စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ တစ်လကျော် ကာလအတွင်း ဒေသခံ ၁၀၀ ကျော်ဟာ စစ်ကောင်စီလက်အောက် ဖမ်းဆီးခံထားရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဆီက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်ကနေ အခုလ နို၀င်ဘာ ၅ ရက်နေ့အတွင်း ဖမ်းဆီးခံရသူ ၁၂၂ ယောက်ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
“မနေ့က ထပ် ဖမ်းဆီးခံရတာနဲ့ ဆိုတော့ ၁၂၀ ကျော်လာတာ။ နောက်ဆက်တွဲ သတင်းတွေတော့ ဘာမှမကြားရသေးဘူးဗျ” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ဒေသခံတွေကို ဖမ်းဆီးပြီးနောက် မြို့ပေါ်က တင့်ကားတပ်ရင်း တကရ – ၆၀၀၆ တပ်ကို ခေါ်သွားတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
လက်ရှိ အချက်အလက်တွေအရ အိုင်ပေါင်းချောင်ကျေးရွာက ၃၇ ယောက်၊ ဝက်တိုးကျေးရွာက ငါးယောက်၊ ဘူးကြီးကျေးရွာက ၅၀ ယောက်နဲ့ ကျည်ကုန်းရွာက ၃၀ ယောက်၊ စုစုပေါင်း ၁၂၂ ယောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မနေ့က နို၀င်ဘာ ၅ ရက်နေ့မွန်းလွဲ ၃ နာရီ ၅၀ မိနစ်မှာ ဇီးကုန်းမြို့၊ လက်ဆည်ရပ်ကွက်ကို စစ်ကောင်စီလက်အောက်ခံ တပ်သားတွေက မီးရှို့ဖျက်ဆီးတဲ့အပြင် ဒေသခံတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အသေးစိတ်ကိုတော့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆက်လက် စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာ စစ်ကောင်စီဟာ စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ကြောင်းထိုးခဲ့ပြီး စစ်ကြောင်းတွေဟာ မလယ်ရွာ အထိုင်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း၊ ကာဘိုး အထိုင်စခန်းကနေ ထွက်လာပြီး ဇီးကုန်းမြို့၊ လက်ဆည်ရပ်ကွက် ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲနေတဲ့ စစ်ကြောင်းနဲ့ ကန့်ဘလူမြို့ပေါ်က တင့်ကားတပ်ရင်း တကရ – ၆၀၀၆ ကနေ ထွက်လာပြီး နတ်အင်းရွာကို ရောက်ရှိနေတဲ့ စစ်ကြောင်းတွေ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒီကနေ့ နို၀င်ဘာ ၆ ရက်နေ့မှာလည်း ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်း လှည့်၀င်ရောက်နေတယ်လို့ ကနဦးသိရှိရပါတယ်။
ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ ၃၀ ရက်နေ့ကနေ နိုဝင်ဘာ ၄ ရက်နေ့အထိ ခြောက်ရက်အတွင်း ကျီစု၊ ကျောက်တိုင်နဲ့ ဝက်တိုးရွာတွေက အရပ်သားတွေရဲ့ နေအိမ် ၈၀၀ နီးပါး မီးရှို့ခံရတယ်လို့လည်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိမှာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း သုံးသောင်းခန့် (၂၇,၆၃၁ ယောက် ) ရှိပြီး အဲဒီထဲက နှစ်သောင်းကျော် (၂၁,၀၈၁ ယောက် ) ဟာ ထိန်းသိမ်းခံနေရဆဲ ဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအနက် ကိုးထောင်ကျော် (၉,၄၈၈ ယောက်) မှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်