ထိုင်းအစိုးရက ဖမ်းပြီးပြန်ပို့သူများကို စစ်ကောင်စီက တပ်သားသစ်အဖြစ် အတင်းအကျပ်စစ်မှုထမ်းခိုင်းခဲ့သည်။ မြိတ်မြို့မှ ပုလောမြို့နယ်သို့ ပင်လယ်ပြင်ခရီးမှာ ကိုဖြိုးအပါအဝင် လူငယ် နှစ်ဒါဇင်ကျော်အတွက် လွတ်မြောက်ရေးခရီး ဖြစ်လာလေသည်။ အချင်းချင်း တိုးတိတ်စွာ ညှိနှိုင်းကြပြီးနောက် စစ်ကောင်စီတပ်သားနှစ်ဦးထံမှ ရိုင်ဖယ် သေနတ်ကို လုမည်၊ သူတို့ကို မသတ်ဘဲ ရေထဲခုန်ချခိုင်းကာ လှေကိုအပိုင်စီးကြမည်ဟု ဆုံးဖြတ်လိုက်ကြကြောင်း ကိုဖြိုးက ပြန်ပြောပြသည်။ “အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်တယ်ပေါ့။ ကျွန်တော်တို့ သေနတ်ကို မပစ်ဘူးဗျ။ လုပဲလုတာ။ ထလာတဲ့သူကို ကျွန်တော်တို့ ဝိုင်းထုတယ်ပေါ့။ သေနတ်ဒင်နဲ့သုံးတယ်ဗျ။ ဝိုင်းထုတော့ (အသက်ကြီးတဲ့စစ်သား) အဘိုးကြီးက ပြန်ခုခံတယ်ဗျ။ သူက သေနတ်ကို ပြန်လုတော့ သေနတ်က သူ့လက်ထဲရောက်သွားတယ်” ဟု ကိုဖြိုးက ပြောသည်။ ထိုအခါတွင် သေနတ်ကျည်ထွက်သွားပြီး လူငယ်တစ်ဦးကို ထိသွားသည်။ ယင်းနောက် ကျန်လူငယ်များသည် စစ်ကောင်စီတပ်သားနှစ်ဦးကို လှေပေါ်တွင် ရှိနှင့်ပြီးဖြစ်သော ဓား၊ ပုဆိန် စသည့် လက်နက်အချို့နှင့် ဝိုင်းဝန်း ထိုးခုတ်ကြသည်။ ထိုအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရသည့် နိုင်ငံတောင်ပိုင်းမှ လူငယ်တစ်ဦးက သူထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ပုံ၊ ထိုင်းအစိုးရကဖမ်းပြီးစစ်ကောင်စီထံပြန်အပ်ခဲ့ပုံ၊ စစ်ကောင်စီကစစ်သားအဖြစ် စာရင်းသွင်းခဲ့ပုံနှင့် စစ်သားသစ်ဖြစ်လာပြီးနောက် အစောင့်စစ်သားများကိုသတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်လာပုံများ ပြန်လည်ပြောပြထားသည်။ မေးမြန်း – စောရယ်