ylliX - Online Advertising Network
NUG နှင့် K2C တို့၏ ဘုံသဘောတူညီချက်တွင် မြောက်ပိုင်းအဖွဲ့များ ပါဝင်ရေး စိန်ခေါ်ချက်ရှိနေ - Myanmar Now

NUG နှင့် K2C တို့၏ ဘုံသဘောတူညီချက်တွင် မြောက်ပိုင်းအဖွဲ့များ ပါဝင်ရေး စိန်ခေါ်ချက်ရှိနေ – Myanmar Now


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် K2C တို့ ပူးတွဲကြေညာထားသော ဘုံသဘောတူညီချက်တွင် မြန်မာပြည်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်ရေး စိန်ခေါ်ချက်များရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က ပြောသည်။

NUG အပါအဝင် ၎င်း၏ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်း အရုံး (KNU) ၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) မှ ခေါင်းဆောင်များသည် နိုဝင်ဘာ ၅ ရက် ညနေတွင် အွန်လိုင်းမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ သည်။

NUG နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စုပေါင်း၍ K2C ဟုလည်း အများက အလွယ်ခေါ်ကြသည်။

KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ဘုံသဘောတူညီချက်တွင် မြန်မာပြည်မြောက်ပိုင်း အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်နိုင်ရေးနှင့်ပတ်သက်၍ စိန်ခေါ်ချက်ရှိနေသော်လည်း အဓိကအကြောင်းရင်း ကို ထုတ်မပြောလိုသေးကြောင်း ဆိုသည်။

၎င်းက “အထူးသဖြင့် တောင်ပိုင်းနဲ့ မြောက်ပိုင်းအကြား ဆက်သွယ်မှုအပိုင်းမှာတော့ ဒီနေရာမှာ ပွင့်ပွင့် လင်းလင်း ပြောဖို့တော့ အခက်အခဲရှိတယ်” ဟု ဆိုသည်။

သို့ရာတွင် တိုင်းရင်းသားအားလုံး၏ ရည်မှန်းချက်သည် ဖက်ဒရယ်စနစ်ပင်ဖြစ်ပြီး ဦးတည်ချက် တစ်ခုတည်း ဖြစ်သည်ဟု ယေဘုယျဆိုနိုင်ကြောင်း ပဒိုစောတာဒိုမှူးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြောက်ပိုင်းအခြေစိုက် လက်နက်ကိုင်များဖြစ်သော  ‘ဝ’ တပ် UWSA၊ ကချင်တပ် KIA၊ ရခိုင်တပ် AA၊ ကိုးကန့်တပ် MNDAA၊ မိုင်းလားအခြေစိုက်တပ် NDAA ၊ တအာင်းတပ် TNLA ၊ ရှမ်းတပ် SSPP တို့သည် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) တပ်ပေါင်းစု ဖွဲ့စည်းထားကြပြီး နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်းမှုများ ရှိကြသည်။

KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးသည် စစ်တပ်ကို နည်းမျိုးစုံဖြင့် တော်လှန်နေကြောင်းဆိုသည်။

“ဒီနေ့ဒီအချိန်မှာ Public  (အများပြည်သူရှေ့) မှာ မချပြချင်လို့သာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်း တွေလို မျိုး ပွင့်ပွင့်လင်းလင်းနဲ့ ချပြပြီးတော်လှန်တဲ့ အဖွဲ့အစည်းရှိသလို သူ့ရဲ့မဟာဗျူဟာအရ တွန်းလှန် နေတာရှိတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က KNU ၊ KNPP ၊ CNF အပါအဝင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ၊  ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) မွန်ပြည်ဖက်ဒရယ်ကောင်စီ (MFSC) ၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC) နှင့် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) စုစုပေါင်း ၉ ဖွဲ့ တို့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ သည်။

ယင်းကြေညာချက်တွင် ဖက်ဒယ်ပြည်ထောင်စု တည်ထောင်ရာ၌ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ချည်းကပ်မှုကို တော်လှန်ရေးနှင့် ကြားကာလမှ စတင်၍ အတူတကွ တည်ဆောက်သွားမည်ဟု ပါရှိသည်။

နိုဝင်ဘာ ၅ ရက် သတင်းစာရှင်းပွဲတွင် တွေ့ရသည့် ပဒိုစောတာဒိုမှူး ။Screenshot

တိုင်းရင်းသားအဖွဲ့အစည်း ၉ ဖွဲ့၏ ကြေညာချက်သည် NUG နှင့် K2C တို့ ဇန်နဝါရီ ၃၁ ရက်တွင် ကြေညာခဲ့ သည့် ဘုံသဘောတူညီချက်ကို လက်ခံကာ ရှေ့တိုးအကောင်အထည်ဖော်ရန် ခြေလှမ်းပြင်ခြင်းပင် ဖြစ်ကြောင်း ပဒိုစောတာဒိုမှူးက ရှင်းပြသည်။



NUG နှင့် K2C တို့၏ ဇန်နဝါရီ ၃၁ ရက်ထုတ် ဘုံသဘောတူညီချက်တွင် သက်ဆိုင်သူအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းရန်၊ ထွက်ပေါ်လာသည့် ဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ဆောက်ရန်၊ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန် စသည့် အချက်များလည်း ပါဝင်သည်။  

ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည် ဖော်ရန် မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှုအတွက် အသုံးချရန်ဖြစ်ကြောင်း ပါရှိသည်။

တော်လှန်ရေးအလွန်ကာလ နိုင်ငံရေးဦးဆောင်မှုသည် အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ၏ စုပေါင်းပါဝင်ဦးဆောင်မှုဖြင့် နိုင်ငံသစ် တည်ဆောက်သွားရန် ဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုထားသည်။ 

ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကို ပြန်လည် ဖော်ဆောင်နိုင်မည် မဟုတ်သည့်အပြင် စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေပြီး မြန်မာစစ်တပ်ကို ကာလအကန့်အသတ်မရှိ အုပ်ချုပ်ခွင့်ပေးခြင်းသာဖြစ်ကြောင်းဆိုသည်။

စစ်တပ်သည် အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့် မရှိစေရဘဲ ယခုဘုံသဘောတူညီချက်ပါ နိုင်ငံရေး ဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်း တည်ငြိမ်စွာ အာဏာ လွှဲပြောင်းခြင်းဆိုင်ရာကိစ္စရပ်များအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။ မြန်မာပြည်မြောက်ပိုင်းရှိ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း  ရှမ်းမြောက်အခြေစိုက် ‘ဝ ‘ပြည် သွေးစည်း ညီညွတ်ရေးတပ် (UWSA) နှင့် ကိုးကန့်တပ်ဟု လူသိများသော မြန်မာအမျိုးသားများဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) အား အနောက်နိုင်ငံများနှင့် နီးစပ်သော NUG နှင့် မပတ်သက်ရန် သတိပေးထား သည်။

ကချင်တပ် (KIA) ၊ တအာင်းတပ် (TNLA) နှင့် ရခိုင်တပ် (AA) တို့က တရုတ်ဖိအားပေးမှုများ ရှိနေသော်လည်း တိုက်ပွဲများ ဆက်ဖြစ်နေသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *