ylliX - Online Advertising Network
မိုးကုတ်မြို့ကို လေတပ် ဗုံးကြဲ၊ ၆ ဦးထက်မနည်း သေဆုံး - Myanmar Now

မိုးကုတ်မြို့ကို လေတပ် ဗုံးကြဲ၊ ၆ ဦးထက်မနည်း သေဆုံး – Myanmar Now


တအာင်းတပ် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ လူနေအိမ်များ ယမန်နေ့ (နိုဝင်ဘာ ၁၁) ညပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး ထက်မနည်းသေဆုံးပြီး ၁၀ ဦး  ဒဏ်ရာရရှိသည ဟု ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ည ၁၁ နာရီကျော်ခန့်တွင်  မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်၊  မြို့အနောက်ပိုင်း လူးထရပ်ကွက်တို့ကို  လေယာဉ်နှစ်စီးက  ဗုံး ၅ လုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

ဗုံးကြဲမှုကြောင့်  သေဆုံးသူတို့မှာ အရှေ့ပိုင်းမှ ၃ ဦး၊ အနောက်ပိုင်းမှ ၃ ဦး ဖြစ်သည်၊ ထိခိုက်မှုစာရင်း စုံစမ်းနေဆဲဖြစ်သည်ဟု မိုးကုတ်မြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။   

“ အနောက်ပိုင်းရော အရှေ့ပိုင်းရော။ လောလောဆယ် အသေအဆုံးတွေက အတိအကျမသိရသေးဘူး။ ဒဏ်ရာရသူတွေကအများကြီးပဲ”ဟု  သူက ပြောသည်။

အရပ်သားများနေထိုင်သည့် နေရာများကို ဗုံးကြဲခြင်းဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

“မနေ့ညကအထိတော့ ဒဏ်ရာရသူ ၁၀ဦး ရှိတယ်။ အရပ်သားနေအိမ်ထိခိုက်မှုတော့ အရမ်းများတယ်”ဟု သူက ဆိုသည်။ 

“အရှေ့ပိုင်း လယ်ဦးရပ်ကွက်ကတော့ ပြည်သူတွေနေထိုင်တဲ့နေရာတွေပါ။ ကျွန်မ သိရသလောက်တော့ တပ်ဖွဲ့ဝင်ရုံးတို့ မရှိပါဘူး။ စီးပွားရေးဌာနတော့ရှိပြီး ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်” 

အွန်လိုင်းမှတ်တမ်းဓာတ်ပုံများတွင် လူနေရပ်ကွက်အတွင်း ဗုံးဒဏ်ကြောင့် ဧရာမကျင်းကြီး ပေါ်ပေါက်လာပုံ၊ နေအိမ်အပျက်အစီးများပြားပုံတို့ကို တွေ့ရသည်။

လေတပ် ဗုံးကြဲမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မန္တလေးတိုင်း မိုးကုတ်မြို့ကို ဇူလိုင် ၂၄ ရက်တွင် TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က မြို့နေလူထုမှာ ရောက်လာသော တော်လှန်ရေးအင်အားစုကို သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။ 

ထိုစဉ်ကတည်းက မိုးကုတ်မြို့ကို လေကြောင်းမှ တိုက်ခိုက်ရန် စစ်ကောင်စီဝါဒဖြန့်စာမျက်နှာများက လှုံ့ဆော်ခဲ့ကြသလို ယခု ဗုံးကြဲပြီးချိန်တွင်လည်း အားရကျေနပ်ကြောင်း ရေးသားနေကြသည်။

မိုးကုတ်မြို့တွင်း ဗုံးကြဲမှုအပြီး တွေ့ရစဉ်။ (ဓာတ်ပုံ- TWO)

လက်ရှိတွင် မိုးကုတ်မြို့မှာ ပုံမှန်လည်ပတ်လျက်ရှိသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် မြို့အခြေအနေတို့ကို သိရှိနိုင်ရန် တအားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မဟာမိတ်ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) တို့မှ တာဝန်ရှိသူတို့ကို မေးမြန်း ထားဆဲဖြစ်သည်။



ယမန်နေ့ည ဗုံးကြဲမှုနှင့်ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိနိုင်သည့်နေရာများဟု ယူဆကာ စစ်ကောင်စီဘက်မှ တိုက်ခိုက်ခြင်းဖြစ်နိုင်သလို ကျောက်မျက်လုပ်ကွက်များကို လက်လွှတ်ရ၍ မစားရသည့် အမဲသဲနဲ့ပက်သကဲ့သို့ ရန်ရှာတိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံတချို့က ယူဆကြသည်။

စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်လိုက်ရသည့် နယ်မြေများကို မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်မှု များ ပြုလုပ်လေ့ရှိရာ မိုးကုတ်မြို့ပေါ်တွင်မူ ပထမဆုံးအကြိမ် ဖြစ်သည်။

ဇွန်လအတွင်းက မိုးကုတ်နယ် ကျေးရွာတချို့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ထိခိုက်မှုများ ရှိခဲ့သည်။ 

အရည်အသွေးကောင်း ပတ္တမြားများထွက်ရှိရာ မြို့ကို ထိန်းချုပ်ထားသည့် TNLA က အသေးစားကျောက်မျက်တူးဖော်ခွင့် ပြုထားသည်။

TNLA ထိန်းချုပ်ထားသော အခြားဒေသများလည်း လေတပ်၏တိုက်ခိုက်မှုကို ခံထားရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊  နမ့်ဆန်မြို့နယ်တွင် ဇန်နဝါရီလက လေတပ်  ဗုံးကြဲတိုက်ခိုက်မှုကြောင့်   ဆရာ၊ ဆရာမ ၅ ဦး သေဆုံးသည်၊   ဩဂုတ်လ တိုက်ခိုက်မှုတွင် လျှပ်စစ်ဌာနရုံးအတွင်း ရှိနေသူ ၁ ဦး သေဆုံးသည်။

တိုက်ပွဲများ ပြင်းထန်နေသည့် မန္တလေးတိုင်း

လက်ရှိတွင်  မန္တလေးတိုင်းအတွင်း သပိတ်ကျင်း မြို့နှင့် မတ္တရာမြို့တို့တွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး လေကြောင်းဗုံးကြဲမှုများ နေ့စဉ် ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့(နိုဝင်ဘာ ၁၁)ညနေပိုင်းမှ ည ၁၀ နာရီခန့်အထိ မတ္တရာမြို့နယ်အရှေ့ပိုင်း ကျောက်တံတားရွာ နှင့် အောင်သပြေရွာ Alpha ဘိလပ်မြေစက်ရုံသို့သွားရာ အဝင်လမ်းတို့တွင် တိုက်ပွဲများပြင်းထန်နေပြီး လေတပ် ဗုံးကြဲမှုများပါ ရှိကြောင်း ၊အထိအခိုက် မည်သို့ရှိသည်ကို မသိရသေးကြောင်း အသက် ၆၀ ကျော် အရွယ် ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

သပိတ်ကျင်းမြို့နယ် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက၁၃)နှင့်  ၇ မိုင်ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်နေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မှ တာဝန်ရှိသူက ပြောသည်။

“တတက ၁၃ မှာဆိုရင် ကျွန်မတို့ PLAနဲ့ TNLA မဟာမိတ်တွေက ဝိုင်းထားတာ၂လကျော်ပြီပေါ့နော်။ သူတို့ တွေဘက်ကတော့ ဗုံးတွေနဲ့လာကြဲတာရှိတယ်။ သူတို့လူတွေကို လက်နက်တွေ၊ ရိက္ခာတွေ၊ လူတွေ လေယာဉ်နဲ့ လာချပေးတာရှိတယ်။ လက်နက်ကြီးတွေပစ်တာရှိတယ်။ နောက်တစ်ခုက ၇မိုင်၊ ကျောက်ကြီး တို့ဘက်မှာ လည်း မဟာမိတ်တွေပေါင်းတိုက်နေတာရှိတယ်” ဟု PLA သတင်းတာဝန်ခံ အမျိုးသမီးက ပြောသည်။

သပိတ်ကျင်းမြို့နယ်အတွင်း တပ်မတော်တန်းမြင့်လေ့ကျင့်ရေး ကျောင်း(တတက၁၃)၊ ကျောက် ကြီး၊ ၇ မိုင် စသည့်နေရာများတွင် စစ်ကောင်စီတပ်၏သင်တန်းကျောင်းများ တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိနေသေးသည်ဟု PLA က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် MDY-PDF က ပွဲဦးထွက် တိုက်ခိုက်သိမ်းပိုက်ထားသည့် စဉ့်ကူးမြို့ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပြီး လတ်တလော တိုက်ပွဲမရှိကြောင်း သိရသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *