဝေးမှ ခန့်မှန်း တိုက်ခိုက်နေကြသည်ဟု သိရသည်။

ယနေ့နံနက် မိတ္ထီလာမြို့ တိုက်ခိုက်မှုတွင် ရှော့တိုက်ဒုံး ၊ ကာမီကာဇေဟု လူသိများသည့် Fixed Wing ဒရုန်း စုစုပေါင်း ၁၄ လုံး ပစ်ခတ်ခဲ့သည်၊ လေဆိပ်ဝင်းထဲ ကျရောက်ပေါက်ကွဲမှုများလည်းရှိခဲ့သည်ဟု သိရကြောင်း CDM စစ်တပ်အရာရှိ တစ်ဦးက ပြောသည်။ 

သို့သော်လည်း  ယနေ့ မွန်းလွဲပိုင်းအထိ  မိတ္တီလာတိုက်ခိုက်မှုအကြောင်း  မည်သည့်အဖွဲ့ကမှ  ထုတ်ပြန် ခြင်း မရှိသေးသလို ပျက်စီးထိခိုက်မှု၊ ပေါက်ကွဲသည့်နေရာ မသိရသေးပေ။ 

လေတပ်စခန်းတိုက်ခိုက်ခံရကြောင်း စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် များတွင်လည်း ဖော်ပြထားကြသည်။ 

တိုက်ခိုက်ခံရပြီးနောက် မိတ္တီလာမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ သုသာန်၊ ကျေးရွာအပါအဝင် နေရာ ၈ ခုထက်မနည်းတွင် Fixed Wing ဒရုန်း ၁၀ ခု ထက်မနည်း ရှာဖွေတွေ့ရှိထားပြီး လူ၊ အဆောက်အဦ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း ရေးသားထားကြသည်။

မိတ္တီလာမြို့တွင်း လုံခြုံရေး တင်းကျပ်နေပြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် လမ်းဟောင်းမှ ဝင်ရောက်သည့် ကားများကို ရှာဖွေစစ်ဆေးနေကြောင်း အဝေးပြေးကား မောင်းနှင်သူတစ်ဦးက ပြောသည်။

“မြို့အဝင်မှာ မှတ်ပုံတင်နဲ့ ခရီးသည်တွေကို တိုက်စစ်တယ်၊ မြို့ထဲမှာလည်း ဂိတ်အဖွဲ့လေးတွေ အများကြီး ပဲ တွေ့တယ်”ဟု ၎င်းက ဆိုသည်။



မြို့ထဲတွင် အစစ်ဆေးကြမ်းနေသဖြင့် မြို့ခံများ နေအိမ်အပြင်မထွက်ကြသလို လေတပ်ကို ရှော့ တိုက်ဒုံးဖြင့် ပစ်ခတ်ခံရမှုကို ဖုန်းဖြင့်ပင် မပြောဆိုရဲကြကြောင်း နေပြည်တော်ရောက်ရှိနေသည့် မိတ္တီလာ ဒေသခံတစ်ဦးက ဆိုသည်။

မိတ္တီလာ စစ်လေယာဉ်ကွင်းမှ စစ်ဘက်လေယာဉ်များ အတက်အဆင်း ရှိသည်ဟု စစ်တပ်လေကြောင်းပျံသန်းမှုကို စောင့်ကြည့်သတင်းထုတ်ပြန်နေသည့် ဝေဟင် Facebook စာမျက်နှာက ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ရေးသားထားသည်။ 

မိတ္တီလာမြို့သည် လေတပ်အပါအဝင် စစ်တပ်စခန်းများရှိပြီး စစ်တပ်၏ ကျောထောက်နောက်ခံဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအားကောင်းသည့်ဒေသဖြစ်သော်လည်း ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိခဲ့သည့် မြို့ဖြစ်သည်။

မကြာသေးခင် နိုဝင်ဘာ ၅ ရက်က နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း Fixed Wing အမျိုးအစား ၃ စီး ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

နေပြည်တော် လယ်ဝေးမြို့နယ်မှ သိမ်းဆည်းရမိသော  Fixed Wing ဒရုန်း တစ်စီး။ (ဓာတ်ပုံ- စစ်ကောင်စီ)

ထိုကဲ့သို့ စစ်ကောင်စီပစ်မှတ်များကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်သည့်ဖြစ်စဉ် အများအပြားရှိပြီး တော်လှန်ရေးအဖွဲ့များဘက်မှ အသုံးပြုလေ့ရှိသော လက်နက်ဖြစ်သည်။ အထူးသဖြင့် ပစ်စင် မလိုဘဲ ဘက်ထရီနှင့် ရှော့တိုက်ပစ်ရသည့် လက်နက်ကြီးအမျိုးအစား ဖြစ်သော ၁၀၇ မမ ကို အသုံးပြုလေ့ရှိ ကြသည်။

မြန်မာနိုင်ငံတွင် ၁၀၇ မမ ​ရှော့တိုက်ဒုံး အသုံးပြုမှုကို ၂၀၁၉  သြဂုတ်လလယ်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့က မေမြို့ ခေါ် ပြင်ဦးလွင်မြို့ရှိ စစ်ကျောင်းများကို အဝေးမှ ပစ်ခတ်တိုက်ခိုက်ရာတွင် အဆိုပါ လက်နက်အမျိုးအစား အသုံးပြုခဲ့ရာမှ စတင်သတိထားမိလာကြသည်။

ထို့နောက် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် တိုက်ခိုက်မှုများတွင် ရှော့တိုက်ဒုံး အသုံးပြုမှု ပိုမိုတွင်ကျယ်လာသည်။ 

အထူးသဖြင့် လက်နက်ကိုင်အစောင့်အကြပ် အင်အားများပြားသော၊ ဒရုန်းပျံသန်းရန် ခက်ခဲသော လေတပ်စခန်းကဲ့သို့ နေရာများကို ပစ်မှတ်ထားရာတွင် အသုံးပြုနေကြသည်။

၂၀၂၃ ဒီဇင်ဘာ တတိယပတ်ကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့လယ်မှ နန်းတွင်းကို မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့ရာ ထိုနေရသည့် အကြိမ်ကြိမ် တိုက်ခိုက်ခံရသော နေရာ ဖြစ်လာသည်။

တော်လှန်ရေးအင်အားစုက စစ်ကောင်စီ၏ အရေးပါသည့် လေတပ် အခြေစိုက်စခန်းနှစ်ခုကို ယခုနှစ် ဧပြီလအတွင်း ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့သည်။  မန္တလေးတိုင်း၊ တံတားဦးလေဆိပ်မှာလည်း မကြာ ခဏ တိုက်ခိုက်ခံရသည်။ ယင်းလ ပထမပတ်မှာပင် စစ်တပ်အတွက် အရာရှိစစ်သားများ မွေးထုတ်ပေးရာ မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့ရှိ စစ်တက္ကသိုလ် (DSA)   ၁၀၇ မမ များဖြင့် ပစ်ခတ်ခံရပြီး ပျက်စီးမှုတချို့ ရှိခဲ့သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *