ylliX - Online Advertising Network
ဖာပွန် တိုက်ခိုက်မှုတွင် စစ်သား ၁၇ ဦး တော်လှန်ရေးတပ်များထံ လက်နက်ချ - Myanmar Now

ဖာပွန် တိုက်ခိုက်မှုတွင် စစ်သား ၁၇ ဦး တော်လှန်ရေးတပ်များထံ လက်နက်ချ – Myanmar Now


ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်အတွင်းရှိ ခေါပုတ်စစ်စခန်းမှ ဆုတ်ခွာသွားသည့်  စစ်ကောင်စီတပ်များကို ကရင်လက်နက်ကိုင်တပ် KNU ဦးဆောင်သည့်  တော်လှန်ရေးတပ်ပေါင်းစုက ယမန်နေ့(နိုဝင်ဘာ၃)တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၄ ဦးသေဆုံး၊ ၁၇ ဦး အရှင်ဖမ်းမိသည်ဟု မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များက ဆိုသည်။ 

စစ်သားများသည် စခန်းကိုစွန့်ခွာပြီးနောက် မြို့တောင်ဘက်ရှိ အခြေချစစ်ဗျူဟာသို့ ဆုတ်ခွာစဉ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းများကဆိုသည်။

သုံ့ပန်းများအနက် တပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီးသုံးဦးလည်းပါဝင်သည်ဟု ယင်းတိုက်ပွဲတွင်ပါဝင်သည့်  ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။

တော်လှန်ရေးတပ်များသည်  ဖာပွန်ရှိစစ်စခန်းများကို လနှင့်ချီကြာပိတ်ဆို့ထားပြီး စခန်းသိမ်းတိုက်ပွဲများ  ဆင်နွှဲနေကြောင်း၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း  ၎င်းတို့တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။

BPLA က ထုတ်ပြန်ခဲ့သည့် သုံ့ပန်း ရရှိမှု   ရုပ်သံမှတ်တမ်းတွင်  ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ကနဦး ကုသပေးနေပုံ ပါဝင်သလို BPLA တပ်ဖွဲ့ဝင်တစ်ဦးကလည်း သုံ့ပန်းများကို သတ်ဖြတ်မည်မဟုတ်ဟု ပြောနေသည်။

မြို့အရှေ့မြောက်ဘက်ရှိ အဆိုပါစစ်စခန်းကို သီတင်းတစ်ပတ်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၃၁ တွင် သိမ်းပိုက်နိုင်ခဲ့သည်၊ ထိုစဉ်ကလည်း အရှင်ဖမ်းမိသူ အရေအတွက် ၆ ဦးရှိသည်ဟု   တော်လှန်ရေးတပ်များဘက်က ထုတ်ပြန်ထားသည်။  

ဖာပွန်တိုက်ပွဲများတွင် KNU တပ်မဟာ ၅၊ BPLA တို့အပြင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၊ Force for Federal Democracy (FFD) အဖွဲ့ဝင်များလည်း ပါဝင်နေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်တို့က  ဆိုသည်။

လက်ရှိတွင် ဖာပွန်မြို့နယ်၌ စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာဌာနချုပ်၊ ခြေလျင်တပ်ရင်း ခလရ (၃၄၀)၊ ခြေမြန်တပ်ရင်း ခမရ (၃၄၁) အပါအဝင် စစ်စခန်း ၁၁ ခု ကျန်ရှိနေသည်။ 

ကျန်ရှိသည့် စစ်စခန်းများကို ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း ဖာပွန်စစ်မြေပြင်တွင် တိုက်ခိုက်နေသည့် အမည်မဖော်လိုသော တပ်ဖွဲ့တချို့က ပြောသည်။

တိုက်ပွဲနှင့် ပတ်သက်ပြီး စစ်တပ်ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်၏ သတင်းစာမျက်နှာတွင်လည်း ဖာပွန်တိုက်ပွဲသတင်းနှင့်ပတ်သက်၍ ဖော်ပြမှုမတွေ့ရသေးပေ။

BPLA သည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလတွင် စတင်ထူထောင်သည့် လက်နက်ကိုင်တပ်ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့ဖော်ဆောင်သော နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသည်။၎င်းတို့အနေဖြင့် နိုင်ငံအလယ်ပိုင်းတွင်အခြေချကာ စစ်ရေးလှုပ်ရှားမည်ဟု အဖွဲ့ခေါင်းဆောင် မောင်ဆောင်းခက အောက်တိုဘာလကုန်ပိုင်းတွင် ကြေညာထားသည်။







Source link

Leave a Reply

Your email address will not be published. Required fields are marked *