တရုတ်နိုင်ငံတွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးများတက်ရောက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၅ ရက်နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)၏ အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
နစက ဥက္ကဋ္ဌနှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စု ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒု-ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြသည်။
ခရီးစဉ်အတွင်း၌ နစက ဥက္ကဋ္ဌသည် ထိပ်သီးအစည်းအဝေးများတက်ရောက်ခြင်း၊ တရုတ်နိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများ နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်နိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများကို လေ့လာခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။
ထို့အပြင် တရုတ်နိုင်ငံအစိုးရ၏ ဖိတ် ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်သွားမည်ဖြစ်သည်။
အလားတူ နစက ဥက္ကဋ္ဌနှင့် လိုက်ပါခဲ့သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒု-ဝန်ကြီးများနှင့်တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာတွေ့ဆုံဆွေး နွေးခြင်းများပြုလုပ်သွားမည်ဖြစ်၍ နှစ်နိုင်ငံ အစိုးရနှင့်ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ခိုင်မာအောင်ဆွေးနွေး ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။