ylliX - Online Advertising Network
ကန့်ဘလူမြို့မှ တပ်သားသစ်မပေးနိုင်သည့်ရွာများ မီးရှို့ခံနေရ - Myanmar Now

ကန့်ဘလူမြို့မှ တပ်သားသစ်မပေးနိုင်သည့်ရွာများ မီးရှို့ခံနေရ – Myanmar Now


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးတပ်အတွက် တပ်ဖွဲ့ဝင်သစ် မပေးသည့်ရွာများ မီးရှို့ခံနေရသည်ဟု သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီတပ်က  အောက်တိုဘာ ၃၀ ရက်နေ့တွင်စတင်ပြီး ဝင်ရောက်စီးနင်းကာ အရွယ်ရောက်ပြီးအမျိုးသားများကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ဆိုသည်။

လတ်တလောတွင်  အရပ်သား ၁၃၀ ကျော်ကို ဖမ်းဆီးထားရပြီး ဖမ်းဆီးခံရသူအများစုသည် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသားများဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

စစ်သားများ၊ ပျူစောထီး ခေါ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၂၀၀ ခန့်ပါသည့် စစ်ကြောင်းသည် ကျီစု ကျောက်တိုင်၊ ဝက်တိုးတောင်၊ ဝက်တိုးမြောက်၊  ညောင်ပင်ဆိပ်၊ အိုင်ပေါင်းချောင်၊ ဝက်တိုး၊ ဘူးကြီးတောင်၊ ဘူးကြီးမြောက်နှင့် ကျီကုန်းခံ စသည့်ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း နယ်ခံအမျိုးသားတစ်ဦးက ပြောသည်။ 

စစ်တပ်သည် ကျေးရွာများသို့ဝင်ရောက်ချိန်တွင် ၎င်းတို့အတွက်တပ်သားသစ်များကို ရွာခံများထံ တောင်းခံခဲ့ကြောင်း၊ ရွာလုံးကျွတ်ထွက်ပြေးသဖြင့် တပ်သားသစ်ရှာမရသည့်  ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း အထက်ပါ အမျိုးသားက ပြောသည်။ 

“အခုက ရွာထဲမှာ လူမတွေ့ရင် ရွာကို မီးရှို့မယ်။ လူတွေ့ရင် ပျူ၊ စစ်သားအဖြစ်ဖမ်းမယ်။ ကြိုက်ရာရွေးပေ့ါ”ဟု ၎င်းက ပြောသည်။ 

“ကျွန်တော်တို့အလှည့် ဘယ်နေ့ကျမလဲ ထိုင်စောင့်နေရတဲ့အခြေနေမျိုး။ ပြေးစရာ၊ ရှောင်စရာလည်း မရှိဘူး။ ကျွန်တော်တို့ တောတောင်ကလည်း မရှိတော့ ဒေသက…”

စစ်တပ်လက်ချက်ဖြင့်  ကျီစု၊ ကျောက်တိုင်၊ ဝက်တိုးတောာင်၊ဝက်တိုးမြောက်၊  ညောင်ပင်ဆိပ် ကျေးရွာများမှ အိမ်ခြေ ၄၀၀ နီးပါးမီးလောင် ပြာကျခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

စစ်တပ်နှင့် ပျူစောထီးတို့သည် အောက်တိုဘာ ၃၀ တွင် ကျီစုနှင့် ကျောက်တိုင်ရွာများကို စတင်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

“ကျီစုရွာကို မနက် ၁၁ ကနေ (နေ့လည်) ၁ နောက်ရီလောက်အထိ ရှို့လိုက်တာ။ ရှို့စရာမကျန်မှ ကျောက်တိုင်ရွာကို ရွှေ့ရှို့တာ။ အခုတော့ နှစ်ရွာပေါင်းမှ အိမ်ခြေတစ်လုံးပဲကျန်တာ”ဟု အထက်ပါ အမျိုးသားက ပြောသည်။

