မြို့ခံများ၊ ခရီးသွားများ၏ ဝေဖန်ကန့်ကွက်မှုကို ရင်ဆိုင်ရပြီးနောက် ကရင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တပ်များက ဘားအံ-မြဝတီ လမ်းအသုံးပြုခကို နိုဝင်ဘာ ပထမသီတင်းပတ်မှစတင်ပြီး လျှော့ချကောက်ခံနေသည်ဟု ခရီးသွားများထံက သိရသည်။
မိုင် ၈၀ ကျော်ရှည်လျားသည့် ထိုလမ်းတလျှောက် လမ်းပေါ်တွင် ဝါးလုံးတားပြီး ကားများထံမှငွေတောင်းသဖြင့် ‘ဝါးတားဂိတ်’ ဟု အမည်တွင်သည့် စစ်ဆေးရေးဂိတ်များ ၅၀ ကျော်ရှိသည်ဟု ယာဉ်မောင်းများနှင့် ခရီးသည်များက ပြောသည်။
မော်တော်ယာဉ်တစ်စီးကို ကျပ်ထောင်ဂဏန်းမှ ကျပ်ရှစ်သောင်းအထိ ကောက်ခံကြရာ ထိုလမ်း အသွားအပြန်ခရီးအတွက် ယာဉ်တစ်စီးလျှင် သုံးသိန်းခွဲမှ လေးသိန်းအထိ ပေးခဲ့ရသည်။
ယခုအခါ အသွားအပြန်ခရီးအတွက် ပေးရသည့် လမ်းကြေး ခေါ် ဆက်ကြေးမှာ ကျပ်တစ်သိန်းအောက် ဖြစ်သွားသည်ဟုလည်း ယာဉ်မောင်းများက ဆိုသည်။
အများဆုံးတောင်းခံသည့်ဂိတ်သည် မြဝတီနှင့်ကော့ကရိတ်အကြား ဒေါနတောင်အတက်တွင် ဖြစ်ပြီး စစ်ကောင်စီကိုဆန့်ကျင်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် စစ်ကောင်စီကို ထောက်ခံသည့် ဗိုလ်မှူးကြီးစောချစ်သူ၏ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်များ အတူတကွ တပ်စွဲထားကြောင်း လမ်းအသုံးပြုသူအချို့ကဆိုသည်။ ယခင်က ရှစ်သောင်းပေးရသော်လည်း ယခု သုံးသောင်းအထိ စျေးချပေးခဲ့သည်ဟု ဆိုသည်။
ယာဉ်တစ်စီးလျှင် ကျပ်ငါးထောင်အောက် ကောက်ခံသည့်ဂိတ် အများအပြား ရှိသည်ဟု ဒေသခံတို့ကဆိုသည်။ ထိုဂိတ်များကို မည်သည့်တပ်ဖွဲ့များက ထိန်းချုပ်ထားကြောင်း ရှင်းရှင်းလင်းလင်းသိရန် ခက်ခဲသည်။
ငွေတောင်းကြမ်းသည့်ဝါးတားဂိတ်ပိုင်ရှင်များ
ကရင်ပြည်နယ်မြို့တော်ဘားအံနှင့် ထိုင်းနယ်စပ်မြဝတီအကြား ကုန်သွယ်ရေးလမ်းကြောင်းကို လမ်းပိုင်းအလိုက် ထိန်းချုပ်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့ ငါးဖွဲ့ထက်မနည်းရှိသည်။
၎င်းတို့အနက် BGF သည် စစ်ကောင်စီ၏ မဟာမိတ်ဖြစ်သည်။
ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) PC တိုက်ပွဲမရှိဘဲ စစ်ကောင်စီဖိတ်ခေါ်သည့် နေပြည်တော်ဆွေးနွေးပွဲသို့ ရံဖန်ရံခါ သွားရောက်တတ်သည်။ KNU ၏ တပ်မဟာ(၇) မှ ခွဲထွက်သွားသူတချို့က ယင်းအဖွဲ့ကို ၂၀၀၇ တွင် ဖွဲ့ထားခြင်း ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီနှင့်လည်း ဆက်ဆံရေးကောင်းရှိသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့သည် စစ်ကောင်စီကို တိုက်ခိုက်နေကြသည့် တပ်ဖွဲ့များဖြစ်သည်။
ပြည်နယ်မြို့တော်ဘားအံ၊ လမ်းတလျှောက်မှ ကျုံဒိုးနှင့် ကော့ကရိတ်ကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။ ကော့ကရိတ်နှင့် မြဝတီကြားရှိ သင်္ဃန်းညီနောင်ရွာကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။
မြဝတီမြို့ကိုမူ စစ်ကောင်စီသစ္စာခံ ဗိုလ်မှူးကြီးစောချစ်သူ၏ ကရင်နယ်ခြားစောင့်တပ် (BGF)က ထိန်းချုပ်ထားသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီသည် ကော့ကရိတ်မြို့နယ်တဝိုက် လှုပ်ရှားသည်။
မြဝတီ-ကော့ကရိတ်-ကျုံဒိုး-ဘားအံ သွားရန် အာရှလမ်းသစ်၊ လမ်းဟောင်း၊ ထိုးကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း နှင့် ၁၀၁၈ လမ်း စသည့် လမ်းကြောင်းငါးခုရှိသည်။ ထိုလမ်းများထဲမှ BGF ၁၀၁၈ လမ်း၊ ကရင်ငြိမ်းချမ်းရေးကောင်စီက ထိုးကော်ကိုးလမ်း၊ အခြား လက်နက်ကိုင်အဖွဲ့အများအပြားက ကြက်ဥတောင်လမ်းကို ထိန်းချုပ်သည်ဟု ဒေသခံများကဆိုသည်။
