ရခိုင်ပြည်နယ်သို့ စစ်ကူပို့သည့် လမ်းကြောင်းဖြစ်သော မကွေးတိုင်း ၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ ကင်းစခန်းနှစ်ခု နိုဝင်ဘာ ၅ ရက်က တိုက်ခိုက်ခံရပြီး အရပ်သား ၂ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးကြောင်း သိရသည်။
နာရီဝက်နီးပါး ဖြစ်ပွားသည့် တိုက်ပွဲတွင် သေဆုံးသူတို့မှာ ကုန်စိမ်းရောင်းသည့် အမျိုးသမီးတစ်ဦးနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးတို့ ဖြစ်သည်ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA) စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ဆိုသည်။
“သေဆုံးသွားတဲ့အထဲမှာ တစ်ယောက်ကတော့ ဒေသခံမဟုတ်ဘူး။ ကုန်စိမ်းရောင်းတဲ့အမျိုးသမီး တစ်ဦး လို့ သိထားရတယ်။ နောက်တစ်ယောက်ကတော့ အနီးအနားက ဒေသခံ ရွာသား တစ်ယောက် ဖြစ်တယ်။ သူက တိုက်ပွဲအပြီးမှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ဖြတ်အသွားမှာ ပစ်သတ်ခံလိုက်ရတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်” ဟု ကိုနောင်သူရိန်က ပြောသည်။
ဈေးသည်အမျိုးသမီးအလောင်းကို အနီးဝန်းကျင်ကျေးရွာများမှ ကောက်ယူ သင်္ဂြိုဟ်ပေးခဲ့ ပြီး ဒေသခံ အမျိုးသားအလောင်းကို နေရပ်သို့ ယူဆောင်ကာ သင်္ဂြိုဟ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ငဖဲမြို့အနောက်ဘက် ဘုံးဘောရွာလမ်းခွဲနှင့် မိုင်တိုင် ၁၁ တို့တွင် တည်ရှိသော စခန်း ၂ ခုမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ကျော်ခန့်ကို ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပါဝင် တိုက်ခိုက်ခဲ့သော PRA (မကွေး) အဖွဲ့က ပြောသည်။
“ကင်းစခန်းနှစ်ခုကတော့ ချထားတာ တစ်လဝန်းကျင်လောက်ပဲရှိနေသေး တယ်။ ကင်းစခန်းဆိုပေမယ့် အခိုင်အမာ ကင်းစခန်းတွေမဟုတ်ပေမယ့် လူနေအိမ်တွေပေါ်ကို နေရာတက်ယူထားတဲ့စခန်းမျိုး တွေပေါ့။ အဲ့ဒီကနေ ဒီလမ်းကြောင်းလုံခြုံရေးကို ဆောင်ရွက်နေတဲ့ ကင်းတွေပေါ့”ဟု PRA (မကွေး) အဖွဲ့၏ စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ဆိုသည်။
ထိုစခန်း၂ ခုသို့ စစ်ကောင်စီတပ်ကူများ ရောက်လာကာ နှစ်ဖက်ညှပ် ပစ်ခတ်သည့် အပြင် ငဖဲမြို့ အခြေ စိုက် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြန်ဆုတ် ခွာခဲ့ရသည်ဟု PRA ထံမှ သိရသည်။
PRA အဖွဲ့အပြင် အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မင်းဘူး ခရိုင် အမှတ် (၂) တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုဘက်မှ ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း စစ်ကောင် စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှု ရှိသည်ဟု ဆိုသည်။
စစ်ကောင်စီခန့် မကွေးတိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောသည်။
ငဖဲမြို့နယ် ကင်းစခန်းနှစ်ခု တိုက်ခိုက်ခံရမှု အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှု ရှိကြောင်း၊ အရေအတွက် မသိ ရကြောင်း၊ အရပ်သား ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်ပြီး မသိရကြောင်း သူက ပြောသည်။
တိုက်ခိုက်ခံရသည့် အထက်ပါစခန်းနှစ်ခုမှ စစ်ကောင်စီတပ်သားများ ဆုတ်ခွာသွားပြီး အခြားကင်းစခန်း ငယ်တချို့လည်း ရုတ်သိမ်းသွားသည်ဟု သိရပြီး အရေအတွက် အတိအကျ မသိရသေးဟု တော်လှန်ရေးအင်အားစုက ဆိုသည်။
လက်ရှိတွင် စစ်တပ်က စစ်ကြောင်းထိုးခြင်းမရှိသေးသော်လည်း အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံတို့ စစ်ဆေးမေးမြန်းခံနေရပြီး အနီးဝန်းကျင် ၅ ရွာခန့်မှ ဒေသခံများ တိမ်းရှောင်နေရသည်။
