ဒီတစ်ပတ် (နိုဝင်ဘာ ၄ ကနေ ၉ ရက်နေ့အထိ) အတွင်း စစ်ခေါင်းဆောင် တရုတ်ရောက်နေခဲ့ပါတယ်။ စစ်ကောင်စီတင်တဲ့ မြန်မာ့အတာသင်္ကြန် ယူနက်စကို ဆန်ခါတင်စာရင်းဝင်သွားပါတယ်။ တော်လှန်ရေးတိုက်ပွဲသတင်းတွေဘက်မှာတော့ ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာရက္ခတပ်တော် AA တပ်တွေ အောင်ပွဲအလီလီ ဆက်ရနေပါတယ်။ တဖန် ကချင်က မြေရှားထွက်ဒေသတွေကို KIA/PDF သိမ်းလိုက်နိုင်လို့ ကမ္ဘာမှာ မြေရှားဈေးဆက်တက်လာတဲ့ သတင်းတွေကလည်း ထူးပါတယ်။ NLD ဝန်ကြီးဟောင်း ဦးဝင်းခိုင် မန္တလေးဆေးရုံကြီးမှာ ကွယ်လွယ်သွားတဲ့သတင်းတွေအပါအဝင် တစ်ပတ်အတွင်း ထူးခြားသတင်းတွေကို အနှစ်ချုပ်ဖော်ပြထားပါတယ်။
“စစ်ခေါင်းဆောင် တရုတ်ပြည်သွား တောလား”
၂၀၂၁ အာဏာသိမ်းအပြီး လေးနှစ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ပြည်ကို ဒီတစ်ပတ်ထဲမှာ ပထမဆုံး သွားခဲ့ပါတယ်။
အဲဒီကို နိုဝင်ဘာ ၅ ရက် အင်္ဂါနေ့ မနက်အစောပိုင်းမှာ နေပြည်တော် စစ်ကောင်စီတပ်လေဆိပ်ကနေ သွားခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့မနက်ပိုင်းမှာပဲ နေပြည်တော်အေလာလေဆိပ် ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ရောက်တယ်ဆိုတာနဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီမှာ မြန်မာ့လျှပ်စစ်ကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ သူက ဖိတ်ခေါ်ခဲ့သလို လျှပ်စစ်မော်တော်ယာဉ်(EV)နဲ့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)တွေကို ဆွေးနွေးခဲ့ပါတယ်။
အဲဒီနေ့ မွန်းလွဲပိုင်းမှာတော့ ယူနန်အသက်မွေးဝမ်းကျောင်းနဲ့ စက်မှုလက်မှုနည်းပညာကောလိပ်နဲ့ ကူမင်းသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်တွေဆီ သွားခဲ့ပါတယ်။
အင်္ဂါနေ့မှာပဲ စစ်ခေါင်းဆောင်ဟာ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နဲ့ ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး ဝမ်နင်းနဲ့တွေ့ဆုံပြီး နယ်စပ်တည်ငြိမ်အေးချမ်းရေး ဆွေးနွေးခဲ့ပါသေးတယ်။
အဲဒီနောက် နိုဝင်ဘာ ၆ ရက် နေ့မှာ ရှစ်ကြိမ်မြောက်မဟာမဲခေါင်အစည်းအဝေးကို တက်ရောက်ဖို့လာတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မက်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် ဆုန်နီဆေးဆစ်ဟန်ဒုန်းတို့နဲ့ စစ်ခေါင်းဆောင် တွေ့ဆုံခဲ့ပါတယ်။
သူတို့နဲ့ တွေ့ဆုံချိန်မှာ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လုပ်နေတယ်လို့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနိုင်အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ သူက ပြောခဲ့ပါတယ်။
နောက်ပြီး အာဆီယံအစည်းအဝေးတွေမှာ မြန်မာပါဝင်နိုင်မှုအခြေအနေ၊ မြန်မာမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးလိုအပ်တဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ကူမင်းမြို့ရှိ စစ်ကောင်စီဩဇာခံ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ဝန်ထမ်းတွေနဲ့ ပညာတော်သင်ရောက်နေသူတွေကို စစ်ခေါင်းဆောင်က သွားတွေ့ခဲ့ပါတယ်။
