နိုင်ငံတွင်း တိုက်ပွဲများကြောင့် ကုန်သွယ်စီးပွားလုပ်ငန်းနှင့် စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ကာ ရခိုင်ပြည်နယ် အတွင်း အငတ်ဘေးကျရောက်တော့မည်ဟု ကုလသမဂ္ဂအဖွဲ့ကြီးက နိုဝင်ဘာ ၇ ရက်နေ့တွင် သတိပေးလိုက်သည်။
“ရခိုင်ပြည်နယ်၏ စီးပွားရေး ရပ်တန့်သွားပြီဖြစ်သည်” ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထိုနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
လတ်တလော ရိက္ခာအခက်အခဲကို ဖြေရှင်းနိုင်ခြင်း မရှိပါက ၂၀၂၅ နှစ်လယ်ပိုင်းတွင် အငတ်ဘေးသင့်နိုင် သည် ဟု ထိုအစီရင်ခံစာက ဆိုသည်။
အငတ်ဘေးဆိုက်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသူ ၂ သန်းခန့် ရှိနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။
ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ဆို့ထားခြင်း၊ တိုက်ပွဲများ ဖြစ်ပွားနေခြင်းအပြင် ရခိုင်ပြည်နယ်တွင် နေထိုင်သူများသည် “ဝင်ငွေမရှိ၊ ငွေဖောင်းပွ၊ ဒေသတွင်း အစားအစာထုတ်လုပ်နိုင်မှု သိသိသာသာ လျော့ကျလာခြင်း”နှင့် ကြုံတွေ့နေရသည်ဟုလည်း UNDP အစီရင်ခံစာက သတိပေးထားသည်။
၂၀၂၁ နှစ်ဆန်းပိုင်းတွင် စစ်တပ်က အာဏာသိမ်းပြီး လမ်းပေါ်ထွက်ဆန္ဒပြသူများကို ပစ်သတ်ရာမှ နိုင်ငံအနှံ့တွင် လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာသည်။ သို့သော်လည်း ပထမ ၃ နှစ်တွင် ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများ မရှိခဲ့ပေ။
ထိုစဉ်က အပစ်ရပ်ထားသော အာရက္ခတပ်တော် (AA)က ဒေသအသီးသီးမှ ခုခံလိုသူ အများအပြားကို အကူအညီ ပေးခဲ့သည်။
၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပေါ်ပေါက်လာသည့် နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးတွင် AA က မဟာမိတ် များနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိုးစစ်ဆင်ရာ စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းပိုက်နိုင်ခဲ့သည်။ နောက်တစ်လအကြာ နိုဝင်ဘာ ၁၃ တွင် AA က ရသေ့တောင်နှင့် မင်းပြားမြို့နယ် တို့တွင် စတင် တိုက်ခိုက်ရာမှ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပေါ်ပေါက်လာသည်။
စစ်ဖြစ်နေသော အခြားဒေသများကဲ့သို့ပင် ရခိုင်ပြည်နယ်တွင်လည်း အရပ်သားများ လုယက်၊ သတ်ဖြတ် ခံနေရသည်။
ရပ်ဝေးသို့ စစ်ရှောင်သူတို့မှာ လမ်းတွင် ငွေကြေးအမြောက်အများ အကုန်အကျခံပြီး နေရပ်စွန့်ခွာ နေရသည်။
AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။
လတ်တလော AA ထိုးစစ်ဆင်နေသော မြို့နယ်များမှာ မောင်တော၊ အမ်း၊ ဂွ၊ တောင်ကုတ်တို့ ဖြစ်ကြသည်။