(မိုးမခ) နိုဝင်ဘာ ၉ ၊ ၂၀၂၄
အညာဘက်မှာ နို့တိုက်မိခင်မချန် လူသားဒိုင်းလုပ် စစ်ကြောင်းထိုးတာ ယုတ်ကန်းလှ အောက်မေ့နေ၊ ခု မအလ စစ်တပ်က သူ့တပ်မိသားစုတွေကို ပြန်ပြီးလူသားဒိုင်းလုပ်တာ ဖတ်ရတော့မှ အတော်အောချယူရတော့တယ်။
ဖာပွန်ဗျူဟာကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားပြီးပေမယ့် တပ်မိသားစုတွေ အမျိုးသမီးတွေနဲ့ ကလေးတွေကို လူသားဒိုင်းကာထားလို့ တိုက်ခိုက် စခန်းသိမ်းဖို့ သတိနဲ့ ပြင်ဆင်နေရတယ်တဲ့။ လမ်းကြောင်းဖွင့်ပေးသော်လည်း စစ်တပ်က တပ်မိသားစုများကို ထွက်ခွင့်မပေးဘဲ လူသားဒိုင်းကာအဖြစ် ဆက်သုံးနေသတဲ့။ ဆိုးချက်နော်။ စစ်သားစိတ်ဓာတ် စုတ်ပြတ်သတ်ချက်လက်ကုန်။ အင်းတော်မှာလဲ လူသားဒိုင်း လုပ်ထားတဲ့ထဲက မိန်းခလေးတွေကို တရက် တယောက်ထုတ် မုဒိမ်းကျင့်နေသတဲ့။ ဒီလို ရွံစရာအကောင်းဆုံး ရာဇဝတ်ကောင်တွေနဲ့ စုဖွဲ့ထားတဲ့ တပ်ကို ချီးမြှောက်ထောက်ပံ့ရတာနဲ့ ဆွေးနွေးချင်ရတာနဲ့ အလျှော့ပေးချင်ရတာနဲ့၊ မညီမညွတ်ဖြစ်အင်အားဖြုန်းနေရတာနဲ့၊ အင်း အဲဒါတွေက စစ်တပ်ထက် ပိုအောချစရာကောင်းနေတယ်။
KNLA က ယောက်ျား- ယောက်ျားချင်း၊ စစ်သား-စစ်သားချင်း စစ်တိုက်ဖို့၊ မဆိုင်တဲ့ မိသားစု၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို လွှတ်ပေးပါ၊ လမ်းကြောင်းဖွင့်ပေးမယ်လို့ စစ်တပ်ကို ကမ်းလှမ်းခဲ့ပေမယ့် ဖာပွန်ဗျူဟာရှိ စစ်တပ်က တပ်မိသားစု၊ အမျိုးသမီးနဲ့ ကလေးငယ်များကို လုံး၀ လွှတ်ပေးခြင်းမရှိဘဲ လူသားဒိုင်းကာအဖြစ် ဆက်လက် အသုံးပြုနေသတဲ့။
ဒီတော်လှန်ရေးမှာ မသိမသာနဲ့ စစ်ခေါင်းဆောင်တွေအတွက် ဒိုင်းကာလုပ်ခံနေရတာကတော့ တပ်မိသားစုတွေပါပဲ။ ဒီမိသားစုတွေကို သေနတ်နဲ့ထောက်ပြီး သူတို့ယောက်ျားတွေကို တိုင်းပြည်ဖျက်ခိုင်း၊ မီးလောင်တိုက်သွင်းခိုင်း၊ သတ်ခိုင်း၊ သေခိုင်းနေတာ ကြာပါပြီ။ အမြဲထည့်လာတဲ့ဆိုက်ဝါးနဲ့ဂျင်းဟာ ကိုယ့်မိသားစုတပြုံလုံး အသက်ပေးရမယ့်ကိစ္စမှာတော့ အလုပ်မဖြစ်တော့တာ သေချာပါတယ်။
