ylliX - Online Advertising Network
မင်းတပ်မှာ ပစ်ကွင်းမရှင်းတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မင်းတပ်မှာ ပစ်ကွင်းမရှင်းတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး





ချင်းပြည်၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ကွင်းမရှင်းတဲ့ အရပ်သား နေအိမ်တွေကို ဒီကနေ့ မနက်ပိုင်းမှာ လိုက်လံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။

 

မင်းတပ် မြို့မရဲစခန်းရှေ့ ခေါနူးရိပ်သာ အနီးတဝိုက်ရှိ အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့ မနက် ၉ နာရီခန့်မှာ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

 

“ဒီနေ့မနက် နှင်းတွေကလည်း အရမ်းကျနေတယ်။ ရဲနဲ့ စစ်သားတွေ မီးရှို့တာက တွေ့လိုက်တယ်။ ဒါပေမဲ့ ဘယ်နှအိမ်လောက် မီးလောင်သွားလဲဆိုတာ သွားမကြည့်ရဲလို့ မသိရဘူး။ မနက် ၁၁ နာရီအချိန်ထိ မီးခိုးတွေ ထွက်နေသေးပါတယ်” လို့ အသက် ၃၀ ဝန်းကျင် မင်းတပ်မြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

မင်းတပ်မြို့မှာ အခုရက်ပိုင်းတွင်း CDF-Mindat နဲ့ စစ်ကောင်စီတပ်တို့ကြား ရဲစခန်းနဲ့ တပ်စခန်းတွေမှာ နေ့စဥ်ပစ်ခတ်မှုရှိနေတယ်လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် မင်းတပ်မြို့ ဆောက်လုပ်ရေးဝန်း အနောက်ဘက်အခြမ်းရှိ အရပ်သားနေအိမ်တွေလည်း ဒီကနေ့ မနက် ၁၁ နာရီခန့်မှာ ထပ်မံမီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

 

“အခုမီးလောင်နေတဲ့ ဘက်ခြမ်းမှာ အရပ်သားတွေမရှိတော့တာ ကြာပါပြီ။ ပြီးတော့ ဘယ်သူမှ အဲဒီဘက်မှာ သွားပြီး မီးရှို့ရလောက်အောင်လည်း မရှိဘူး။ အဲဒီဘက်မှာ စစ်သားတွေရှိတယ်။ အခု မီးရှို့တာလည်း ရဲနဲ့ စစ်သားတွေပဲဖြစ်မယ်။ ကျွန်တော်တို့ တောင်ယာကနေ မီးလောင်နေတဲ့အတိုင်း မြင်နေရတယ်” အသက် ၂၈ နှစ်အရွယ် မင်းတပ်ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မင်းတပ်မြို့မှာ ဒီကနေ့ မနက် အရပ်သားနေအိမ်တွေ မီးရှို့ခံရတာနဲ့ပတ်သက်ပြီး CDF-Mindat က တာဝန်ရှိသူတစ်ဦးက အတည်ပြုထားပြီး ဖျက်ဆီးမှုအရေအတွက်ကိုတော့ မသိရသေးဘူးလို့ သူက CJ Platform ကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ နို၀င်ဘာလ ၃ ရက်နေ့ကလည်း မင်းတပ်မြို့ ဆည်မြောင်းရုံး၀န်းရှိ ၀န်ထမ်းအိမ် ငါးလုံးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – HKL Mindat

 

ပုံစာ – မင်းတပ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးလို့ အရပ်သားနေအိမ်တွေ မီးလောင်နေတာကို တွေ့မြင်ရစဥ်

#CJPlatform #ချင်းပြည် #မင်းတပ်မြို့ #စစ်ကောင်စီတပ် #မီးရှို့ဖျက်ဆီး

 





Source link

Leave a Reply

Your email address will not be published. Required fields are marked *