ylliX - Online Advertising Network
ဗီယက်နမ်လေတပ်မှ လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေစဉ် ချွတ်ယွင်းမှုဖြစ်ပွားသော်လည်း လေသူရဲ နှစ်ဦးလွတ် မြောက်

ဗီယက်နမ်လေတပ်မှ လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေစဉ် ချွတ်ယွင်းမှုဖြစ်ပွားသော်လည်း လေသူရဲ နှစ်ဦးလွတ် မြောက်


၇.၁၁. ၂၀၂၄
Translated by Htwe Ko Tun

ဗီယက်နမ်လေတပ်မှ Yak-130 လေယာဉ်တစ်စီးမှာ ကမ်းရိုးတန်း ဘင်ဒင်းပြည်နယ်အတွင်း နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျမှုဖြစ်ပွားခဲ့သော်လည်း လေသူရဲနှစ်ဦးက လေထီးဖြင့်ခုန်ချလွတ်မြောက်ခဲ့ပြီးနောက် နှစ်ဦးလုံးကို ညပိုင်းတွင် တောင်ထိပ်တစ်ခုအနီး၌ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

လေယာဉ်ကို ဗီယက်နမ်လေတပ်မှ ဗိုလ်မှူးကြီးနှင့် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ လေသူရဲနှစ်ဦးက မောင်းနှင်လာကြခြင်းဖြစ်ပြီး လေယာဉ်ပျက်ကျမှုတွင် ၎င်းတို့နှစ်ဦးလုံးက လေထီးဖြင့် ခုန်ဆင်းလွတ်မြောက်ခဲ့ကြသည်။

ညနေ ၄ နာရီခွဲတွင် လေသူရဲတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး ငုရင် ဟုန်ကွမ်က လက်ကိုင်ဖုန်းဖြင့် တပ်ဖွဲ့သို့ဆက်သွယ်ကာ ၎င်းမှာ တောင်ထိပ်တစ်ခုတွင်ရှိနေကြောင်းနှင့် ရှိမည့်နေရာအား ညွှန်ပြခဲ့သည်။ လိုင်းမကောင်းမှုများကြောင့် ၎င်း၏တည်နေရာကို တိကျစွာမသိခဲ့ရသော်လည်း ရှာဖွေရေးအဖွဲ့ က ၎င်းအား ည ၈ နာရီ ၅ မိနစ်တွင် ပြန်လည်တွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ကြသည်။

ငုရင် ဟုန်ကွမ်အား တွေ့ရှိသောနေရာနှင့် တစ်ကီလိုမီတာခန့်အဝေးတွင် အခြားလေသူရဲတစ်ဦးဖြစ်သော ဗိုလ်မှူးကြီး ငုရင် ဗန်ဆန်ကို ည ၁၀ နာရီခွဲ၌ရှာဖွေရေးအဖွဲ့က ထပ်မံတွေ့ရှိ ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်တွေ့ရှိသော လေသူရဲနှစ်ဦးလုံးက ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်းလည်း သိရသည်။

Yak-130 လေယာဉ်က တာဝေးပျံသန်းမှုနှင့် မိုးတိမ်ထိုး‌ဖေါက်ပျံသန်းမှုတို့ကို လေ့ကျင့်ရန် နံနက် ၉ နာရီ ၅၅ မိနစ်တွင် Phu Cat လေဆိပ်မှ ပျံတက်လာခဲ့ကြခြင်းဖြစ်သည်။ လေယာဉ်ကို ဆင်းသက်ရန်ကြိုးစားစဉ် ဘီးများချ၍ မရဘဲအရေးပေါ်ဆောင်ရွက်မှုများလည်းပြုလုပ်၍ မရခဲ့ပေ။ ထို့ကြောင့် ၎င်းတို့က နံနက် ၁၀ နာရီ ၅၁ မိနစ်တွင် လေထီးဖြင့်ခုန်ဆင်းခဲ့ကြခြင်းဖြစ်သည်။

Ref. VNA



Source link

Leave a Reply

Your email address will not be published. Required fields are marked *