ylliX - Online Advertising Network
စစ်ဆေးခံနေရသည့် MFTB ဦးဆောင်ညွှန်ကြားရေးမှူး အလုပ်ထုတ်ခံရ - Myanmar Now

စစ်ဆေးခံနေရသည့် MFTB ဦးဆောင်ညွှန်ကြားရေးမှူး အလုပ်ထုတ်ခံရ – Myanmar Now


ပို့ကုန်ချေးငွေများနှင့် အလွဲသုံးစားလုပ်သည်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း  အောက်တိုဘာထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။

နိုင်ငံခြားသုံးငွေနှင့် နိုင်ငံတကာငွေပေးချေမှုများအတွက် အခရာအကျဆုံး နိုင်ငံပိုင်ဘဏ်ကြီးဖြစ်သည့် MFTB ဦးဆောင်ညွှန်ကြားရေးမှူး၊ သူ၏ ကိုယ်ရေးအရာရှိ ဒေါ်မြတ်ဆု၊ ဒုတိယအထွေထွေ မန်နေဂျာ ဦးအောင်ကိုဦး၊ လက်ထောက်မန်နေဂျာ ဒေါ်အေးအေးခိုင်တို့ကို ယခုနှစ် ဇူလိုင်တွင် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်ဆေးခံရသည့် ဝန်ထမ်းအချို့ပြန်လည်လွတ်မြောက်လာသော်လည်း ဒေါ်ကေသီကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်သည့်အပြင် တရားစွဲဆိုထားမှုလည်းရှိရာ စီရင်ချက်ချမှတ်ထားပြီး ဖြစ်နိုင်ကြောင်း MFTB ဘဏ်နှင့်နီးစပ်သူတစ်ဦးက Myanmar Now ကိုပြောသည်။

ဒေါ်ကေသီကို တရားစွဲဆိုမှုများနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

စစ်ကောင်စီက ဒေါ်ကေသီကို ဖမ်းဆီးစစ်ဆေးနေချိန် MFTB ဘဏ်လုပ်ငန်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမော်က ကိုင်တွယ်ခဲ့သည်။

အောက်တိုဘာလ ၂ ရက်နေ့တွင် ဒေါ်ဝင်းဝင်းမော်ကို MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွှေ့ခန့်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဒေါ်ကေသီ။

လစ်လပ်သွားသည့် MICB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနေရာသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်း ရောက်လာသည်။

စစ်ကောင်စီသည် ထိုဘဏ်ထံမှာ ချေးငွေယူသည့်ကုမ္ပဏီများကို ဇူလိုင်လအတွင်း စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးနေစဉ် ကုမ္ပဏီ၉၇ ခုနှင့် ဒါရိုက်တာတို့၏ ပိုင်ဆိုင်မှုများကို မလွှဲပြောင်းနိုင်ရန် ပိတ်ပင်ထားကြောင်း သိရသည်။

အာဏာမသိမ်းမီက ပို့ကုန်လုပ်ငန်းများကို အားပေးရန် MFTB ဘဏ်က ပို့ကုန်ချေးငွေများထုတ်ချေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်ဆပ်ရန်ကြန့်ကြာနေကြောင်း၊ စစ်ကောင်စီက ဒေါ်လာလိုလာချိန် ယိုပေါက်များစိစစ်ရာမှ အလွဲသုံးစားမှုများပေါက်ပေါက်ကာ အရေးယူခြင်းဖြစ်ကြောင်း ထိုဘဏ်နှင့် နီးစပ်သူက ပြောသည်။

ဒေါ်ကေသီသည် ၂၀၁၈ ဇွန်လလယ်ပိုင်းက ထိုဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်လာသည်ဟု MFTB ဘဏ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ဦးဆောင်ညွှန်ကြားရေးမှူးသည် အဖွဲ့ဝင် ၉ ဦးပါ ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

MFTB ဘဏ်သည်   စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်ဘဏ် ၄ ခုအနက် တစ်ခုဖြစ်သည်။ အခြား ဘဏ် ၃ ခုမှာ MICB ဘဏ်၊ မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ဖြစ်သည်။







Source link

Leave a Reply

Your email address will not be published. Required fields are marked *