စစ်တပ်သည် ကျီစုရွာကို မီးမတင်ခင် ရွာဦးဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။ (ဓာတ်ပုံ – ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ကျီစုရွာသည် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး ကျောက်တိုင်ရွာမှာ အိမ်ခြေ ၂၀၀ ခန့်ရှိသော ကျေးရွာများဖြစ်သည်။ အဆိုပါကျေးရွာများကို စစ်တပ်က ၂၀၂၂ ခုနှစ်ကလည်း စီးနင်းမီးရှို့ရာ ကျီစုရွာမှာ အိမ်ခြေ ၅၀၀ မီးလောက်ပျက်စီးခဲ့သလို ကျောက်တိုက်ရွာမှာ အိမ်ခြေ ၁၀၀ ခန့် ပျက်စီးသွားခဲ့သည်။ 

ယခုတစ်ကြိမ် စစ်တပ်၏ စီးနင်းမှုအတွင်း ကျီစုရွာရှိ လက်ကျန်အိမ်ခြေ ၂၀၀ ခန့်နှင့် ကျောက်တိုင်ရွာရှိ လက်ကျန် အိမ်ခြေ ၁၀၀ ခန့်တို့မှာ ထပ်မံမီးတင်ခံလိုက်ရရာ နှစ်ရွာလုံး ရွာလုံးကျွတ် မီးလောင်သွားပြီဖြစ်သည်။ 



ထို့နောက် အောက်တိုဘာ ၃၁ တွင်  ကျောက်တိုင်ရွာ မြောက်ဘက်သုံးမိုင်ခန့်ရှိ အိုက်ပေါင်းချောင်ရွာကို ဆက်လက်စီးနင်းခဲ့သည်။ အိုက်ပေါင်းချောင်ရွာစီးနင်းမှုအတွင်းမှာ ရွာမီးတင်မခံရသော်လည်း အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၃ ဦးဖမ်းဆီးခံလိုက်ရသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ၎င်းတို့၏ Facebook စာမျက်နှာတွင် နိုဝင်ဘာ ၄ ရက်နေ့က ရေးသားထားသည်။ 

အလားတူ နိုဝင်ဘာ ၁ တွင် အိမ်ခြေ ၃၅ လုံးရှိသည့် ဝက်တိုးတောင်ရွာနှင့် အိမ်ခြေ ၁၇၀ ခန့်ရှိသည့် ဝက်တိုးမြောက်ရွာကိုလည်း စစ်တပ်နှင့် ပျူစောထီးတို့က   ဒရုန်းဖြင့် ဗုံးသီးကြဲ တိုက်ခိုက်ပြီးနောက် ဆက်လက်စီးနင်းခဲ့သည်။ 

အဆိုပါစီးနင်းမှုအတွင်းမှာ စစ်တပ်နှင့် ပူးပေါင်းအဖွဲ့က ဝက်တိုးတောင်ရွာမှာ ၁၆ အိမ်နှင့် မြောက်ရွာမှ ၆၇ အိမ်    မီးတင်ရှို့ ဖျက်ဆီးခဲ့သည်ဟု နယ်ခံအမျိုးသားက ပြောသည်။   စစ်တပ်ဝင်လာမည့် သတင်းကြောင့် ရွာခံ အများစုမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ရွာမြောက်ဘက်ရှိ ငါးကန်အစောင့်လုပ်သားငါးဦး ဖမ်းဆီးခံလိုက်ရသည်ဟုလည်း ၎င်းကဆိုသည်။

အိုက်ပေါင်းချောင်းရွာမှာ ဖမ်းဆီးခဲ့သူ ၃၇ ဦးနှင့် ငါးကန်အစောင့်လုပ်သားများကို စစ်တပ်က ကန့်ဘလူမြို့အခြေစိုက် တင့်ကားတပ်ရင်း အမှတ် ၆၀၀၆ သို့ ပို့ဆောင်လိုက်သည်ဟု နယ်ခံအမျိုးသားက ပြောသည်။ 

