ylliX - Online Advertising Network
တော်လှန်ရေးပူးပေါင်းတပ်က  အင်းတော်မြို့ကိုသိမ်းရန်ထိုးစစ်ဆင်နေ - Myanmar Now

တော်လှန်ရေးပူးပေါင်းတပ်က  အင်းတော်မြို့ကိုသိမ်းရန်ထိုးစစ်ဆင်နေ – Myanmar Now


ကချင်ပြည်နယ်နှင့်နယ်စပ် စစ်ကိုင်းတိုင်း အင်းတော်မြို့ကိုသိမ်းပိုက်နိုင်ရေးအတွက် မြို့တွင်းမှ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ပေါင်းစုက  တိုက်ခိုက်နေရာ တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများထံက သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ  NUG  ၏ PDF၊ ကချင်တပ် KIA နှင့် ကျောင်းသားတပ် ABSDF တို့ ပူးပေါင်းပြီး သြဂုတ်လလယ်မှစတင်ခဲ့သည့် ထိုးစစ်အတွင်း မြို့၏ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအချို့အပါအဝင် မြို့တွင်းရှိ နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့သည်။

အောက်တိုဘာလတွင် နှစ်ဘက်တပ်များ တပ်ဆိုင်ထားသည့် အခြေအနေဖြင့် တိုက်ပွဲများငြိမ်သက်နေခဲ့ရာမှ နိုဝင်ဘာ ၁ ရက်နေ့တွင် မြို့တွင်းရှိ  လက်ကျန် စခန်းကုန်းကို တော်လှန်ရေးတပ်များက တကျော့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

လက်ရှိအချိန်တွင် ဂျပန်လှိုင်ဂူကုန်းစခန်းဟု လူသိများသည့်၊ မြို့၏ အမြင့်ဆုံးနေရာတွင် တည်ဆောက်ထားသည့် စစ်စခန်းကို အပြင်းအထန်ထိုးစစ်ဆင်နေသည်ဟု တော်လှန်ရေးတပ်များနှင့်နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဝိုင်းဝန်း ပိတ်ဆို့ထားတာလည်းရှိတယ်၊ ထိုးစစ်ကလည်း အရဆိုပြီးတော့ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတာပေါ့နော်၊ အဲဒီအတွက် ကိုယ့်ဘက်ကလည်း ပေးဆပ်ရတာတွေရှိတယ်၊ အထိအခိုက်တွေ အကျအဆုံးတွေရှိတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ခုခံနေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

တိုက်ပွဲများသည် ယနေ့ နံနက် အစောပိုင်းမှစကာ ပြင်းထန်ခဲ့ပြီး နံနက် ၁၀ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးသို့ လေတပ်က ဗုံးနှစ်ကြိမ်ကြဲချခဲ့သည်ဟု သိရသည်။

အဆိုပါ စခန်းကုန်းတွင် စစ်ကောင်စီတပ်အပြင် စစ်ကောင်စီ၏ဒေသတွင်းမဟာမိတ် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) လည်း ရှိနေပြီး စုစုပေါင်း အင်အား ၂၀၀ ကျော်ဖြင့် ခုခံနေသည်ဟု သိရသည်။

စစ်ကောင်စီတပ် မြေပြင်စစ်ကူ ရနိုင်ခြင်းမရှိဟု သိရသည်။

အင်းတော်မြို့ပေါ်ရှိ အဆိုပါ စခန်းကုန်းမှလွဲပြီး မြို့အနီးပတ်ဝန်းကျင်တွင် တော်လှန်ရေးတပ်များကသာ စိုးမိုးထားကြောင်း၊ အခြားဒေသများမှ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများကိုလည်း ဖြတ်တောက်ထားကြောင်း အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

“ကသာမှာလည်း (စစ်ကောင်စီ)သူတို့ခံစစ်ပြင်နေရပြီ၊ ကသာနဲ့ အင်းတော်ကြား ၁၈ မိုင်ပဲဝေးတဲ့ ကြားထဲမှာလည်း တော်လှန်ရေးတပ်တွေချည်းပဲဆိုတော့ ကသာဘက်ကလည်း စစ်ကူပို့ဖို့ခက်တယ်၊ ဗန်းမောက်ဘက်ကလည်း မလာနိုင်လောက်ဘူး။ ကချင်ပြည်နယ်တို့ အောက်ဘက်ကတို့ဆိုရင် ပိုဆိုးတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)  ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ကျော်လင်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ၎င်းတို့တပ်များ ပါဝင်တိုက်ခိုက်နေကြောင်းနှင့် တိုက်ပွဲအသေးစိတ်ကိုတော့ မသိရသေးကြောင်း ပြောသည်။

တိုက်ပွဲများကြောင့် ဩဂုတ် ၁၅ ရက်မှစတင်ပြီးအင်းတော်မြို့ပေါ်မှ ဒေသခံများအပြင် မြို့အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ ၂၀,၀၀၀ ကျော်မှာ နီးစပ်ရာ ကျေးရွာများနှင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။



အင်းတော်မြို့သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီး၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်တွင် တည်ရှိပြီး ကချင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် အဓိက ဝင်ပေါက်မြို့ဖြစ်သည်။

အင်းတော်မြို့မြောက်ဘက် မိုင် ၅၀ ကျော်အကွာတွင်ရှိသည့် မော်လူးမြို့ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီးဖြစ်သည်။

ပြည်နယ်များတွင် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်တို့က မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသလို စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေပြည်အေး၊ ခမ်းပတ်၊ မော်လူး၊ ပင်လည်ဘူးနှင့် မြို့သစ်မြို့၊ မန္တလေးတိုင်းအတွင်းမှ စဉ့်ကူး၊ တကောင်းနှင့် သပိတ်ကျဉ်းမြို့တို့ကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထားသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *