ylliX - Online Advertising Network
ကန့်သတ်ချက်များလိုက်နာပါက မြောက်ပိုင်းတပ်များနှင့်ဆွေးနွေးမည်ဟု စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်မှတဆင့်အဆိုပြု - Myanmar Now

ကန့်သတ်ချက်များလိုက်နာပါက မြောက်ပိုင်းတပ်များနှင့်ဆွေးနွေးမည်ဟု စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်မှတဆင့်အဆိုပြု – Myanmar Now


၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် မြောက်ပိုင်းမဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးရန်အသင့်ရှိကြောင်း စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်နှင့် ယနေ့တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်သည်။

သို့သော် ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြိုတင်ကန့်သတ်ချက်တစ်ခုကို စစ်ကောင်စီဘက်က ကိုင်ဆွဲထားသည်ဟု စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းအချက်မှာ ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက် မြောက်ပိုင်းမဟာမိတ်များဘက်က အရင်ပြသရမည်ဟုဆိုသည်။

စစ်တပ်ဘက်ကတောင်းဆိုသည့် အဆိုပါကန့်သတ်ချက်တွင် မည်သည့်တောင်းဆိုချက်များ ပါဝင်သည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

ဖြစ်နိုင်သည်က မြောက်ပိုင်းအဖွဲ့များက သိမ်းပိုက်ထားသည့် မြို့ရွာများ၊ တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် စစ်စခန်းများကို စစ်ကောင်စီလက်ထဲ ပြန်လည်လွှဲပြောင်းပေးရေးကဲ့သို့သော အချက်များပါဝင်နိုင်သည်။ စစ်ခေါင်းဆောင်သည် တိုင်းရင်းသားလက်နက်ကိုင်များ သိမ်းပိုက်ထားသည့် နယ်စပ်ဂိတ်များကို ဆက်လက်ပိတ်ဆို့ပေးရန် အဆိုပါခရီးစဉ်အတွင်း တရုတ်အစိုးရကိုတောင်းဆိုထားသည်။

စစ်ခေါင်းဆောင်သည် မဲခေါင်ထိပ်သီးအစည်းအဝေးတက်ရန် တရုတ်နိုင်ငံကူမင်းမြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး တရုတ်ဝန်ကြီးချုပ်လီချန်းတို့သည် ယနေ့တွင်သီးသန့်တွေ့ဆုံပွဲကို စစ်ကောင်စီကယနေ့ည မြန်မာစံတော်ချိန် ၈ နာရီသတင်းတွင် ထည့်သွင်းကြေညာခဲ့ခြင်းဖြစ်သည်။

ထို့တွေ့ဆုံပွဲအတွင်း စစ်ခေါင်းဆောင်က မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သော ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့၏ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး တစ်နှစ်အတွင်း စစ်ကောင်စီသည် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင် ရှမ်းမြောက်၊ ရခိုင်၊ ချင်းနှင့် မန္တလေးမှ မြို့ပေါင်း ၃၈ မြို့အထိ လက်လွှတ်ခဲ့ရသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီး နှစ်လကျော်အကြာ ယခုနှစ်ဇန်နဝါရီလအတွင်း တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် မြောက်ပိုင်းမဟာမိတ်များနှင့်စစ်ကောင်စီအကြား ဟိုင်ဂင်အပစ်ရပ် သဘောတူစာချုပ် လက်မှတ်ထိုးနိုင်ခဲ့သော်လည်း ထိုသဘောတူညီချက်ကို မြောက်ပိုင်းမဟာမိတ်တို့က ဖျက်ဆီးခဲ့သည်ဟု စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်ကို ပြောဆိုခဲ့သည်။

မြောက်ပိုင်းမဟာမိတ်တို့ကလည်း ဟိုင်ဂင်အပစ်ရပ် သဘောတူစာချုပ်သည် စစ်ကောင်စီကြောင့် ပျက်ခဲ့ရခြင်းဖြစ်ကြောင်း တန်ပြန်စွပ်စွဲထားသည်။

ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု စစ်ခေါင်းဆောင်ကဆိုသော်လည်း မြောက်ပိုင်းအဖွဲ့များကို “လက်နက်ကိုင် အကြမ်းဖက်သမားများ” ဟုရည်ညွှန်းပြောဆိုခဲ့သည်။







Source link

Leave a Reply

Your email address will not be published. Required fields are marked *