ylliX - Online Advertising Network
နမ်ဘူယန်ကျေးရွာနီး စက်ယန္တရားကြီးနဲ့ရွှေတူးဖော်မှုစတင်လာတာကြောင့် ရွာနယ်မြေအထိရောက်လာမှာ ဒေသခံတွေစိုးရိမ် - Kachin News Group (KNG)

နမ်ဘူယန်ကျေးရွာနီး စက်ယန္တရားကြီးနဲ့ရွှေတူးဖော်မှုစတင်လာတာကြောင့် ရွာနယ်မြေအထိရောက်လာမှာ ဒေသခံတွေစိုးရိမ် – Kachin News Group (KNG)



ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကောင်းမှုလုံစေတီအနီး နမ်ဘူယန်ကျေးရွာမှာ ရွှေတူးဖော်ဖို့ ပြင်ဆင်နေတာကြောင့်ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကစပြီး ကောင်းမှုလုံစေတီတော်ကနေ ၁ ဖာလုံအကွာမှာရှိတဲ့ နမ်ဘူယန်(Nambu Yang) ကျေးရွာတဝိုက် လုပ်ငန်းရှင်တစ်ချို့ စက်ယန္တရားကြီးတွေနဲ့ဝင်ရောက်လာပြီး ရွှေတူးဖို့စတင်အကောင်ထည် ပြင်ဆင်နေတာလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။

ကောင်းမှုလုံအနီး နမ်ဘူယန်ဆိုတဲ့ရွာမှာ ဟုတ်တယ်။ အဲဒီနမ်ဘူယန်မှာ အသကုန်ရွှေတူးဖို့ လုပ်နေတယ်။ ရွာနဲ့ ၁ ဖာလုံလောက်အကွာ မလှမ်းမကမ်းနားမှာပဲ တူးဖို့။ အစကတော့ စက်ယန္တရားကြီးတွေနဲ့ မတူးဘူး။ အခုတော့ စက်ယန္တရားကြီးတွေနဲ့တူးဖို့ပြင်နေတယ်။ အစကတော့ လက်ကျင်းတွေလောက်ပဲ၊ အနည်းအကျဉ်းပဲရှိတာ ဟုတ်တယ်လို့ပြောပါတယ်။

ရွှေတူးဖော်ဖို့ အဓိကပြင်ဆင်နေတဲ့နေရာတွေဟာ ဒေသခံတွေ လုပ်ကိုင်စားသောက်တဲ့ လယ်ယာမြေတွေမှာဖြစ်တယ်လို့သိရပြီး ရွှေတူးဖော်မယ့်လုပ်ငန်းကို သဘောတူတဲ့ ဒေသခံတစ်ချို့ရှိသလို အများပိုင်း လက်မခံပဲ ကန့်ကွက်နေကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

နမ်ဘူယန်ကျေးရွာဟာ ကျနော်တို့ ကချင်တွေသီးသန့်နေတဲ့ရွာဖြစ်တယ်ဆိုတော့ အခုအဲဒီနေရာမှာ ရွှေအလွန်အကျွံတူးဖော်လာရင် မလိခမြစ်ဖျားပိုင်းလည်း ဖြစ်တာကြောင့်ရယ် ဒေသခံတွေအတွက် လယ်ယာလုပ်ကိုင်စားသောက်ရေးတွေအစ အားလုံးခက်ခဲလာ နိုင်မယ့်အနေအထားဖြစ်တယ်။” လို့ ပူတာအိုဒေသခံ အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နမ်ဘူယန်ကျေးရွာအနီးတစ်ဝိုက် ဒေသခံတွေ လက်နဲ့ရွှေကျင်တာ၊ စက်အသေးအသုံးပြုပြီး ရွှေတူးဖော်တာတွေရှိခဲ့ပေမယ့် ခုလို စက်ယန္တရားကြီးတွေနဲ့တူးဖော်လာတာ ပထမဆုံးအကြိမ်ဖြစ်ပြီး ရေရှည်တူးဖော်လာပါက ကျေးရွာနယ်မြေအတွင်းအထိရောက်လာနိုင်တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။ 

ကောင်းမှုလုံစေတီတစ်ကြောဟာ စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာသာရှိပြီး အခု ရွှေတူးဖော်မယ့်စီမံကိန်းကိုလည်း စစ်ကောင်စီတပ်ရဲ့ခွင့်ပြုချက်နဲ့ပဲ တူးဖော်တာဖြစ်တယ်လို့ဒေသခံတွေ ပြောပါတယ်။ 

ပူတာအိုဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နေရာအနှံ့သယံဇာတတူးဖော်မှုပိုများလာပြီး ပူတာအိုအထက်ပိုင်း အထင်ကရနေရာတွေဖြစ်တဲ့ နတ်ကျွန်းတဝိုက်မှာလည်း ရွှေတူးဖော်မှု အများအပြားလုပ်ဆောင်နေတယ်လို့ ပူတာအိုဒေသခံတွေ ပြောပါတယ်။

နမ်ဘူယာန်ကျေးရွာဟာ မချမ်းဘော့မြို့နဲ့ ၂၅ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၇၀ ဝန်းကျင်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။

 

The post နမ်ဘူယန်ကျေးရွာနီး စက်ယန္တရားကြီးနဲ့ရွှေတူးဖော်မှုစတင်လာတာကြောင့် ရွာနယ်မြေအထိရောက်လာမှာ ဒေသခံတွေစိုးရိမ် appeared first on Kachin News Group (KNG).



Source link

Leave a Reply

Your email address will not be published. Required fields are marked *