အဲဒီမှာ တရုတ်ကို မျက်ခြည်မပြတ်လေ့လာပြီး သင်ခန်းစာယူကာ ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဘယ်လိုဆောင်ရွက်နိုင်မယ်ဆိုတာကို အဖြေရှာဖို့၊ သံတမန်ဆက်ဆံရေးကနေ နှစ်နိုင်ငံ အကျိုးတူ စီးပွားရေးလုပ်ငန်းတွေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ အခွင့်အလမ်းရရှိစေရေး လုပ်ဆောင်ကြဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းသွားပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာ စစ်မှန်ပြီးရိုးသားတဲ့ ဒီမိုကရေစီစနစ်ဖြစ်လာစေရေး ဆောင်ရွက်နေပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်နေတယ်လို့ သူက ပြောသွားပါသေးတယ်။
အဲဒီနောက် တရုတ်ဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင်တို့ နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းမှာပဲ တွေ့ဆုံခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ မစ္စတာ လီချန်းက စစ်ခေါင်းဆောင်ကို ကြိုဆိုပြီး နှစ်နိုင်ငံပြဿနာတွေကို ပူးတွဲဖြေရှင်းနိုင်ခဲ့ပြီး ရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။
တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြန်လည်သင့်မြတ်ရေးနဲ့ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတွေကို တရုတ်အနေနဲ့ ထောက်ခံကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောတယ်လို့ ရေးသားဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ အဲဒီတွေ့ဆုံမှုမှာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လေးလေးနက်နက်ထောက်ခံတယ်လို့ ထပ်ပြောခဲ့ပါတယ်။
တရုတ်က မြန်မာမှာ ဒုတိယရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံမလို့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီမံကိန်းတွေနဲ့ နိုင်ငံသားတွေ လုံခြုံဘေးကင်းရေးကို အထူးအလေးထားဆောင်ရွက်ပေးနေတယ်လို့ စစ်ခေါင်းဆောင်က ထည့်ပြောသွားပါတယ်။
နိုဝင်ဘာ ၇ ရက်၊ ကြာသပတေးနေ့ မနက်ပိုင်းမှာ ကူမင်းမြို့မှာပြုလုပ်တဲ့ ရှစ်ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲအစည်းအဝေး(GMS)ကို စစ်ခေါင်းဆောင် တက်ရောက်ခဲ့ပါတယ်။
ဒီနှစ် GMS အစည်းအဝေးကို “နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေး” နဲ့ “မျက်နှာစုံညီ အစည်းအဝေး” ဆိုပြီး အပိုင်းနှစ်ပိုင်ခွဲပြီးပြုလုပ်ခဲ့တာပါ။
မွန်းလွဲပိုင်းမှာ (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(အက်ခ်မက်စ်)ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် တက်ရောက်ခဲ့ပြန်ပါတယ်။
