တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ပြုလုပ်သည့် မဲခေါင်ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးများတွင် တက်ရောက်နေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မဲခေါင်ဒေသနိုင်ငံ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံစဉ် ၎င်းပြုလုပ်မည့် ရွေးကောက်ပွဲအကြောင်း ရှင်းပြခဲ့သည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင် တွေ့ရသည်။
ယမန်နေ့ (နိုဝင်ဘာ ၇) တွင် ထိုင်းဝန်ကြီးချုပ် ပက်တန်ရှင်နာဝပ်၊ နိုဝင်ဘာ ၆ တွင် တရုတ်ဝန်ကြီးချုပ် လီချန်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနေး၊ လာအိုဝန်ကြီးချုပ် ဆုန်စေးတို့နှင့် သီးခြားစီ တွေ့ဆုံခွင့် ရခဲ့သည်ဟု ဆိုသည်။
အာဏာသိမ်းထားသည့် ၄ နှစ်အတွင်း နိုင်ငံအများအပြားက စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ခြင်းမရှိ၊ ကန့်သတ်ပိတ်ပင်ထားစဉ် မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတစ်ခုတွင် အလှည့်ကျပြုလုပ်လေ့ရှိသည့် အစည်းအဝေးကျင်းပသည့်နေရာသို့ စစ်ခေါင်းဆောင် သွားရောက်ပြီး ထိုသို့ တွေ့ဆုံနိုင်ခဲ့ရုံသာမက ရွေးကောက်ပွဲအစီအစဉ်အတွက် ထောက်ခံမှု ရယူနေခြင်း ဖြစ်သည်။
တရုတ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် အပြည့်အဝထောက်ခံအားပေး ကူညီသွားမည်ဟု စစ်ခေါင်းဆောင်ကို ပြောခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည် မဖြေရှင်းဘဲ နိုင်ငံရေးအရဖြေရှင်းနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုလည်း ချီးကျူးမိပါကြောင်း၊ “မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်း ဆန္ဒပြုကူညီနိုင်မည်ဖြစ် ကြောင်း” တရုတ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးသည် ထိပ်တန်းစီမံကိန်းဖြစ်သဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်၊ နိုင်ငံတကာမျက်နှာစာ၌လည်း မြန်မာနိုင်ငံဘက်မှ ရပ်တည် ဆောင်ရွက်သွားမည်ဟု တရုတ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်ဟု သိရသည်။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုပြီး အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ဇွန်လက ပြောဆိုထားသည်။
ရွေးကောက်ပွဲ အထောက်အကူဖြစ်မည့် မဲစာရင်းပြုစုရန်အတွက် ယခင်လက စတင်ပြီး သန်းခေါင်စာရင်း ကောက်ခံနေသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကမ္ဘောဒီးယားနှင့် လာအို ဝန်ကြီးချုပ်များမည်သို့ တုံ့ပြန်ကြသည်ကို မသိရသေးသော်လည်း ထိုင်းဝန်ကြီးချုပ်ကမူ ထောက်ခံကြောင်း ပြောဆိုခဲ့သည်ဟု ထိုင်းသတင်းတချို့တွင် ဖော်ပြထားသည်။
ထိုင်းအတိုက်အခံ အမတ်တစ်ဦးက လူ့ အခွင့်အရေး ချိုးဖောက်မှုများ ၊ အရပ်သားများကို သတ်ဖြတ်မှုများအတွက် တာဝန်ရှိသည့် မြန်မာစစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ထောက်ခံမှုအတွက် ထိုင်းအစိုးရနှင့် ဝန်ကြီးချုပ် ပက်တန်ရှင်နာဝပ်ကို ဝေဖန်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ပြည်သူ ၁၆ သန်းနီးပါး ထိခိုက်ခံနေရပြီး ၃ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ အများအပြား ပြည်ပတွင် ခိုလှုံခွင့်ရှာဖွေခဲ့ကြသည်ဟု သူက ဆိုသည်။
ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ရှိသည့် စစ်ကောင်စီကို တိတ်တဆိတ် ထောက်ခံသည့် အပြင် ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံခြားရေးမူဝါဒကြောင့် စိတ်ပူစရာ ဖြစ်လာသည်ဟု သူက ဝေဖန်သည်။
ယူနန်ပြည်နယ်တွင် ပြုလုပ်သည့် အစည်းအဝေးများသို့ ဗီယက်နမ် ဝန်ကြီးချုပ် ဖန်မင်ချန်း တက်ရောက်သော်လည်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံသည့်သတင်း ထွက်မလာသေးပေ။
မဲခေါင်ဒေသနိုင်ငံများထဲတွင် မဲခေါင်မြစ်နှင့် ထိတွေ့နေသည့် ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအိုနိုင်ငံတို့ ပါဝင်သည်။
စစ်ခေါင်းဆောင်သည် နိုဝင်ဘာ ၅ ရက်ကတည်းက တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိနေပြီး ထိပ်သီးအစည်းအဝေးများကို တက်ရောက်မည့် ၎င်း၏ ခရီးစဉ်တွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးညိုစော အပါအဝင် စစ်တပ်နှင့် ဌာနဆိုင်ရာ ထိပ်တန်းအရာရှိများ လိုက်ပါသွားကြ သည်။
ယခုခရီးစဉ်သည် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်၏ ပထမဆုံးသော တရုတ်နိုင်ငံခရီးစဉ် လည်းဖြစ်သည်။
အာဆီယံက ပိတ်ပင်ထားသဖြင့် အာဆီယံနှင့် သက်ဆိုင်သည့် ထိပ်သီးအစည်းအဝေးများကို တက်ခွင့် မရှိသေးသော်လည်း မဲခေါင်ဒေသ အာဏာရှင်နိုင်ငံများကမူ ထိုသို့ ပိတ်ပင်ခြင်း မရှိပေ။
အစည်းအဝေးများ တက်ရောက်သည့် တရုတ်ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်သည် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေး၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသည်ဟု ဆိုသည်။