သွင်းကုန်/ပို့ကုန်ကဏ္ဍ ပိုမိုဆောင်ရွက်နိုင်ရန် အဓိကလိုအပ်သည့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်မှုကို မြန်မာနှင့် ယူနန်ပြည်နယ်အကြား ပိုမိုမြှင့်တင်ရန် SAC ဥက္ကဋ္ဌ ပြောကြား
၅. ၁၁. ၂၀၂၄
Written by Nyein Kyaw
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီ အတွင်းရေးမှူး H. E. Mr. Wang Ning တို့ ယနေ့ ညနေပိုင်းတွင် ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းကဲ့သို့ တွေ့ဆုံစဉ် H. E. Mr. Wang Ning က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား သံတမန်ရေးအရ၊ စီးပွားရေးအရ ကူးလူးဆက်ဆံဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ပြီး နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်မှုများကို အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံသဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် SAC ဥက္ကဋ္ဌက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် သံတမန်ဆက်ဆံမှု၇၅ နှစ် စိန်ရတုကာလကို မကြာမီရောက်ရှိတော့မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား နက်ရှိုင်းသည့် ဆက်ဆံရေးကောင်းများရှိကာ အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြကြောင်း၊ နှစ်နိုင်ငံအကြား ခွဲခြား၍မရသည့် ဆက်ဆံရေးကောင်းကို ပိုင်ဆိုင်ထားပြီးဖြစ်သကဲ့သို့ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံသည်လည်း ခွဲခြား၍မရနိုင်ဘဲ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်လျက်ရှိမှုတို့ကို ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်သွားရန်လိုအပ်မှု၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် သွင်းကုန်/ပို့ကုန်ကဏ္ဍကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေးအရ ကူးလူးဆက်သွယ်မှုကို ပိုမိုအကောင်အထည်ဖော်နိုင်မှာဖြစ်သည့်အတွက် နှစ်နိုင်ငံအကြားနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်းပြီး အရှိန်မြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်မှုတို့ကို SAC ဥက္ကဋ္ဌက ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ ကမ္ဘာတစ်ဝှမ်း တိုးတက်လာသည့် လူဦးရေနှင့်အတူ ကြုံတွေ့လာရသည့် စားရေရိက္ခာလိုအပ်ချက်ကို မြန်မာနိုင်ငံအနေဖြင့် ဖြည့်ဆည်းပေးနိုင်မည့် အရင်းအမြစ်ကောင်းများစွာ ပိုင်ဆိုင်ထားသည့်အတွက် စိုက်ပျိုးမွေး
မြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတွင် ပူးပေါင်းဆောင်ရွက်နိုင်မှု စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောထွက်သယံဇာတများကို အခြေခံသည့် စက်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လိုမှု၊ ထို့ပြင် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုတို့အပါအဝင် အခြားသောကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားရန် မြန်မာနိုင်ငံဘက်မှ အသင့်ရှိသည့်အခြေအနေများနှင့် နှစ်ဖက်ကူးလူးဆက်ဆံသွားလာရေးတွင် လုံခြုံချောမွေ့ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်ပြီး SAC ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ လူသားအရင်းအမြစ် လေ့ကျင့်မွေးထုတ်ရေးတို့နှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။