အဲဒီမှာ လာအိုဝန်ကြီးချုပ် ဟွမ်မာနက်က စစ်ခေါင်းဆောင်ဆီ အလှည့်ကျ ဥက္ကဋ္ဌ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အက်ခ်မက်ဥက္ကဋ္ဌအဖြစ် သူတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တွေကနေရရှိတဲ့အကျိုးကျေးဇူးတွေကို အက်ခ်မက် အဖွဲ့ဝင်နိုင်ငံတွေအားလုံး ရရှိခံစားနိုင်ဖို့ အရင်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်သလို အခြေခံကျတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မဟာဗျူဟာတွေကိုလည်း ရေးဆွဲဖော်ဆောင်သွားမယ်လို့ ပြောပါတယ်။
အဲဒီနောက် စစ်ခေါင်းဆောင်ဟာ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာပဲ ဆက်လက်ကျင်းပတဲ့ ၁၁ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(စီအယ်လ်အမ်ဗွီ) ထိပ်သီးအစည်းအဝေးကို ထပ်တက်ခဲ့ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံရေးရှုပ်ထွေးမှု၊ နိုင်ငံတကာပဋိပက္ခ၊ စီးပွားရေးကျဆင်းမှု၊ စားနပ် ရိက္ခာနဲ့ စွမ်းအင်မလုံလောက်မှု စတဲ့ပြဿနာတွေကြားမှာ ကြံ့ကြံ့ခံနိုင်စွမ်းရှိဖို့ မဖြစ်မနေ လိုအပ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသွားပါတယ်။
အဲဒီနောက် ကူမင်းမှာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ဖယ်ထောင်ထန် ရှင်နာဝပ်ထရာနဲ့ ကြာသမတေးနေ့မှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီမှာ စစ်ခေါင်းဆောင်က ထိုင်းရောက်မြန်မာတွေရဲ့ အချက်အလက်တွေကို ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေမှာ ရေးသားဖော်ပြကြပေမဲ့ ထိုင်းအစိုးရဘက်က တရားဝင်ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။
ဒီတွေ့မှုကြောင့် ထိုင်းအမျိုးသမီးဝန်ကြီးချုပ်ကို အတိုက်အခံပါတီ လွှတ်တော်အမတ်တွေက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံမှုခင်း၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား၊ နယ်စပ်ကုန်သွယ်ရေးနဲ့ စီးပွားရေးမြှင့်တင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်လုပ်ဆောင်နေမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် စစ်ခေါင်းဆောင်ဟာ ချုံချင့်မြို့ကို ညနေပိုင်းမှာ ဆက်သွားခဲ့ပြီး အဲဒီက စစ်ကောင်စီလက်အောက်ခံ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုတွေနဲ့ ပညာတော်သင် သင်တန်းသားတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက် သောကြာနေ့မှာ တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး ယမ်ကျားယမ်နဲ့ ဆက်လက်တွေ့ဆုံခဲ့ပါတယ်။
ချုံချင့်မြို့ရှိ စက်ရုံ၊ အလုပ်ရုံတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့အထဲ Zhongyue(ကျုံးယွေ့) Aviation UAV Firefighting-Drone ကုမ္ပဏီကို သွားကြည့်ခဲ့ပါတယ်။
ဒါ့အပြင် တရုတ်ရောက်နေတဲ့စစ်ခေါင်းဆောင်ဟာ ကြာသပတေးနေ့မှာကျရောက်တဲ့ ၆၉ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားဆီ သဝဏ်လွှာ ပေးအပ်ခဲ့ပါတယ်။
ကရင်ပြည်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသားတွေ ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေရတဲ့အတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်း၊ အဖြေရှာတဲ့ နည်းလမ်းနဲ့ NCA လမ်းကြောင်းအတိုင်း လိုက်ဖို့ သက်ဆိုင်သူတွေကို တိုက်တွန်းလိုတယ်လို့ စစ်ခေါင်းဆောင်က သဝဏ်လွှာထဲ ထည့်ပြောထားပါတယ်။