လမ်းကြောင်းငါးခုအနက် အာရှလမ်းသစ်သာ ကတ္တရာခင်းထားသော လမ်းဖြစ်ပြီး တိုက်ပွဲများရှိနေသည်။
ကျန်လမ်းများသည် မြေသားနှင့်ကျောက်ခင်းလမ်းများဖြစ်ပြီး မိုးတွင်းကာလတွင် သွာလာရန်ခက်ခဲသည်။ သို့သော်လည်း ခက်ခဲသည့်လမ်းများကိုသာ ခရီးသွားများ အသုံးပြုနေသည်။
လက်နက်ကိုင်တပ်တို့က ငွေအများအပြားတောင်းကြောင်း Facebook အသုံးပြုသူတို့က ရေးသားကြသလို၊ ဒေသတွင်းသတင်းဌာနတချို့ကလည်း ရေးသားခဲ့ကြသည်။ ထိုသို့ ရေးသားကြပြီးနောက် စျေးလျှော့ချကောက်ခံခြင်းဖြစ်ကြောင်း မြဝတီမြို့ဒေသခံ ယာဉ်မောင်းအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
နိုဝင်ဘာ ၄ ရက်နေ့က BGF နှင့် KNU ခေါင်းဆောင်များဆွေးနွေးပြီးနောက် စျေးကျသွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ထိုဆွေးနွေးပွဲအကြောင်းနှစ်ဖက်တပ်များထံ Myanmar Now က မေးမြန်းခဲ့သော်လည်း မှတ်ချက်ပေးခြင်းမရှိပေ။
ခရီးသွားအချို့က ငွေကြေးကောက်ခံသည့်ဂိတ်များတွင် PDF များကိုတွေ့မြင်ခဲ့သည်ဟုလည်း ဆိုသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး၏ ပြောခွင့်ရ ဦးနေဘုန်းလတ်ကမူ ၎င်းတို့က ထိုလမ်းပိုင်းများတွင် အခွန်အရာရှိခန့်ကာ တရားဝင်အခွန်ကောက်ခံခြင်း မရှိဟု ဆိုသည်။
လက်နက်ကိုင်များတောင်းသည့် ငွေကြေးပမာဏ လျော့သွားသော်လည်း ခရီးသည်များအတွက် ဘားအံ-မြဝတီကားခမှာ ဈေးမကျသေးဟု ဒေသခံတို့ကဆိုသည်။
ခရီးသည်တစ်ဦးအတွက် ဘားအံ-မြဝတီကားခသည် ကျပ်တစ်သိန်းတစ်သောင်းမှ တစ်သိန်းခွဲဝန်းကျင်အထိ ကျသင့်ကြောင်း မြဝတီမြို့ခံကားသမားနှင့် အောက်တိုဘာလအတွင်း ဘားအံကို ခရီးသွားခဲ့သူ အမျိုးသားတစ်ဦးထံက သိရသည်။
“ကြားထဲမှာ ပွဲစားတွေက ပြန်စိုးမိုးနေတယ်။ မြဝတီမှာလည်း ဒီတိုင်းပဲ။ သောင်ရင်းဆီဆိုင်ရှေ့မှာ ဆိုရင် ပွဲစားမတွေရှိတယ်။ ပြောလိုက်ရင် သူတို့က ဂိတ်နဲ့အလုပ်လုပ်တယ်ဆိုတာပဲ။ သူတို့က ခရီးသည်ဆီက တစ်သိန်းခွဲယူတယ်။ ယူပြီးရင်သူတို့က ကားသမားကို တစ်သိန်းတစ် သောင်းပေးတယ်။ သူတို့က လေးသောင်းစားတယ်” ဟု မြဝတီမြို့ဒေသခံ ယာဉ်မောင်းအမျိုးသားက ဆိုသည်။
အဖမ်းကြမ်း၊အတောင်းကြမ်းနေဆဲ စစ်ကောင်စီ
ဘားအံ၊ ကျုံဒိုးနှင့် ကော့ကရိတ်ကို ထိန်းချုပ်ထားသည့် စစ်ကောင်စီတပ်ကမူ စျေးလျှော့ပေးသည့် အစီအစဉ်တွင်မပါဝင်သေးသည့်အပြင် အဖမ်းအဆီးနှင့်ငွေကြေးတောင်းခံမှုများကို တင်းတင်းကျပ်ကျပ် ပြုလုပ်နေဆဲဖြစ်သည်ဟု ဒေသခံတို့ကဆိုသည်။
ဘားအံမြို့အဝင် စစ်ဆေးရေးဂိတ်က ကုန်တင်ထားသည့် အိမ်သုံးမော်တော်ယာဉ်ငယ်တစ်စီးလျှင် အနိမ့်ဆုံး ကျပ်ငါးသောင်း၊ ကုန်တင်ထားသည့် ကားကြီးဆိုလျှင် ကျပ်သိန်းဂဏန်း တောင်းနေကြောင်း မြဝတီမြို့ခံ ယာဉ်မောင်းတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ထိုင်းနိုင်ငံထုတ်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များကို တရားမဝင်ကုန်စည်တိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် စစ်ဆေးနေသည်ဟု ဒေသခံတို့ကဆိုသည်။
စစ်ကောင်စီဥက္ကဋ္ဌကလည်း နိုင်ငံစီးပွားရေး ထိခိုက်ပြီး မတိုးတက်ရခြင်းမှာ နယ်စပ်မှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုများ နေ့စဉ်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း နိုဝင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်သည့် ၆၉ နှစ်မြောက် ကရင်ပြည်နယ်နေ့ သဝဏ်လွှာတွင် ပြစ်တင်ပြောဆိုထားသည်။