စစ်ကျောင်းကြီးများ တည်ရှိရာ ပြင်ဦးလွင်မြို့နယ်နှင့် နီးကပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း ကျေးရွာ ၃ ရွာတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။
ပြင်ဦးလွင်မြို့၏အရှေ့ဘက်၊နောင်ချိုမြို့မြောက်ဘက် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့ သွားရာလမ်းရှိ တောင်ခမ်းကျေးရွာ၊ မန္တလေး-လားရှိုး လမ်းမကြီးပေါ်ရှိ သဲခေါ်ရွာနှင့် ဂန့်ကော်ကျေးရွာတို့ ဖြစ်သည်။
ယနေ့ (နိုဝင်ဘာ ၈ ရက်) နေ့လယ်ပိုင်းတွင် ဂန့်ကော်ကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပါဝင်သည့် ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
နှစ်ဘက် ထိခိုက်မှု အခြေအနေကို မသိရသေးပေ။
ထိုရွာရှိစစ်စခန်းကို အောက်တိုဘာ ၂၈ ရက်တွင် လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်က ပြန်လည် ရယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ဂန့်ကော်ရွာသည် စစ်တပ်မြို့ဖြစ်သည့် ပြင်ဦးလွင်အတွက် စစ်ရေးအရ အရေးပါသည့် ကြားခံရွာဖြစ်ခြင်းကြောင့် စစ်ကောင်စီက အပြင်းအထန် တိုက်ခိုက်နေသည်ဟု TNLA နှင့် နီးစပ်သူက ပြောသည်။
“အဓိကကတော့ ပြင်ဦးလွင် မခြိမ်းခြောက်နိုင်အောင်ပေါ့၊ ကြားထဲက ကြားခံနယ်၊ နောင်ချို ဂန့်ကော်တို့ ကြားခံထားတာပေါ့။ အဓိကမိုးကုတ်တို့ကနေ ပြင်ဦးလွင်ကို မတိုက်ခိုက်ဖို့၊ နောင်ချိုကနေ ပြင်ဦးလွင်ကို မတိုက်ခိုက်နိုင်ဖို့အတွက်၊ ကြားခံစည်းတွေ သူတို့စိုးရိမ်ရတဲ့ အဓိကဂန့်ကော်က စစ်ရေးအချက်အခြာကျတဲ့ နေရာလို့ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။
နိုဝင်ဘာ ၇ နံနက်ပိုင်းကလည်း လေတပ်က ထိုရွာကို တိုက်ခိုက်ခဲ့ခြင်းကြောင့် လူနေအိမ်များပျက်စီးခဲ့သည်ဟုလည်း သူက ပြောသည်။
“လူနေအိမ်ဆယ်ခုလောက်တော့ ပျက်စီးသွားတယ်။ ဂျက်ဖိုက်တာနဲ့ လာပစ်တာလည်းရှိတယ်။ ဒီနေ့နေ့လယ်လည်း သူတို့မြေပြင်ထိုးစစ်ဆင်လာတယ် စစ်ကြောင်းတွေ တောက်လျှောက်ထိုးနေတယ်” ဟု ၎င်းက နိုဝင်ဘာ ၈ ရက်နေ့တွင် ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများသည် လူနေရပ်ကွက်များပေါ်သို့ ကျရောက်လေ့ရှိသည်။
အောက်တိုဘာ ၂၇ ရက်နေ့ကလည်း နောင်ချိုမြို့နယ် သပြေရပ်ကွက် ဗုံးကြဲခံရ၍ အသက် ၆၀ အရွယ် အမျိုးသား သေဆုံး၊ ၅၀ ဝန်းကျင်အရွယ် အမျိုးသမီး ဒဏ်ရာရကာ နေအိမ် ၃ လုံး ပျက်စီးသွားသည်။
အောက်တိုဘာ၂၈နှင့်၂၉ ရက်နေ့များတွင် နောင်ချိုမြို့နယ်ရှိ MDY-PDF ၏ စခန်းတစ်ခုကို နှစ်ရက်ဆက် ဗုံးကြဲစဉ် စစ်သုံ့ပန်း ၁၂ဦးအပါအဝင် ၁၆ဦး သေဆုံး၊ ၆၀ ခန့် ဒဏ်ရာရသွားသည်ဟု သိရသည်။