ပြီးခဲ့သည့် စက်တင်ဘာလကုန်မှစ၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာရခိုင်ပြည်နယ် အမ်းမြို့ကို သိမ်းနိုင်ရေးအတွက် အာရက္ခတပ်တော်(AA) က ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီသည် အမ်းမြို့နယ်အရှေ့ဘက် နယ်မြေထိစပ်နေသည့် မကွေးတိုင်း ငဖဲမြို့နယ်မှတဆင့် စစ်ကူများ ပေးပို့ရန် ကြိုးပမ်းနေသည်။
အောက်တိုဘာလကုန်ပိုင်းကပင် အမ်း – ပဒါန်းလမ်း ဘက်မှ တဆင့် ကား ၁၀ စီးပါ ယာဉ်တန်းနှင့် အင်အား ၁၀၀ နီးပါး ပို့ဆောင်ခဲ့သည်။
ထို့ကြောင့် အမ်း-ပဒါန်း လမ်းတစ်လျှောက် တိုက်ပွဲများ ဖြစ်လာပြီး စစ်ကူထောက်ပို့လမ်းကြောင်းကို ဖြတ် တောက်နိုင်ရန် မကွေးအခြေစိုက် တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေသည်။
“ခု ဝင်တိုက်ခိုက်ခဲ့ ကင်းစခန်းနှစ်ခုက ပဒါန်း – အမ်း လမ်းပေါ်မှာ တည်ရှိတယ်။ ပဒါန်း – အမ်း လမ်းပိုင်း ရဲ့အစိတ်အပိုင်းတစ်ခုကို သူတို့လုံခြုံရေးတာဝန်ယူရတယ်။ ဒီလမ်းပိုင်းက အစိတ်အပိုင်းတစ်ခုလောက် ပြတ်တောက်သွားပြီဆိုတာနဲ့ သူတို့အတွက် ရိက္ခာ ၊ လူသူ လက်နက်ခဲယမ်းပို့ဖို့ အခက်ခဲဖြစ်နိုင်တဲ့ အခြေ အနေမျိုးတွေရှိတယ်” ဟု ကိုနောင်သူရိန်က ပြောသည်။
လက်ရှိအခြေအနေများအရ အမ်း – ပဒါန်းလမ်းပိုင်းသည် စစ်တပ်အတွက်သာမက တော်လှန်ရေးအဖွဲ့များ အတွက်ပါ စစ်ရေးအရ ဗျူဟာကျသော လမ်းပိုင်းတစ်ခုဖြစ်သည်။
“ဒီလမ်းပိုင်းကိုကျွန်တော်တို့ ထိန်းချုပ်လိုက်နိုင်ပြီဆိုရင် ဒီလမ်းပိုင်းကနေတဆင့် နောက်ဆက်တွဲ စစ်ဆင် ရေးတွေကို ဆက်လက်ဖော်ဆောင်လို့ရတယ်။ အမ်း – ပဒါန်းလမ်းပိုင်းကနေ ပုသိမ် – မုံရွာ လမ်းပိုင်းကို စိုးမိုးလိုက်ပြီဆိုရင် စစ်ကောင်စီရဲ့ တောင်နဲ့မြောက်ကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ ထောက်ပို့လမ်း ကြောင်းထဲက တစ်ကြောင်းကို ဖြတ်တောက်ပစ်လိုက်နိုင်ပြီလို့ ပြောလို့ရတယ်” ဟု PRA စစ်ဦးစီးချုပ်က ပြောသည်။
ထိုလမ်းပိုင်းကို ထိန်းချုပ်နိုင်ပါက စစ်တပ်အတွက် လက်နက်ခဲယမ်းများ ထုတ်လုပ်ပေးနေသည့် ကာ ကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများ အခြေစိုက်ရာ ဧရာဝတီမြစ် အနောက်ခြမ်းအထိ တော်လှန်ရေးအဖွဲ့များက နယ်မြေစိုးမိုးနိုင်မည်ဖြစ်သည်။
“ဒီကနေ တဆင့် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ဒေသ ကပစ စက်ရုံတွေအများစု အခြေစိုက်ထားတဲ့ ဒေသကို ကျွန်တော်တို့ စိုးမိုး တိုက်ခိုက်နိုင်ပြီဆိုရင် စစ်ကောင်စီအတွက် အကြီးကျယ်ဆုံးသော ထိုးနှက် ချက် တစ်ခုဖြစ်မယ်လို့ ယူတဆယ်”ဟု ကိုနောင်သူရိန်က မှတ်ချက်ပြုသည်။
ရခိုင်နှင့်ချင်း မျိုးနွယ်စုအများစုရှိပြီး လူဦးရေ ၁ သိန်း၂ သောင်းကျော်နေထိုင်သည့် အမ်းမြို့သည် ရခိုင် ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တွင်တည်ရှိသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းအတွက် နပခ အခြေစိုက်ရာမြို့ဖြစ်သဖြင့် စစ်ရေးအရ အရေးပါသည်။
ထို့ကြောင့် ယခင်လမှ စပြီး အမ်း – ပဒါန်း လမ်းတလျှောက် စစ်တပ်က အင်အားတိုး၍ တပ်ချထားပြီး စစ်စခန်း ၂၅ ခု အထိရှိလာသည်ဟု သိရသည်။
အဆိုပါစခန်းများတွင် ငဖဲမြို့ အခြေစိုက် အမှတ် (၉၀၅) အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ ၉၀၅) လက်အောက်ခံတပ်များ၊ ပွင့်ဖြူမြို့အခြေစိုက် အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၄) နှင့် စကုမြို့၊ မင်းဘူးမြို့အခြေစိုက် ခြေလျင်၊ ခြေမြန်တပ်ရင်းများမှ စစ်သည်များကို ခေါ်ယူအားဖြည့်ထာခြင်း ဖြစ်သည်ဟု ကိုနောင်သူရိန်က ပြောသည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်တပ်သည် ရာနှင့်ချီသည့် တပ်စခန်းများ ဆုံးရှုံးခဲ့သည့်အပြင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ခဲ့ရပြီး တိုင်းစစ်ဌာနချုပ် တစ်ခု ထပ်မကျစေရေးအတွက် အပြင်းအထန်ခုခံနေသည်။