ဒီတစ်ပတ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီတစ်ပတ် နိုဝင်ဘာ ၅ ကနေ ၈ ရက်နေ့အထိ တရုတ်မှာပဲ ကုန်ဆုံးခဲ့ပြီး နိုဝင်ဘာ ၉ ရက် စနေနေ့မှာ နေပြည်တော်ပြန်ရောက်လာဖို့ရှိနေပါတယ်။
စစ်ခေါင်းဆောင်ရဲ့ လေးနှစ်အတွင်း ပထမဆုံး တရုတ်ခရီးစဉ်ကို မြန်မာပြည်သူတွေအပါအဝင် အကဲခတ်တွေ၊ ကမ္ဘာ့နိုင်ငံတချို့က စောင့်ကြည့်ခဲ့ကြပါတယ်။
ဒီခရီးစဉ်အပြီး မြန်မာပြည်တွင်းရေးအပေါ် တရုတ်က ဘယ်လိုစွက်ဖက်လာမလဲ၊ ဘယ်လိုပိတ်ဆို့မှုတွေ ထပ်လုပ်လာမလဲ၊ စစ်အာဏာရှင်ကိုတော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာ ပြည်သူတွေ စိုးရိမ်လို့နေပါတယ်။
“မြန်မာ့သင်္ကြန် ယူနက်စကို ဆန်ခါတင်စာရင်းဝင်”
ထိုင်းနိုင်ငံက ဆုန်ခရန်သင်္ကြန်ပွဲတော် ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ယူနက်စကိုဝင်သွားပြီးနောက် မြန်မာ့အတာသင်္ကြန်လည်း ယူနက်စကို ဝင်ရောက်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။
အခုတော့ မြန်မာ့ရိုးရာ အတာသင်္ကြန်ဟာ ပထမအဆင့်ဖြစ်တဲ့ ယူနက်စကိုရဲ့ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်(Intangible Cultural Heritage)အတွက် ဆန်ခါတင် စာရင်းထဲ ထည့်သွင်းခံလိုက်ရပါတယ်။
မြန်မာ့ရိုးရာသင်္ကြန်ကို ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းဖြစ်ဖို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လမှာ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်က ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနကနေ ယူနက်စကိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။
ယူနက်စကို ဝင်မဝင်ဆိုတာကိုတော့ ဒီနှစ် ၂၀၂၄ ၊ ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်အထိ ပါရာဂွေးနိုင်ငံမှာ ကျင်းပမယ့် ယူနက်စကို ICH ကော်မတီအစည်းအဝေးအပြီးမှာ ကြေညာသွားမှာဖြစ်ပါတယ်။
အဲဒီမှာ တပြိုင်တည်းအနေနဲ့ ထိုင်းနိုင်ငံက ဒီနှစ်မှာဆန်ခါတင်စာရင်းပါလာတဲ့ ပုစွန်တုန့်ယန်းဟင်းချိုဟာလည်း ယူနက်စကိုစာရင်း ထပ်ဝင်မဝင်ဆိုတာ သိရမှာပါ။
မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်လို ရေကစားပွဲတော်တွေကို မြန်မာအပြင် အိမ်နီးချင်း ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာလည်း ဧပြီလအတွင်းမှာ ကျင်းပလာကြပါတယ်။
မြန်မာမှာ ပထမဆုံး ယူနက်စကို ဝင်ထားတာဟာ ပျူမြို့ဟောင်း သုံးမြို့ဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့ဟာ ၂၀၁၄ တုန်းက ဝင်ထားပါတယ်။ ဒုတိယမြောက်ကတော့ ပုဂံရှေးဟောင်းဒေသက ၂၀၁၉ ခုနှစ် ဇူလိုင်လမှာဖြစ်ပါတယ်။ မြန်မာ့အတာသင်္ကြန်က တတိယမြောက်ယူနက်စကိုဝင် ဖြစ်လာမလား စောင့်ကြည့်ရဦးမှာပါ။
“ရခိုင်မှာ နောက်ဆုံး ကပ်, အငတ်ဘေး မကြာမီ ကြုံရနိုင်”
မြန်မာအပါအဝင် ကမ္ဘာမှာ ရောဂန္တရကပ် ကိုဗစ် ၁၉ ကို ရင်ဆိုင်ခဲ့ရသလို ရခိုင်လည်းအပါအဝင်ပါပဲ။ အဲဒီနောက် သတ္တန္တရကပ်ဖြစ်တဲ့ စစ်ပွဲတွေကြောင့်ဖြစ်ရတဲ့ ကပ်လည်း ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒုဗ္ဘိက္ခန္တရကပ်လို့ခေါ်တဲ့ အငတ်ဘေးကိုလည်း မကြာမီ ဆိုက်ရောက်လာတော့မယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ(UN)က ပြောကြားလိုက်ပါတယ်။
အဲဒီမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြားက ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေသလို ကုန်သွယ်မှုတွေလည်း ပိတ်ဆို့ထားတာ စတဲ့အချက်နှစ်ခုကို ကုလအကြီးအကဲက မီးမောင်းထိုးပြောပါတယ်။
ရခိုင်ပြည်မှာ တိရိစ္ဆာန်တွေကို ကျွေးတဲ့ ဆန်ကြမ်းတွေကို ဒေသခံတွေ စားသောက်နေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP)ရဲ့ နိုဝင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲ ထည့်သွင်း ဖော်ပြထားပါတယ်။
UNDP ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကန်နီဝစ်ဂျ်နာရာဂျီ(Kanni Wignaraja)က လာမယ့် ၂၀၂၅ ခုနှစ်အထိ ဒီအခြေအနေ ဆက်ဖြစ်နေမယ်ဆိုရင် ရခိုင်က လူနှစ်သန်းလောက် အငတ်ဘေးကြုံတွေ့ရနိုင်တယ်လို့ ပြောသွားပါတယ်။
အဲဒီပမာဏဟာ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ လူသုံးသန်းကျော်ပဲရှိတဲ့ ရခိုင်မှာ လူသုံးပုံ နှစ်ပုံလောက် အစားအစာမဲ့သွားနိုင်တဲ့ သဘောပါ။
အဲဒီအစီရင်ခံစာအရ ရခိုင်ပြည်တွင်းက အိမ်ထောင်စု တစ်ဝက်ကျော်ရဲ့ လစဉ် ပျမ်းမျှဝင်ငွေဟာ ကျပ် ၆၆,၀၀၀ ကျော်ကနေ ၄၆,၀၀၀ ကျော်အထိ ကျဆင်းသွားနိုင်ပြီး လူအများစုဟာ တစ်နေ့ကို တစ်နပ်လောက်ပဲ စားသောက်နိုင်တဲ့ အခြေအနေကို ရောက်ရှိသွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ရခိုင်က ဆန်စပါးထုတ်လုပ်မှုဟာလည်း အရင်က တန်ချိန် ၂၈၂,၀၀၀ ကျော် ရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ တန်ချိန် ၉၇,၀၀၀ အထိ ကျဆင်းသွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အဲဒီ ပမာဏဟာ ရခိုင် ပြည်တွင်း ဆန်စပါး လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ သိရပါတယ်။
ကုန်သွယ်ရေးလမ်းကြောင်းတွေဟာ အရင်က ရှစ်ခုကနေ ၁၀ ခုအထိ ရှိပေမဲ့ လက်ရှိမှာတော့ နှစ်ခုပဲ ကျန်တော့တာကို တွေ့ရတယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။ ဒါကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေမှာ ဆန်နဲ့ စားသုံးဆီဈေးတွေဟာ ခေါင်ခိုက်နေပြီး အရင်ကထက် ဈေးနှုန်း ဆယ်ဆလောက်အထိ မြင့်တက်နေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ငါးသိန်းကျော်ရှိနေပေမဲ့ စစ်ကောင်စီတပ်ရဲ့ ကန့်သတ်ချက်တွေကြောင့် အကူအညီပေးသူတွေအတွက် အခက်အခဲတွေ အများအပြား ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း အားနည်းနေတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ကလေးငယ် ၃၆ ယောက်ထက် မနည်း သေဆုံးခဲ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
UNDP ကတော့ အခုလို ဖြစ်ပျက်နေတာကြောင့် အရေးပေါ် အကူအညီတွေ ချက်ချင်းပေးဖို့နဲ့ နိုင်ငံတကာ အနေနဲ့လည်း ဝင်ရောက်ဖြေရှင်းပေးဖို့ လိုအပ်နေတယ်လို့ တိုက်တွန်းထားပါတယ်။
“AA ရဲ့ Target သစ် တောင်ကုတ်”
ရခိုင်တစ်ပြည်လုံး မြို့နယ် ၁၇ ခုအနက် ၁၁ ခုကို အာရက္ခတပ်တော် AA တပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး မြို့တော် စစ်တွေအပါအဝင် နပခရှိရာ အမ်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်းရှိရာ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်၊ မောင်တောမြို့နယ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
အဲဒီထဲ ရခိုင်ပြည်တောင်ပိုင်းက တောင်ကုတ်မြို့တွင်းကိုတော့ AA တပ်တွေ လပေါင်းများစွာပိတ်ဆို့ထားခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက်၊ ကြာသပတေးနေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
မြို့ပြင်ကို အောက်တိုဘာ ၃၁ ရက်နေ့က တိုက်ခိုက်ခဲ့ပြီးနောက် မြို့တွင်းကို ထပ်မံတိုက်ခိုက်လာတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ယူနီဖောင်းချွတ်ပြီး ထွက်ပြေးသွားခဲ့ကြပါတယ်။
နိုဝင်ဘာ ၈ ရက် သောကြာနေ့ မနက်ပိုင်းမှာတော့ သူတို့ကို စစ်ကောင်စီတပ်က ပျောက်ဆုံး စစ်သားစာရင်းနဲ့အတူ လိုက်လံရှာဖွေခဲ့ပါတယ်။
ဒီအကြောင်း CJ Platform ရဲ့ Citizen Journalist က “စခန်းကုန်းတွေ အသိမ်းခံရတော့ ထွက်ပြေးတဲ့သူတွေ၊ မြို့တစ်ခြမ်းလောက်မှာတော့ တိုက်ပွဲဖြစ်နေပြီ။ ထွက်ပြေးတဲ့ စစ်သားတွေလည်း ရှိတယ်။ လူမရှိတဲ့ အိမ်တွေကို ဖျက်ဝင်ပြီးတော့ စခန်းချနေကြတဲ့ စစ်သားတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
အာရက္ခတပ်တော် AA အနေနဲ့ တောင်ကုတ်မြို့တွင်းကို ထိုးစစ်မစခင် အစောပိုင်းရက်တွေကတည်းက စစ်ကောင်စီရဲ့ ရှေ့ထွက်စခန်းကုန်းတွေကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီအတွက် အရေးပါတဲ့ စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်(စကခ)-၅ လက်အောက်ခံ ပန်းမြောက်တောင် အမြောက်တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိထားပါတယ်။
ဒီလို နှစ်ဖက်တပ်တွေပိတ်ဆို့မှုကြောင့် တောင်ကုတ်မြို့မှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး ကျပ်တည်းလာတာကြောင့် မြို့ခံတွေ မြို့ကို စွန့်ခွာခဲ့ကြပြီး လက်ရှိမှာ အနည်းငယ်ပဲ ကျန်ရှိတော့တယ်လို့ CJ Platform ရဲ့ Citizen Journalist ဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ AA တပ်တွေရဲ့ ပိတ်ဆို့ထားမှုဒဏ်တွေကြောင့် ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်ပြီး ပြည်သူတွေ အလွန်ခပ်ခဲကျပ်တည်းနေတဲ့အတွက် လက်ရှိ တောင်ကုတ်မြို့ခံတွေအနေနဲ့ AA တပ်တွေ အမြန်ဆုံးသိမ်းစေချင်တဲ့ ဆန္ဒရှိနေကြပါတယ်။
နောက်ပြီး တောင်ကုတ်မြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတာ တစ်လကျော် ကြာမြင့်ပြီဖြစ်ပြီး တိုက်ပွဲတွေကြောင့် စျေးတွေလည်း ပိတ်ထားတယ်လို့ သိရပါတယ်။
နောက်ထပ် AA ရဲ့ ထိုးစစ်မြို့ဖြစ်တဲ့ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်(နပခ)လည်း မကြာမီအချိန်အတွင်း သိမ်းပိုက်နိုင်တော့မယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပြောကြားနေကြပါတယ်။
နပခ တဝိုက်က ကာကင်းစခန်းတွေအပါအဝင် အရံတပ်တွေကို AA က သိမ်းပိုက်ရရှိထားပြီးပြီဖြစ်ပြီး နိုဝင်ဘာလ ၆ ရက် ဗုဒ္ဓဟူးနေ့မှာ ခမရ- ၃၇၁၊ လေကြောင်းကာကွယ်ရေးတပ်နဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD)တွေကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။
“KIA ကြောင့် ကချင်လူထု အသက်ရှုချောင်သွားပေမဲ့ ကမ္ဘာမှာ ဈေးတက်သွားတဲ့ မြေရှား”
ကြောက်မက်ဖွယ် အသံတိတ်လူသတ်လက်နက်တစ်ခုဖြစ်တဲ့ မြေရှားဓာတ်သတ္တုကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည် အထူးဒေသ ၁ ထဲမှာ တရုတ်က စစ်ကောင်စီတပ်အားကိုးနဲ့ အကြီးအကျယ်ထုတ်လုပ်နေခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီမှာ တိုက်ပွဲတွေဖြစ်ပေါ်လာခဲ့သလို ကချင်လွတ်လပ်ရေးတပ်(KIA/PDF ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်လိုက်နိုင်ချိန်မှာတော့ မြေရှားထုတ်လုပ်မှု အလုံးစုံ ရပ်တန့်သွားခဲ့ပါတယ်။
ဒါကြောင့် စက်တင်ဘာလကတည်းက ကမ္ဘာမှာ မြေရှားသတ္တုဈေးတွေ မြင့်တက်လာသလို ဆက်လက်မြင့်တက်လာနိုင်တယ်လို့ တရုတ်က အဲဒီဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုလာနေကြပါတယ်။
အဲဒီနောက် နိုဝင်ဘာလဆန်းပိုင်းမှာလည်း တရုတ်ဘက်က ဈေးတွေ ထပ်ပြီးတိုးမြှင့်ခဲ့တာကြောင့် မြေရှားသတ္ထုဈေးတွေ သုံးလဆက်တိုက် ထိုးတက်ခဲ့ပါတယ်။
ကမ္ဘာ့မြေရှားသတ္ထုထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကျော်အထိ တူးဖော်ထုတ်လုပ်နေတဲ့ မြန်မာပြည်တွင်းရေးအခြေအနေကြောင့် အဲဒီစျေးနှုန်းတွေ ဆက်လက်မြင့်တက်နိုင်တယ်လို့ မြေရှားသတ္ထုထုတ်လုပ်ရေးကို အနီးကပ်လေ့လာနေတဲ့ လုပ်ငန်းရှင် ဝူချန်ဟွေက ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံ စတော့အိတ်ချိန်းစျေးကွက် A-share ထဲက မြေရှားသတ္တုနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာစျေးနှုန်းတွေဟာလည်း ပြီးခဲ့တဲ့ သောကြာနေ့မှာ တစ်နေ့တာ အမြင့်ဆုံးစျေးအထိ ရောက်ရှိခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေထဲ တရုတ်အစိုးရပိုင်ကုမ္ပဏီတွေဖြစ်တဲ့ Inner Mongolia Baotou Steel Rare-Earth နဲ့ China Rare Earth Resources and Technology Co., တို့ ပါဝင်ပါတယ်။
ဒါ့အပြင် ဟောင်ကောင်စျေးကွက်တွေထဲက မြေရှားသတ္ထုကုမ္ပဏီတွေရဲ့ ရှယ်ယာစျေးတွေလည်း သိသိသာသာ မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။
မြေရှားသတ္ထုကို တရုတ်နိုင်ငံက ဦးဆောင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းက ချီဖွေမြို့နယ်တဝိုက်နဲ့ ပန်ဝါဒေသတွေမှာ အဓိထားထုတ်လုပ်နေပြီး ရလာတဲ့ သတ္ထုတွေကို အီလက်ထရွန်းနစ်ပစ္စည်းတွေ၊ စမတ်ဖုန်းတွေနဲ့ ကွန်ပျူတာတွေမှာ အဓိကထားသုံးပါတယ်။
