ဆိုးလ်မြို့ရှိ စစ်ကောင်စီ၏ သံရုံးတွင် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မရသူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သက်တမ်းတိုး ထောက်ခံချက်ပေးနေသဖြင့် တောင်ကိုးရီးယားအစိုးရက ဆက်လက် နေထိုင်ခွင့်ပြုနေကြောင်း သိရသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သူ၊ ယာယီနေထိုင်ခွင့် G1-99 ဗီဇာဖြင့်နေထိုင်သူတို့၏ နိုင်ငံကူးလက်မှတ်များကို NUG တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးထောက်ခံချက် ထုတ်ပေးခြင်းဖြစ်သည်။
သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်ပေါ်တွင် NUG ကိုယ်စားလှယ်ရုံးက ၂ နှစ်သက်တမ်းတိုးပေးကြောင်း တံဆိပ်တုံးထုပေးသည်ဟု ကိုယ်စားလှယ်ရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မူလစာအုပ်ကို သက်တမ်း ၂ နှစ် တိုးပေးပါတယ်။ ကိုရီးယား လဝက (လူဝင်မှုကြီးကြပ်ရေးဌာန) က လက်ခံပါတယ်။ အခြားနိုင်ငံကတော့ (လက်ခံလား) မပြောတတ်သေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။
ဇူလိုင်မှစကာ NUG အစိုးရ၏ ဆိုးလ်မြို့ ကိုယ်စားလှယ်ရုံးက ထိုသို့ ဝန်ဆောင်မှု ပေးနေသည်မှာ နိုင်ငံကူးလက်မှတ် စုစုပေါင်း ၅၀၀ ကျော် ရှိသည်ဟု သိရသည်။
မြန်မာတွင် စစ်တပ်အာဏာသိမ်းပြီး လပိုင်းအကြာ ၂၀၂၁ မတ် ၂၁ တွင် တောင်ကိုးရီးယားအစိုးရက နေရပ်မပြန်နိုင်သည့် မြန်မာများအတွက် လူသားခြင်းစာနာမှုအရ ယာယီနေထိုင်ခွင့် G1-99 ဗီဇာထုတ်ပေးခဲ့သည်။ ထိုဗီဇာဖြင့် နေထိုင်သူတို့ကို နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ချိန်တွင် စစ်ကောင်စီက သက်တမ်းတိုးမပေးခဲ့ပေ။
“အဲလို အခြေအနေက ကိုရီးယား လဝကကို ဒွိဟဖြစ်စေတယ်။ ဒါကြောင့် အခက်အခဲ ဖြစ်နေတဲ့ သူတွေကို NUG က Passport သက်တမ်းတိုးပေးလိုက်တာ ဖြစ်ပါတယ်။ ဒါက လဝကက လက်ခံပြီး ဗီဇာတိုးပေးပါတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
၂၀၂၃ အောက်တိုဘာတွင် စစ်ကောင်စီက ပြည်ပရောက် မြန်မာပြည်သားများထံမှ ဝင်ငွေခွန်ကောက်ခံချိန်တွင် တောင်ကိုရီးယားနိုင်ငံရောက်နေသူများကိုလည်း နိုင်ငံကူးလက်မှတ် သက်တမ်းပြန်တိုးပေးခဲ့သည်။ သို့သော် လူတိုင်း ထိုအခွင့်အရေး မရဘဲ တိုးခွင့်ရသူများသည်လည်း စစ်ကောင်စီကိုဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် မပါဝင်ရန် ခံဝန်ထိုးရသည်၊ မိသားစုအချက်အလက် ပေးရသည်ဟု သိရသည်။
ကိုရီးယားတွင် တော်လှန်ရေးအတွက် ကူညီသူများ၊ နေထိုင်ခွင့် ကုန်ဆုံးပြီး ဆက်လက် နေထိုင်သဖြင့် ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရန် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပေးနေကြောင်း NUG အစိုးရ တောင်ကိုးရီယားဆိုင်ရာ ကိုယ်စားလှယ်ရုံးက ယမန်နေ့(နိုဝင်ဘာ ၁၀)တွင် ထုတ်ပြန်ထားသည်။
သို့သော် ဆိုးလ်မြို့ရှိ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ သံရုံးကမူ ထိုသို့ သက်တမ်းတိုးသူများ၏ နိုင်ငံကူးလက်မှတ်ကို ဖျက်သိမ်းပြီး အမည်ပျက်သွင်းမည်၊ အိမ်ရှင်နိုင်ငံ၏ ဥပဒေကြောင်းအရ အရေးယူဟန့်တားမည်ဟု နိုဝင်ဘာ ၉ တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ပြည်ပရောက် နိုင်ငံသားများကို ထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုကို လက်နက်တစ်ခုသဖွယ် အသုံးချနေကြောင်း၊ စစ်ကောင်စီ လိုအပ်နေသည့် နိုင်ငံခြားငွေအတွက် ငွေပြန်မလွဲသူများ၊ အခွန်မဆောင်သူများနှင့် ဆန့်ကျင်တော်လှန်သူများကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မပြုကြောင်း သိရသည်။
အလားတူ စစ်တပ်အာဏာသိမ်းပြီးနောက် အလည်အပတ်နိုင်ငံကူးလက်မှတ်(PV) ဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး ပညာသင်ကြားနေထိုင်ခွင့် VISA (ED – Visa) ဖြင့် နေထိုင်သူများကိုလည်း နိုင်ငံကူးလက်မှတ် မတိုးပေးတော့ဟု စစ်ကောင်စီလက်အောက်ခံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ကြေညာထားသည်။
စစ်ကောင်စီ၏ အကျပ်ကိုင်မှုကြောင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ
နိုင်ငံရေးနှင့် လုံခြုံရေးအရအကျပ်အတည်းဖြစ်လာသဖြင့်
နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးနိုင်ရန်၊ အသစ်ခွင့်ပြုရန် NUG အစိုးရကို အကူအညီ တောင်းသူများ ရှိလာသည်။