တိုက်ပွဲဖြစ်ရာနေရာများနှင့် နီးကပ်လာသည့်၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်တို့ တည်ရှိရာ ပြင်ဦးလွင်မြို့တွင် ပြီးခဲ့သည့်လများမှစ၍ ခံစစ်ပြင်ထားသည်ဟု သိရသည်။
စစ်တက္ကသိုလ်အနီး တပ်မတော်သံမဏိစက်ရုံအရှေ့ရှိ စစ်ဆေးရေးဂိတ်တွင် ဘန်ကာများတိုးချဲ့ဆောက်လုပ်ထားခြင်း၊ မြေကျင်းတူးမြောင်းများ တူးထားခြင်း၊ လျှပ်စစ်အင်ဂျင်နီယာတပ်ရင်းအရှေ့တွင် အလုံပိတ်မျှော်စင် ဘန်ကာများဆောက်လုပ်ခြင်း၊ ရဲစခန်းများတွင်လည်း ဘန်ကာများဆောက်လုပ်ခြင်းတို့ကို တွေ့ရသည်ဟု ဒေသခံတို့က ဆိုသည်။
မန္တလေးနှင့် ပြင်ဦးလွင်အကြား ၁၆မိုင် စစ်ဆေးရေးဂိတ်တွင်လည်း ပျူစောထီးများ၊ စစ်သားများက သွားလာနေသူတို့ကို ရပ်တန့်ကာ စစ်ဆေးရှာဖွေနေသည်ဟု သိရသည်။
မန္တလေး-ပြင်ဦးလွင်အတက်လမ်း ရဲအရာရှိသင်တန်းကျောင်းရှေ့တွင်လည်း မော်တော်ယာဉ်များကို ရှာဖွေစစ်ဆေးရန် လုံခြုံရေးပိုမိုတိုးမြှင့်ထားသည်ဟု သိရသည်။
ပြင်ဦးလွင်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တန်ဆောင်တိုင် မီးပုံးပျံပွဲကို ရပ်နားထားသည်ဟု မြို့ခံများကပြောသည်။
“မနှစ်ကဆိုရင် ဒီအချိန်ဆိုရင် မီးပုံပျံကွင်းထဲကို သန့်ရှင်းရေးလုပ်ကြပြီ ဈေးဆိုင်ခန်းတွေ ဆောက်ကြပြီ ခုက ဘာပြင်ဆင်မှုမှမရှိသေးဘူး အကုန်ခြောက်ကပ်နေတာပဲ။ အခြေအနေမကောင်းလို့ ပွဲမဖြစ်တော့ဘူး” ဟု ပြင်ဦးလွင် မြို့ခံ အမျိုးသမီး တစ်ဦးကဆိုသည်။
တိုက်ပွဲများကြောင့် မန္တလေး၊ပြင်ဦးလွင် မြို့တို့ဘက်မှ ရှမ်းမြောက်ဘက်သို့ သွားမည့်ကုန်တင်ကားများ၊ ခရီးသည်တင်ယာဉ်များ၊ အိမ်သုံးကားများကိုသာမက ဆိုင်ကယ်ဈေးသည်များကိုပါ ပြင်ဦးလွင်မြို့အထွက် ဝက်ဝံစစ်ဆေးရေးဂိတ်မှစ၍အဝင်အထွက် ကန့်သတ်ထားသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ရက်ကစတင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က စစ်ကောင်စီတပ်၏ ရာနှင့်ချီသည့် စခန်းများနှင့် နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့ စသည့် မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလမှစတင်ကာ တိုက်ပွဲများ ရပ်တန့်ခဲ့ပြီး ဇွန် ၂၅ရက်တွင် တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည်။ ထို့နောက် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စသည့်မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။