ဒါ့အပြင် လျှပ်စစ်ကားဘတ္ထရီ၊ လေအားသုံးတာဘိုင်နဲ့ နျူးကလီးယားစွမ်းအင်ထုတ်လုပ်ရာမှာလည်း သုံးလေ့ရှိပြီး စစ်ဘက်ဆိုင်ရာမှာဆိုလည်း မိုးပျံယာဉ်အင်ဂျင်တွေ၊ ဒုံးကျည်စနစ်တွေနဲ့ အာသာသယာဉ်အစိတ်အပိုင်းတွေအထိ အသုံးပြုလို့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီကနေ စက်တင်ဘာလအထိ ကိုးလအတွင်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ မြေရှားသတ္ထု အောက်ဆိုဒ် တန်ချိန် ၃၁,၀၀၀ တင်သွင်းခဲ့ပြီး ဒီပမာဏဟာ တရုတ်နိုင်ငံရဲ့ အဲဒီကာလအတွင်း စုစုပေါင်း တင်သွင်းမှုရဲ့ ၇၄ ဒသမ ၉ ရာခိုင်နှုန်း ရှိတယ်လို့ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာနက ဆိုပါတယ်။
“NLD ဝန်ကြီးဌာနနှစ်ခုရဲ့ ဝန်ကြီး ကွယ်လွန်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီလက်ထက် ဝန်ကြီးဌာနနှစ်ခုမှာ ဝန်ကြီးတာဝန်တွေထမ်းဆောင်ခဲ့သလို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရဲ့ ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ ဦးဝင်းခိုင်ဟာ နိုဝင်ဘာ ၈ ရက်၊ သောကြာနေ့ ညပိုင်းမှာ ကွယ်လွန်ခဲ့ပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့နေ့မှာပဲ တခြား NLD ဝန်ကြီးတွေနဲ့အတူ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာခံခဲ့ရသူပါ။ ဦးဝင်းခိုင်က အပြစ်မရှိဘူးလို့ပြောခဲ့ပေမဲ့ စစ်ကောင်စီက တွေ့ရာပုဒ်မတွေတပ်ပြီး ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခဲ့ပြီးနောက် နေပြည်တော်အချုပ်ထောင်၊ ရမည်းသင်းအကျဥ်းထောင်နဲ့ မန္တလေး အိုးဘိုအကျဥ်းထောင်တွေမှာ ချုပ်နှောင်ခဲ့ပါတယ်။
အသက် ၇၃ နှစ်အရွယ် ဦးဝင်းခိုင်ရဲ့ ကျန်းမာရေးဟာ အိုးဘိုထောင်တွင်းမှာ ဆေးဝါးလုံလုံလောက်လောက်မရလို့ ဆိုးရွားလာတာကြောင့် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်(ICU)ဆီ အောက်တိုဘာလအတွင်း ပို့ဆောင်ကုသခဲ့ရပါတယ်။
အဲဒီနောက် အသက်လုနေရသူကို အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီဘက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။
အဲဒီနောက် ၁၁ ရက်အကြာ သောကြာနေ့ညပိုင်းမှာ ဆုံးပါးခဲ့ပြီးနောက် နာရေးကို စနေနေ့ မနက် ၁၁ နာရီမှာ ဆေးရုံကြီး ရင်ခွဲရုံကနေ အေးရိပ်ငြိမ်သုဿာန်ကို ပို့ဆောင်မီးသဂြိုဟ်မယ်လို့ သိရပါတယ်။
ဦးဝင်းခိုင်ဟာ ၂၀၁၆ ခုနှစ်၊ မတ်လမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီးနောက် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှာပဲ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်ပါ ပူးတွဲ တာဝန်ယူခဲ့ရသူပါ။ အဲဒီနောက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီအထိ ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်အထိ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။