ယုတ်ကန်းမှု အတောမသတ်တဲ့ နောက်ထပ်ယုတ်ကန်းမှုတခုက အဓမ္မစစ်သားစုဆောင်းရာကထွက်ပြေးလွတ်မြောက်သွားသူတွေကို အရေးယူဖို့ ကာကွယ်ရေးဝန်ကြီးတင်အောင်စန်းက ခိုင်းနေတာ။ ခုချိန်စစ်မှုထမ်းဆိုတာ သေလမ်းသွားရမှာ သိသလို ကိုယ့်သဘောနဲ့ကိုယ်ဝင်ထားတာလဲမဟုတ်တော့ လစ်ရင် ပြေးကြတာပေါ့။ အဲဒီလူတွေကို အရေးယူဆိုတာက အဲဒီလူတွေရဲ့ မိသားစုတွေပဲ ထပ်ခံရမှာပါဘဲ။ သေမှာ သေချာပေါက်သိလို့ ဘယ်စစ်ဗိုလ်ချုပ်မှ သူတို့သားသမီး စစ်ထဲမထည့်ဘဲ သူများသားသမီးပဲ လိုက်ဆွဲနေတာလေ။ မသေဘဲ ရာထူးသက်သက်ရမယ်ဆို သူတို့သားသမီးချည်း ခေါ်မှာပေါ့။
စစ်မှုထမ်းဥပဒေနဲ့ စစ်တပ်၊ ရဲနဲ့ အုက်ကြီးတွေဟာ လူငယ်တွေကို ပေါ်တာဆွဲတယ်၊ ဖမ်းတယ်၊ ခြိမ်းခြောက်တယ်၊ ငွေညှစ်တယ်၊ လူရောင်းလူဝယ် လုပ်တယ်၊ အသေခံခိုင်းတယ်၊ တိုင်းပြည်တခုလုံး ဗြောင်းဆန်လို့ ပြည်ပကို ရရာနည်းနဲ့ ထွက်ပြေးနေကြရ ဒုက္ခမျိုးစုံခံနေကြရတယ်။ မိသားစုထဲက လူအိုတွေ မကျန်းမာသူတွေဟာ အားကိုးရာမဲ့ ဒုက္ခမျိုးစုံနဲ့ ကျန်ရစ်ခဲ့တယ်။ စိုက်ပျိုးသူမဲ့ ထုတ်လုပ်သူမဲ့ သေနတ်ကိုင်ပဲရှိတဲ့ တိုင်းခြောက်ပြည်ခြောက်ကြီး ဖြစ်လာတယ်။
စစ်မှုထမ်း တပ်သားသစ် လူစားထိုး အရောင်းအဝယ်စျေးကွက်ဟာ အနည်းဆုံး သိန်း ၅၀ ကနေ သိန်း ၁၀၀ အထိ စျေးပေါက်နေပြီး ရပ်ကွက်လူမိုက်တွေ၊ ပျူစောထီးတွေနဲ့ ပြည်သူ့စစ်တွေက လူငယ်တွေကို အုပ်စုနဲ့ဝိုင်းဆွဲ သေနတ်ပြဆွဲပြီး လူရောင်းလူဝယ် အကြီးအကျယ်လုပ်တဲ့ဒဏ်ကိုလည်း မဟားတရားခံနေကြရတယ်။ အဲဒီအခြေအနေကို ထိထိရောက်ရောက် ကာကွယ်မပေးနိုင်တော့ ပိုအတင့်ရဲငွေရှာ ပိုခြိမ်းခြောက်လာနိုင်နေတဲ့အပြင် တပ်သား စုဆောင်းနိုင်လေ စစ်တပ်သက်ဆိုးရှည်လာ ဖြစ်လာတော့မယ်။ စစ်တပ်ထဲ နေတာ အသားကျလာရင် မတရားစစ်မှုထမ်းခေါ်ခံရတဲ့အဖြစ်ကိုရော စစ်အာဏာရူးဒဏ်ခံရတဲ့ တိုင်းပြည်အဖြစ်ကိုရော တဖြည်းဖြည်း မေ့လာနိုင်တယ် မဟုတ်ပါလား။ တဖက်ကလည်း တရုတ်နဲ့ အိမ်နီးချင်းတွေရဲ့ တော်လှန်ရေးအပေါ်ပူးပေါင်းနှိပ်ကွပ်မှုတွေကလည်း ရှိလာတော့ ဒီအခြေအနေတွေကို တန်ပြန်ဖို့ တော်လှန်ဘက်တော်သားအားလုံး စုစည်းချိတ်ဆက် အမြန်ဆုံး လမ်းကြောင်းဖော်ဖို့ လိုလာပါတယ်။ အချင်းချင်း ဖျင်ခေါင်းကျယ်တာ ရပ်ချိန်တန်ပါကြောင်း။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar