ylliX - Online Advertising Network
လိုင်လင်းပီမှာ ချင်းတပ်ဖွဲ့အချင်းချင်း တစ်နာရီကြာ တိုက်ပွဲဖြစ်

လိုင်လင်းပီမှာ ချင်းတပ်ဖွဲ့အချင်းချင်း တစ်နာရီကြာ တိုက်ပွဲဖြစ်





ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့ရဲ့ လေးမိုင်အကွာက စပေါ်ကျေးရွာနဲ့ ပင်တီယာကျေးရွာကြားမှာ ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF မရာ ပူးပေါင်းတပ်နဲ့ မရာလဲန်း ကာကွယ်ရေးတပ်(MDF)၊ မဟာမိတ် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေအကြား ယမန်နေ့  နိုဝင်ဘာ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းက တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

တိုက်ပွဲကြောင့် ပင်တီယာကျေးရွာက အရပ်သားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး မွန်းလွဲ ၃ နာရီခန့်မှာ ဖြစ်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ နှစ်ဘက်ထိခိုက်မှုနဲ့ အကျအဆုံးများခဲ့တယ်လို့ CDF-Mara တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပေမဲ့ အတိအကျတော့ မသိရှိရသေးပါဘူး။

 

“ပင်တီယာကျေးရွာက အရပ်သား အမျိုးသမီးတစ်ယောက် ပွဲချင်းပြီး သေဆုံးကာ ကလေး သုံးယောက်ထက် မနည်း ထိခိုက်ဒဏ်ရာရတယ်”လို့ အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ယောက်က CJ Platform ကို ပြောပါတယ်။

 

နှစ်ဘက်ပစ်ခတ်တိုက်မှုတွေအတွင်း လက်နက်ကြီးကျည်တွေနဲ့ ဒရုန်းဗုံးသီးတွေဟာ ပင်တီယာကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲမှုတွေရှိသလို လူသားဒိုင်းပြုလုပ်တာတွေအပြင် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပေမဲ့ နှစ်ဘက်အဖွဲ့တွေကတော့ တိတိကျကျ ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

 

ချင်းလဲလန်းကောင်စီ (CC) ရဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ တွန်းဇံမြို့နယ်မှာလည်း အခု နိုဝင်ဘာ လဆန်းပိုင်းက စတင်ပြီး ဇိုမီးတော်လှန်ရေးတပ် (ZRA) က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်ဆိုတဲ့ သတင်းတွေကြောင့် နှစ်ဘက် စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။

 

ဓာတ်ပုံ – MDF

 

ပုံစာ – သတင်းဆင်း MDF ရဲဘော်တွေကို တွေ့မြင်ရစဥ်။ (ပုံဟောင်း)

 





Source link

Leave a Reply

Your email address will not be published. Required fields are marked *