ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ၊ ဆမ္မဆယ်ကျေးရွာနှင့် အနီးရှိ သကြားစက်ရုံတို့ကို နိုဝင်ဘာ ၁ ရက်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ မီးနေသည်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရှိရသည်။
ယင်းနေ့ နံနက်အစောပိုင်းက နောင်ချိုမြို့တောင်ဘက် ၁၄ မိုင်ခန့်အကွာ မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ ဆမ္မဆယ်ကျေးရွာနှင့် အနီးဝန်းကျင်ကို လေကြောင်းမှ ၃ ကြိမ်လာရောက်၍ ဗုံး ၆ လုံး ကြဲချခဲ့သည်ဟု တအာင်းတပ် (TNLA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးမီးဖွားပြီး သုံးရက်သာရှိသေးသည့် ကလေးမိခင်(မီးနေသည်) တစ်ဦး၊ အသက် ၇၀ အရွယ်အဖိုးအိုနှင့် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးတို့သေဆုံးခဲ့ပြီး သံဃာ ၂ ပါးအပါအဝင် ဒေသခံ ၆ ဦး ဒဏ်ရာရရှိသွားသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။
ယမန်နှစ် နိုဝင်ဘာကတည်းက နောင်ချိုမြို့နယ် ဆမ္မဆယ်၊ အုမ္မသီး၊ အုမ္မခါး ကျေးရွာများအနီး တိုက်ပွဲများပြင်းထန်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခံနေရသည့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်အတွက် ပြင်ဦးလွင်မြို့မှ နောင်ချိုဘက် ဦးတည်လာသည့် စစ်ကောင်စီတပ်ကူများကို အဆိုပါနေရာများအနီး TNLA နှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တို့က ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်တက္ကသိုလ် တည်ရှိသည့် ပြင်ဦးလွင်မြို့ကို ဝင်ရောက်နိုင်သည့် နောင်ချို-ပြင်ဦးလွင်လမ်းပိုင်းကို ယခုနှစ် မေလဆန်းတွင် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပြင်ဦးလွင်- နောင်ချိုလမ်း မိုးကုတ်လမ်းခွဲအနီး ကျေးရွာတချို့တွင် တပ်စွဲကာ ထိန်းချုပ်ထားသည်။
အောက်တိုဘာ၂၇ ရက်ကလည်း နောင်ချိုမြို့နယ် သပြေရပ်ကွက်အား လေတပ်က ဗုံးကြဲခဲ့၍ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ၅၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦး ဒဏ်ရာရကာ နေအိမ် ၃ လုံး ပျက်စီးခဲ့သေးသည်။
အောက်တိုဘာ၂၈ နှင့်၂၉ ရက်တွင်လည်း နောင်ချိုမြို့နယ်ရှိ MDY-PDF ၏ စစ်သုံ့ပန်းများ ထားရှိသည့် နေရာကို နှစ်ရက်ဆက် လေကြောင်းဗုံးကြဲခဲ့၍ စစ်သုံ့ပန်း၁၂ဦးအပါအဝင် ၁၆ ဦးသေဆုံးခဲ့ပြီး ၆၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့သည်။
နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် ထိစပ်နေသည့်နေရာများနှင့်နောင်ချိုမြို့နယ်အတွင်း ပြီးခဲ့သည့် နှစ်ပတ်ကျော်မှစကာ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီကမြေပြင်စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုများပါ လုပ်ဆောင်နေသည်ဟု MDY-PDF သတင်းတာဝန်ခံ ကိုအော်စမွန်က Myanmar Now ကို ပြောထားသည်။
ဆမ္မဆယ်ရွာ အနောက်တောင်ဘက် ၄ မိုင်ခန့်အကွာ ဂန့်ဂေါ်ရွာအနီး စစ်ကောင်စီတပ်နှင့် TNLA,MDY-PDF ပူးပေါင်းတပ်များ အောက်တိုဘာနောက်ဆုံးပတ်အတွင်းက တိုက်ပွဲများဖြစ်ထားသည်။
“အဓိကကတော့ ဂန့်ဂေါ်တိုက်ပွဲရဲ့ နောက်ဆက်တွဲပေါ့လေ။ အဲဒီနေရာမှာတိုက်ပွဲဆက်ဖြစ်တာ။ သူတို့ ဗုံး လာကြဲတဲ့အကြောင်းအရင်းက ကျွန်တော်တို့အဲ့ဒီမှာအခြေပြုတယ်ထင်တာပေါ့။ အဲဒီလိုယူဆလို့ လာကြဲ တာ” ဟု TNLA နှင့်နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီနှင့် MDY-PDF, TNLA တို့သည် နောင်ချိုမြို့နယ်အတွင်းသာမက မန္တလေးတိုင်း မတ္တရာမြို့နယ် နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင်ပါ တိုက်ပွဲများပြင်းထန်နေသည်ဟု ဒေသခံများက ပြောကြသည်။
နိုဝင်ဘာ ၂ ရက်၊ မွန်းတည့် ၁၂နာရီအချိန်ခန့်က ပုသိမ်ကြီးမြို့နယ် Alpha ဘိလပ်မြေစက်ရုံအနီး ရှိသော အောင်သပြေကျေးရွာအား လေကြောင်းမှ ဗုံးကြဲခဲ့ပြီး လူ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အိမ်မွေးတိရစ္ဆာန်အချို့ သေဆုံးခဲ့သည်ဟု အသက် ၆၀ အရွယ်ဒေသခံတစ်ဦးက ပြောသည်။
“ အဘတို့ရွာက ကိုကျော်ဇေယျဆိုတဲ့သူရဲ့ တဲကိုတည့်တည့်ဗုံးချသွားတာ။ သူက ရွာပြင်သရက်ခြံမှာ တောင်သူလုပ်ရင်း နေတာ။ လူက၂ဦး ဒဏ်ရာရတယ်။ နွားတစ်ကောင်သေတယ်။ တစ်ကောင်က ခြေထောက်တွေ ပြတ်ထွက်သွားပြီး မထနိုင်ရှာဘူး”ဟု ဆိုသည်။
စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ထားရသည့် ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွှေတွင်းကိုလည်း ပြီးခဲ့သည့်ရက်များက လေကြောင်းတိုက်ခိုက်မှုများအပြင်းအထန်ပြုလုပ်နေပြီး ထိုနေရာအနီး တိုက်ပွဲ ပြင်းထန်နေသည်ဟု သိရသည်။
ပုသိမ်ကြီးမြို့နယ်ဒေသခံတစ်ဦးက “PDF ကလည်း ရှေ့ကို ဆက်တိုးကြည့်တယ်။ သက္ကယ်ကျင်း (ရွာ) ဘက်အထိပေါ့။ အဲဒီမှာကလည်း စစ်တပ်က အထိုင်ရှိတော့ တိုးမရဘူး။ ဆက်သွားရင်လည်း (မန္တလေး ဘက်) ရွာတွေဘက်ကို ကျွံတော့မှာ ဆိုတော့ စစ်တပ်ကလည်းအဝင်မခံဘူး။ ဖယောင်းတောင် ကိုလည်း သူတို့(စစ်တပ်)ကပြန်တိုးကြည့်တယ် မရဘူး။ ဆိုတော့ လေကြောင်းပစ်ကူတွေပါသုံးပြီး တောက်လျှောက် တိုက်ပွဲပြင်းထန်နေတာပေါ့”ဟု ဆိုသည်။