ထို့နောက် စစ်ကောင်စီတပ်သည် ပျူစောထီးအားကောင်သည့် ကာဘိုးရွာသို့ ပြန်လည်အထိုင်ချခဲ့ပြီးနောက် ရွာမြောက်ဘက်ရှိ ဘူးကြီးတောင်ရွာနှင့် မြောက်ရွာ၊ ကျီးကုန်ရွာ၊ ညောင်ပင်ဆိပ်ရွာများကို ဆက်လက်စီးနင်းခဲ့သည်။ 

ဘူးကြီးတောင်ရွာတွင် အိမ်ခြေ ၅၀ ကျော်ရှိပြီး ဘူးကြီး မြောက်ရွာတွင် အိမ်ခြေ ၄၅၀ ခန့်ရှိသည်။ အဆိုပါကျေးရွာများကို စစ်တပ်နှင့် ပူးပေါင်းအဖွဲ့က အောက်တိုဘာ ၄ နံနက်ပိုင်းတွင် စီးနင်းခဲ့သည်။

စစ်တပ်သည် ကျီစုရွာကို မီးမတင်ခင် ရွာဦးဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။ (ဓာတ်ပုံ – ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

အဆိုပါစီးနင်းမှုအတွင်း အိမ်မီးမရှို့သော်လည်း တပ်သားသစ်အဖြစ် လူမပေးလျှင် မီးရှို့မည်ဟု စစ်တပ်က ခြိမ်းခြောက်မှုကြောင့် ရွာသား ၅၀ဖမ်းဆီးခံလိုက်ရသည်ဟု နယ်ခံအမျိုးသားက ပြောသည်။

ထို့နောက် စစ်တပ်သည် အနောက်ဘက်တစ်မိုင်ကျော်ရှိ ကျီးကုန်ရွာကိုလည်း ထပ်မံ နင်း၍ မီးတင်ရှို့မည့်အကြောင်း ဆက်လက်ခြိမ်ခြောက်ခဲ့သဖြင့် ရွာသား ၃၅ ဦးကို တပ်သားသစ်အဖြစ် ဖမ်းဆီးခံခဲ့ရသည်။ 

ကျီးကုန်ရွာမြောက်ဘက် ၂မိုင်ခန့်ရှိ ညောင်ပင်ဆိပ်ရွာကိုလည်း ယမန်နေ့ (အောက်တိုဘာ ၄) ညနေပိုင်းတွင် စီးနင်းခဲ့ပြီး ရွာခံများ မတွေ့သောကြောင့် ယနေ့ နံနက်ပိုင်းမှာ မီးတင်လျက်ရှိသည်ဟု နယ်ခံအမျိုးသားက ပြောသည်။ 

ညောင်ပင်ဆိပ်ရွာမှာ အိမ်ခြေ ၁၀၀ ခန့်ရှိပြီး စစ်တပ်က စိုးမိုးထားဆဲဖြစ်ရာ မီးလောင်ပျက်စီးမှုအခြေနေကို စုံစမ်းနိုင်ခြင်းမရှိသေးပေ။ 

“တိုက်ပွဲတွေ မဖြစ်ဘူး။ အဲဒီနေ့မြေမှာ တိုက်မယ့်လူမရှိပါဘူး။ သူတို့က သာလွန်အင်အားတွေနဲ့ လာတာဆိုတော့ အကုန်လုံးရှောင်နေရတာ”ဟု အထက်ပါ အမျိုးသားက ပြောသည်။ 

စစ်ကြောင်းထိုးမှုနှင့် ပတ်သက်ပြီး စစ်တပ်ကို  ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ ယခင် မီးရှို့မှုများကိုမူ စစ်တပ်က ၎င်းတို့လက်ချက်မဟုတ်ဟု ရံဖန်ရံခါ ငြင်းဆိုတတ်သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *