ylliX - Online Advertising Network
သဘောတူထားသည့် စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရန် စစ်ခေါင်းဆောင်ကို တရုတ် တိုက်တွန်း - Myanmar Now

သဘောတူထားသည့် စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော်ရန် စစ်ခေါင်းဆောင်ကို တရုတ် တိုက်တွန်း – Myanmar Now


တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  နှစ်နိုင်ငံ သဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် ရန် တရုတ်ဘက်မှ တိုက်တွန်းခဲ့သည်။ 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ ဝင်လည်း ဖြစ်သလို ယူနန်ပြည်နယ်ပါတီ ကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည့်  Mr. Wang Ning က ယမန်နေ့ (နိုဝင်ဘာ ၅) ညနေ ကူမင်းမြို့ Haigeng Hotel တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

ထို့ပြင် နှစ်နိုင်ငံကြား နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန်နှင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးများကိုလည်း အတူတကွပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေး ခဲ့သည်ဟု စစ်ကောင်စီ ထိန်းချုပ်သော နိုင်ငံပိုင်သတင်းဌာန MTRV တွင် ယနေ့ ဖော်ပြသည်။ 

စစ်ခေါင်းဆောင်က စီးပွားရေး အကောင်အထည်ဖော်နိုင်ရန် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းအရှိန်မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နယ်စပ်ဒေသတည်ငြိမ်မှသာ သွင်းကုန်၊ ပို့ကုန် ကဏ္ဍကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု သိရသည်။ 

ဆက်လက်၍ တရုတ်အနေဖြင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေး၊ သစ်တောထွက်သယံဇာတများ ကို အခြေခံသည့် စက်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ 

ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့်အခြားသောကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင် ငံဘက်မှအသင့်ရှိသည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။ 

စစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ယမန်နေ့နံနက်က ရောက်ရှိခဲ့ပြီး ယခုခရီးစဉ်သည် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်၏ ပထမဆုံးသော တရုတ်နိုင်ငံခရီးစဉ်ဖြစ်သည်။ 

နိုဝင်ဘာ ၆ ရက်နေ့ နှင့် ၇ ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ ကျင်းပမည့် ၈ ကြိမ်မြောက် မဟာ မဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ ၁၀ ကြိမ်မြောက် ဧရာ၀တီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး နှင့် ၁၁ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို -မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးများကို ၎င်းက တက်ရောက်မည် ဖြစ်သည်။  

နိုဝင်ဘာ ၅ ညနေ ကူမင်းမြို့ Haigeng Hotel တွင် တွေ့ဆုံကြစဉ်။ (ဓာတ်ပုံ-MOI)

၎င်းနှင့်အတူ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီးညိုစော အပါ အဝင် စစ်ဖက်နှင့် ဝန်ကြီးဌာနဆိုင်ရာမှ အကြီးတန်းအရာရှိများလည်း လိုက်ပါသွားသည်။ 

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်သည် တရုတ်-မြန်မာဆက်ဆံရေးကြားကို အဖုအထစ် ပိုဖြစ်လာ မည်ကို စိုးရိမ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က ပြောသည်။ 

” ဒီလိုမျိုးဖိတ်ကြားမှု၊ ဒီခရီးစဉ်ဟာ တရုတ်နဲ့ မြန်မာပြည်သူလူထုကြား၊ တရုတ်-မြန်မာဆက်ဆံရေးကို အထောက်အကူ ဖြစ်ဖို့ထက် အဖုအထစ်ဖြစ်သွားနိုင်တဲ့ စစ်ကောင်စီကိုပဲ မျက်နှာမူတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေတာကို စိုးရိမ်မှုရှိတယ် ” ဟု  ဆိုသည်။ 

ယမန်နေ့ကပြုလုပ်သော NUG နှင့် မိတ်ဖက် လက်နက်ကိုင် ၃ ဖွဲ့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။



စစ်ခေါင်းဆောင်၏ ယခုတရုတ်ခရီးစဉ်မတိုင်မီတွင် ဗိုလ်ချုပ်ခင်ညွှန့်၏ စစ်ထောက်လှမ်းရေးတပ်မှ ထိပ်တန်းဗိုလ်ချုပ်ဟောင်းများဖြစ်ကြသည့်  ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်း ဦးလှမင်းတို့သည် တရုတ်နိုင်ငံသို့ရောက်ရှိနေပြီး  တရုတ်အစိုးရ၏ မူဝါဒအကြံပေး အဖွဲ့များနှင့် တွေ့ဆုံနေသည်။

ဒီမိုကရေစီလိုလားသည့် နိုင်ငံရေးအကျဉ်းသားများကို ရက်ရက်စက်စက်နှိမ်နှင်းမှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် MI (ခေါ်) စစ်ထောက်လှမ်းရေးတပ်မှ အရာရှိဟောင်းများသည် Paragon Institute အမည်ဖြင့် တရုတ်နိုင်ငံ ပေကျင်းအခြေစိုက်  Think-Tank ဟုခေါ်သည့် သုတေသနနှင့် မူဝါဒရေးရာ အကြံပေးများနှင့် လိုက်လံတွေ့ဆုံနေခြင်းဖြစ်သည်။

ထိုခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် သြဂုတ်လလယ်တွင် နေပြည်တော်သို့  ရောက်လာခဲ့ပြီး စစ်ခေါင်းဆောင် နှင့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေတို့ကို တွေ့ဆုံခဲ့သေးသည်။ 

တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်း (BRI) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော တရုတ်-မြန်မာစီးပွားရေး စင်္ကြံ (CMEC)စီမံကိန်းများသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း နှောင့်နှေးသွားခဲ့သည်၊ ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများပြင်းထန်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးတွင်မူ ထိုစီမံကိန်းများ အကောင်အထည်ဖော်ရန် ခက်ခဲသွားသည်။  

CMEC စီမံကိန်းများသည် တရုတ်၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် နိုင်ငံတကာ ကုန်သွယ်မှု ပင်လယ်ထွက်ပေါက် ရရှိစေမည်ဖြစ်ပြီး ထိုစီမံကိန်းများထဲတွင် ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ၊ ရေနက်ဆိပ်ကမ်းတို့နှင့် ချိတ်ဆက်မည့် ယူနန်-မြန်မာ နယ်စပ်ရှိ မူဆယ်မြို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူ မီးရထားလမ်းစီမံကိန်း နှင့် နယ်စပ်စီးပွားရေးဇုန်းစီမံကိန်းများ ပါဝင်နေ သည်။  

ထိုစီမံကိန်းများ အကောင်အထည်ဖော်ရမည့် လမ်းပိုင်းတစ်လျှောက်နယ်မြေများ နှင့်  တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းအများစုကို စစ်ကောင်စီက ၁၀၂၇ စစ်ဆင်ရေးတွင် လက်လွှတ်ထားရပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ထိန်းချုပ်ထားလျက်ရှိသည်။  

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) သည် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သော အယ်လ်ဖာဘိလပ်မြေ စက်ရုံရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး စက်ရုံတွင် တပ်စွဲထားသည်။

ထို့ပြင် မန္တလေးတိုင်း သပိတ်ကျင်းနှင့် စစ်ကိုင်းတိုင်း ထီးချိုင့်တွင် အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီမံကိန်းတစ်ခုဖြစ်သည့် တကောင်းနီကယ်စက်ရုံကိုလည်း NUG လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်များက ဇူလိုင်လကုန်တွင် တိုက်ခိုက်သိမ်းပိုက်ထားသေး သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *