ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့က စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်ရင်းသုံးခုကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။
သိမ်းပိုက်ရရှိတဲ့ တပ်ရင်းတွေကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ကာရံထားထားတဲ့ ခမရ- ၃၇၁၊ လေကြောင်းကာကွယ်ရေးတပ်နဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
“အခုဆိုရင် AA အတွက် အတော်အခြေအနေကောင်းသွားပြီ။ ၃၇၁ တပ်ရင်းက နပခကိုဝင်ဖို့ အဟန့်အတားတစ်ခုလို ဖြစ်နေတာ။ ခမရ-၃၇၁ ကျသွားပြီဆိုတော့ နပခ ထိကို ထိုးဖောက်ဝင်ရောက်လို့ ရသွားပြီ” လို့ မြေပြင်စစ်ရေး သတင်းအရင်းအမြစ် အမျိုးသားတစ်ယောက်က CJ Platform ကို ပြောပါတယ်။
ခမရ-၃၇၂ တပ်ရင်းကလွဲပြီး အမ်းမြို့မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် အရေးပါတဲ့ ကာကင်းနဲ့ တပ်ရင်းစခန်းတွေအားလုံးဟာ AA လက်ထဲကို ကျရောက်သွားပြီလို့ AA နဲ့ နီးစပ်သူက အတည်ပြုပါတယ်။
“လက်နက်သိုလှောင်ရေး တပ်ကိုပါ ရထားတော့ လက်နက်ခဲယမ်းတွေက အတော်များပါတယ်။ အရင်လို ချက်ချင်း ထုတ်မပြသေးတာပဲ ရှိတာပါ။ နောက်မှ အကုန်စုပြီး ပြမယ်ထင်တယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီဟာ အမ်းတိုက်ပွဲအတွင်း လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးအပြင် မြေပြင်အင်အား အလုံးအရင်းနဲ့ ခုခံကာကွယ်နေပေမဲ့ သူတို့ရဲ့ တပ်စခန်းတွေ တစ်ခုပြီးတစ်ခုကို AA က သိမ်းပိုက်နေတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ခမရ-၃၇၁၊ ခမရ -၃၇၃၊ အမှတ်-၂ ခုတင် ၃၀၀ ဆေးတပ်၊ BE တပ်ရင်း၊ သရက်ပင်တပ်စခန်း၊ နတလဂိတ်၊ ပဲပဒုံဂိတ်၊ ကံ့ကော်တစ်ထောင်ဘုရား၊ ပူလောင်တောင်ဘုရားကုန်း၊ စရဖတပ်၊ အမြောက်တပ်၊ နပခအနီးရှိ မိုက်ကရိုဝှေ့တောင်ကုန်းနဲ့ စစ်လက်နက်သိုလှောင်ရေးတပ် COD တို့ကို AA က သိမ်းပိုက်ထားပြီးဖြစ်တာကြောင့် အမ်းမြို့မှာ စစ်ကောင်စီရဲ့ နပခ ဌာနချုပ်နဲ့ ခမရ-၃၇၂ ပဲ ကျန်ရှိတော့တယ်လို့ စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာ နပခ ဌာနချုပ်နဲ့ ခမရ- ၃၇၂ တို့ကိုလည်း စတင် ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေဆက်လက် ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အစောပိုင်းတိုက်ပွဲတွေမှာ AA အနေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ အောင်နိုင်ရင် သတင်းထုတ်ပြန်တာမျိုးရှိပေမဲ့ လက်ရှိ တိုက်ပွဲကာလအတွင်း သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်းတွေကိုတော့ အတည်ပြု ထုတ်ဖော်ပြသတာတွေ မရှိသေးပါဘူး။
ဓာတ်ပုံ – AA Info Desk
ပုံစာ -ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ စစ်ကောင်စီရဲ့ သံတွဲအခြေစိုက် ခလရ-၅၅ တပ်ရင်းကို သိမ်းပိုက်ရရှိပြီးနောက် AA တပ်ဖွဲ့များကို တွေ့ရစဉ်။